ရွန်းမဲလ်၏ထိုးစစ်

ရက်သတ္တပတ်ခုနှစ်ပတ် အတွင်း တင့်ကာအများအပြား ပျက်စီးဆုံးရှုံးခဲ့သဖြင့် ၁၉၄၂ ဇန်နဝါရီ၁၁ အထိ ပန်ဇာတပ်များ၏အခြေအနေမကောင်းပဲရှိနေသည်။ ထိုအချိန်တွင် ဂျာမန်လေတပ်သည် ရုရှားစစ်မျက်နှာမှ အာဖရိက စစ်မျက်နှာသို့ပြောင်းရွှေ့လာပြီး ဗြိတိသျှလေတပ်ကို ခြိမ်းခြောက်နိုင်ခဲ့သလို မြေပြင်တပ်ဖွဲ့များကိုလည်း အနီးကပ် အကူအညီ ထိရောက်စွာ ပေးနိုင်ခဲ့သည်။

ဂျာမန်တပ်များ၏ရိက္ခာအခြေအနေမှာလည်း ထူးခြားစွာကောင်းမွန်လာခဲ့သည်။ဒီဇင်ဘာ၁၈ နှင့် ဇန်နဝါရီ၅ရက်များတွင် ရိက္ခာနှင့် လက်နက်ခဲယမ်းများနှစ်သုတ်ခွဲရောက်ရှိလာခဲ့သည်။ပန့်ဇာတင့်ကားတပ်ဖွဲ့ ၄ခုထပ်မံရောက်ရှိလာခဲ့သဖြင့် အာဖရိကတပ်မကြီး၏တိုက်နိုင်စွမ်းအားသည် သိသိသာသာ တိုးတက်လာခဲ့သည်။


ဒုတိယကမ္ဘာစစ် တင့်ကားပြတိုက်

ဗြိတိသျှတပ်များမှာ နယ်ခြားတလျှောက်တွင် ဖြန့်ထားနိုင်သဖြင့် ဆယ်သွယ်ရေးကောင်းမွန်လျက်ရှိသည်။သို့သော် ဘာဒီးယားမှာ ယနေ့တိုင် ဂျာမန်တို့လက်တွင်းသို့ကျရောက်ခြင်းမရှိသဖြင့် ရွန်းမဲလ်သည်ထိုးစစ်အတွက် ဂျာမန်ပို့ဆောင်ရေးအင်အားလုံလောက်ခြင်းရှိ /မရှိကို သံသယဖြစ်နေခဲ့သည်။ တဖက်တွင်မြောက်အာဖရိကစစ်ဌာနချုပ်နှင့် ဂျာမနီထောက်လှမ်းရေးတို့ကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ တပ်များကို လျိုဝှက်စွာ စုစည်းပြင်ဆင်ထားခဲ့သည်။

တင့်ကားများဖြင့် ကင်းထောက်ခြင်းကို ရပ်တန့်စေပြီး တင့်ကားများကို ကုန်ကားများသဖွယ် ရုပ်ဖျက်ထားရှိသည်။ ရှေ့တန်းသို့ နေ့အချိန်တွင် ယာဉ်များသွားလာခြင်းမပြုရန် တာမြစ်ထားသည်။ ရွန်းမဲလ် သည် အာဖရိကတပ်မကြီးမှ တပ်မဟာမှူးများကိုပင် စစ်ဆင်ရေးအစီအစဉ်များ ကြိုတင်အသိမပေးပဲ ဇန်နဝါရီ ၁၉မှသာ နှုတ်မှပြောခြင်းဖြစ်သည်။

