အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

တပင်ရွှေထီး ဟံသာဝတီတစ်ပြည်လုံးကလူသူလက်နက်စားနပ်ရိက္ခာအကုန်ပုံအောပြီး ရခိုင်မှာစစ်တိုက်နေတဲ့အချိန် အိမ်နီးချင်းယိုးဒယားမှာ လျို့ဝှက်စစ်ရေးညီလာခံတစ်ခု ကျင်းပနေပါတယ်။ ယိုးဒယားဘုရင်ဗြသာဓိရာဇာနဲ့စစ်ရေးတပ်မှူးတွေတွေံဆုံကြတဲ့ဒီညီလာခံမှာ ကျူးကျော်စစ်ဆင်နွှဲဖို့စစ်ဗျူဟာတစ်ခုရေးဆွဲနေတာဖြစ်ပါတယ်။ ဒီစစ်ဗျူဟာအရ ယိုးဒယားဟာ ရှေ့ပြေတပ်မတစ်ခုဖွဲ့စည်းပြီး ဟံသာဝတီရဲ့အဓိကကုန်သွယ်ရေးမြို့တွေကို အလျင်အမြန်တိုက်ခိုက်သိမ်းယူမှာဖြစ်ပါတယ်။ ရခိုင်မှာ အကျအဆုံးအများအပြားနဲ့စစ်ပမ်းလာတဲ့ဟံသာဝတီတပ် စစ်ပွဲကြောင့်ပြည်တွင်းစားနပ်ရိက္ခာရှားပါးမှု့ကိုရင်ဆိုင်လာရတဲ့တိုင်းပြည်တစ်ခုဟာ ဘယ်လိုမှတန်ပြန်တိုက်ကွက်ဖော်နိုင်စွမ်းမရှိပါဘူး ဒါကြောင့်ဒီရှေ့ပြေးတပ်တွေသာ စစ်ရေးအရအရေးပါတဲ့နယ်မြေတော်တော်များများကိုထိန်းချုပ်နိုင်မယ်ဆိုရင် မြို့တော်မှာကျန်ခဲ့တဲ့ယိုးဒယားနောက်ချန်တပ်မတွေအတွက် ဟံသာဝတီကိုသိမ်းမယ့် ဒုတိယခြေလှမ်းဟာ ပိုလွယ်ကူသွားမှာဖြစ်ပါတယ်

ဆိုတေ့ာ ဟံသာဝတီ-ယိုးဒယားစစ်ပွဲဖြစ်ရတဲ့အခြေခံကျတဲ့အချက်တွေက ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်ဗျာ

ယိုးဒယားဟာ စစ်ဘေးစစ်ဒဏ်ကင်းလွတ်ပြီး စားနပ်ရိက္ခာပေါလျံကာ နိုင်ငံရပ်ခြားနဲ့ကုန်ကူးသန်းရောင်းဝယ်မှု့အလွန် အားကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ယိုးဒယားအနေနဲ့ ငွေရှာကောင်းတဲ့ ပင်လယ်ထွက်ဆိပ်ကမ်းမြို့အများအပြားပိုင်ဆိုင်ထားပေမယ့် သူပိုင်ဆိုင်တဲ့လမ်းကြောင်းဟာ အနောက်နိုင်ငံတွေရဲ့အဓိကဝယ်လိုအားဖြစ်တဲ့ အိန္ဒိယဟင်းခတ်အမွေးအကြိုင်တွေကိုရောင်းဝယ်ဖို့မှာ ဟံသာဝတီဟာအဓိကပြိုင်ဘက်ဖြစ်ပါတယ်။ယိုးဒယားအနေနဲ့ ကုန်းလမ်းအားဖြင့်လည်းတကွေ့တပိုက်ကြီးသွားနေရသလို ရေလမ်းအားဖြင့်လည်းဟံသာဝတီနယ်မြေတွေကိုကွေကွင်းရတဲ့အတွက် အမြတ်အစွန်းနည်းပါးနေပါတယ်။ နောက်ပြီး နိုင်ငံရပ်ခြားကကုန်သင်္ဘောတွေလည်း တစ်ဆင့်ခံတဲ့ ယိုးဒယားမှာဝယ်မယ့်အစား ကုန်သွယ်ရေးလမ်းကြောင်းမှာ အချက်အချာကျတဲ့ သန်လျင် ဒလ မော်လမြိုင် ထားဝယ်စတဲ့ ဟံသာဝတီရဲ့ဆိပ်ကမ်းမြို့တွေမှာ ပိုပြီးကမ်းကပ်တာဖြစ်ပါတယ်။ 