ရွန်းမဲလ်သည် ၁၉၄၂ ဇန်နဝါရီ ၂၁တွင် တိုဘရွတ်ခံတပ်ကို ဒုတိယအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ၇ တ္ငင် မဟာမိတ်တပ်များကို တိုဘရွတ်မြို့မှ အနောက်ဘက်နှင့်တောင်ဘက်မိုင် ၂၀အကွာသို့ တိုက်ထုတ်ပစ်နိုင်ခဲ့သည်။တိုဘရွတ်မြို့မှ မဟာမိတ်တပ်ရင်း၈ခုသည် အီတလီ တပ်မ၄ခု နှင့် ဂျာမန်တပ်ရင်း၃ရင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။၄ပတ်ခန့် အသည်းအသန်တိုက်ခိုက်ပြီးသောအခါ ရွန်းမဲလ်၏တပ်များသည် ဇွန် ၂၁ တွင် ခံတပ်ကို စစ်သုံပန်း ၃၃၀၀၀ နှင့်အတူ လက်နက်ခဲယမ်းအမြောက်အများနှင့်အတူသိမ်းပိုက်ရရှိခဲ့သည်။

အလာမိန်းထိုးစစ်

တိုဘရွတ်ကျဆုံပြီးချိန်တွင် ဂျာမန်တပ်များသည် အလာမိန်းသို့ ဦးတည်ခဲ့ကြသည်။ အလာမိန်းဒေသတွင် မဟာမိတ်တပ်များနှင့်ဝင်ရိုးတန်းတပ်များရင်ဆိုင်နေကြသောရှေ့တန်းစစ်မျက်နှာမှာမှာ တောင်မှမြောက်သို့ မိုင်၄၀ခန့် ရှည်လျားသည်။

တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေသော ဂျာမန်တင့်တပ်ဖွဲ့

ရွန်းမဲလ်သည် အလာမိန်းခံစစ်ကြောင်းမှ မဟာမိတ်များဆီသို့ ဖောက်ထွင်းနိုင်ရေး အတွက် ထိုးစစ်တစ်ရပ်ဆင်နွှဲရန်စီစဉ်ခဲ့သည်။ သူ၏နည်းဗျူဟာမှာ ခံစစ်ကြောင်းမြောက်ပိုင်းတွင် တိုက်ဟန်ပြု၍ အလယ်ကြောတွင်တိုက်ပွဲများဖြင့် ထိန်းထားကာ တောင်ပိုင်းမှ အဓိက ထိုးဖောက်တိုက်ခိုက်ရန်ဖြစ်သည်။

အလာမိန်းခံစစ်ကြောင်း၏တောင်ဘက်တစ်လျောက်တွင် နှစ်ဘက်တပ်များ၏အင်အားများမှာ ဆတူခန့်ပင်ရှိသည်။နှစ်ဘက်စလုံးတွင် အမြောက်အလက် ၃၀၀ခန့်စီနှင့် တင့်ကားပစ်အမြောက် ၄၀၀ခန့်ရှိသည်။ ရွန်းမဲလ်ထံတွင် အလတ်စားနှင့် အပေါ့စားတင့်ကား၅၀၀ ခန့်ရှိပြီး မဟာမိတ်များထံတွင် အလတ်စားတင့်ကား ၃၀၀၊ အပေါ့စားတင့်ကား ၈၀ နှင့် သံချပ်ကာကား၂၃၀ အပြင် အရန်တင့်ကား ၁၀၀ ခန့်ရှိသည်။

အမှတ် ၈ တပ်ရင်းမှူးဖြစ်သော ဗိုလ်ချုပ်ကြီး မောင့်ဂိုမာရီ သည် ဂျာမန်တို့၏ထိုးစစ်ကို ကြိုတင်တွက်ဆထားပြီး တောင်ပိုင်းတွင် မိုင်းများပိုမို မျာပြားစွာ မြှုပ်နှံထားခဲ့သည်။ ထို့ကြောင့် ရွန်းမဲလ်၏ထိုးစစ်နှောင့်နှေးခဲ့ပြီး ပန့်ဇာတပ်မမှူးကျဆုံးခဲ့သလို အာဖရိကတပ်မှူးလည်းပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ နောက်ဆုံးတွင် မောင့်ဂိုမာရီသည် အမှတ်၇ သံချပ်ကာတပ်မကို ဂျာမန်တို့၏တောင်ဘက်စစ်နံရံကိုတန်ပြန်ထိုးစစ်ဆင်ခဲ့သလို မဟာမိတ်လေတပ်က ရွမ်းမဲလ်၏တပ်မျာကိုလေကြောင်းမှ ထိရောက်စွာတိုက်ခိုက်ခဲ့သဖြင့် ဂျာမန်တပ်များအထိအခိုက်များစွာဖြင့် ပြန်ဆုတ်ခွာခဲ့ရသည်။

မဟာမိတ်ဗိုလ်ချုပ်ကြီး မောင့်ဂိုမာရီ

တိုက်ပွဲမှ သင်ခန်းစာ

၁၂ရက်ကြာ အလာမိန်းတိုက်ပွဲအတွင်း ဂျာမနီ၊ အီတလီတို့ဘက်မှ သေကြေဒဏ်ရာရ ဖမ်းဆီးခံရသူ ၅၄၀၀၀ ကျော်ရှိပြီး တင့်ကာပေါင်း ၃၀၀ကျော် အမြောက်ပေါင်း၁၀၀၀ ကျော်ဆုံးရှုံးခဲ့သည်။ မဟာမိတ်တို့ဘက်မှ စစ်သည် ၁၆၀၀၀ ကျော်နှင့် တင့်ကား ၅၀၀ ခန့်ဆုံးရှုံးခဲ့သည်။

သဲကန္တာရစစ်မျက်နှာတွင် ဂျာမန်များ စစ်ရှုံးရခြင်း၏အကြောင်းအရင်းတစ်ရပ်မှာ ထောက်ပံ့ရေးလမ်းကြောင်းများတိုက်ခိုက်ခံရမှု့ပင်ဖြစ်သည်။ဂျာမန်တပ်များအတွက် ပေးပို့သော ရိက္ခာ၊ လက်နက်ခဲယမ်းများနှင့်လောင်စာများမြေထဲပင်လယ်အတွင်းနှစ်မြှုပ်ခံရခြင်းဖြစ်သည်။ ရွန်းမဲလ်၏ ပန့်ဇာတင့်ကားများသည် ဓာတ်ဆီမလုံလောက်သဖြင့် ဆုတ်ခွာရာ၌ ပျက်စီးဆုံးရှုံးမှု့များစွာကြုံတွေ့ခဲခြင်းဖြစ်သည်။ စားနပ်ရိက္ခာနှင့်ဆေးဝါးများပြတ်တောက်သဖြင့် ဂျာမန်စစ်သားများ ကျန်းမာရေးချို့တဲ့သဖြင့် ထိုးစစ်အားလျော့သလို စိတ်ဓာတ်ပြက်ပြားမှု့များပြားခဲ့သည်။ ရွန်မဲလ်ကိုယ်တိုင်လည်း မကျန်းမာသဖြင့် ဂျာမနီ သို့ပြန်၍ ဆေးကုသခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ကို လေတပ်အနီးကပ်ပစ်ကူပေးမှု့ဖြင့်ထိုးစစ်ဆင်နွှဲခဲ့သော ဂျာမန်တပ်များသည် သဲကန္တာရတွင် မဟာမိတ်လေတပ်တို့၏ ပစ်ခတ်ခြေမှုန်းခြင်းကို မရှု့မလှခံစားခဲ့ရသည်။ မဟာမိတ်တို့သည် စစ်အတွင်း ဂျာမန်တို့စစ်လက်နက်တို့ထက်သာလွန်သော တင့်ကားများ စစ်လေယာဉ်များကို အချိန်တိုအတွင်း တည်ဆောက်တိုက်ပွဲဝင်နိုင်ခြင်းသည်လည်း ဝင်ရိုးတန်းနိုင်ငံများအဖို့ အကြီးအကျယ် အခက်ကြုံရခြင်းဖြစ်သည်။   ။

အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

YHNL ( ရန်ထီးနေလ ) - နိုင်ငံတကာရေးရာ




ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။



Previous Post Next Post