ပုဂံအင်ပါယာကြီးပျက်သုံးပြီးကတည်းက အချင်းချင်းတိုက်ခိုက်ပြီး စစ်မီးတော်လောင်နေတဲ့အတွက် အင်းအားပြုံးတီးနေတဲ့ ဒီနယ်မြေတွေကစစ်ဘုရင်တွေဟာ နိုင်ငံရပ်ခြားကကုန်သည်တွေရဲ့လက်နက်အထောက်အပံ့နဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ယိုးဒယားတပ်ကိုခုခံနိုင်မှာမဟုတ်ဘူး။ 

ဒါကြောင့် ယိုးဒယားဘုရင်ဗြသဓိရာဇာက ဟံသာဝတီနယ်မြေတွေမှာကြိုတင်စိမ့်ဝင်ထားတဲ့ သူလျိုတွေနဲ့ပူးပေါင်းပြီး အခုကျူးကျော်စစ်ကိုဆင်နွှဲတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာ ယိုးဒယားတပ်တွေရဲ့အဓိက စစ်ရေးရည်မှန်းချက်ဟာ နယ်မြေချင်းထိစပ်နေတဲ့တနင်္သာရီကမ်းရိုးတန်း‌ဒေသကို အလျင်အမြန်တိုက်ခိုက်သိမ်းယူပြီး ခြေကုပ်အခိုင်အမာရယူကာ ဟံသာဝတီကိုဆက်လက်တိုက်ခိုက်ဖို့ ဖြစ်ပါတယ်၊ ဒီစစ်ဆင်ရေးကို ယိုးဒယားဘုရင့်တပ်တော်ရဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦးဖြစ်တဲ့ သမိန်ကံပူရီ သမိန်‌ဒေါတကတို့က ဦးစီးမှာဖြစ်ပြီး တိုက်ဆင် ၂၀၀ စစ်မြင်း၁၀၀၀ စစ်သူရဲ၆၀၀၀၀ကို သုံးစွဲမှာဖြစ်ပါ တယ်။

သူလျိုတွေပေးပို့တဲ့သတင်းအရ ဒဟံသာဝတီရဲ့နယ်စပ်ခံတပ်မြို့တွေထဲမှာ ရဲမက်အင်အားအများအပြားစုဖွဲ့ထားတာဟာ ဗညားဦးရဲ့မော်လမြိုင်ခံတပ်မြို့သာဖြစ်ပြီး ကျန်မြို့တွေမှာက မြို့စောင့်တပ်အနည်းငယ်သာရှိတဲ့အတွက် ဒီလျှပ်တပြက်ထိုးစစ်မှာ ခြေကင်းလက်ကင်းသာပြီး စစ်ကူအလျင်အအမြန်ပေးပို့နိုင်တဲ့ ထားဝယ်ကိုတိုက်ခိုက်မှာဖြစ်ပါတယ်

ဆိုတော့တိုက်ပွဲဆီကိုသွားလိုက်ရအောင်ဗျာ

သမိန်ကံပူရီနဲ့သမိန်ဒေါတကခေါင်းဆောင်တဲ့ယိုးဒယားတပ်တွေ နယ်စိပ်ကိုဖြတ်ကျော်ပြီး အင်အားအလုံးအရင်းနဲ့ထားဝယ်ကို တိုက်ပါတယ်။ ထားဝယ်မြို့စားက ဟံသာဝတီရဲ့ခံစစ်ဗျူဟာအတိုင်း ချက်ချင်းတပ်တွေကိုနှုတ်ယူပြီး မော်လမြိုင်စားရဲ့တပ်တွေထောက်ကူပေးပို့မယ့် ရေးကိုတပ်ဆုပ်ကာ နန်းတော်ကိုသတင်းပို့ပါတယ်။

ရုတ်တရုတ်ကျုးကျော်လာတဲ့ယိုးဒယားထိုးစစ်ကိုခုခံဖို့ ဟံသာဝတီနန်းတော်မှာ ဘုရင့်နောင်ခေါင်းဆောင်တဲ့ထိပ်တန်းစစ်ဦးစီးတွေ ဘုရင့်ဆီအခစားဝင်ကြပါပြီ။ တပင်ရွှေထီးအနေနဲ့ အခုလိုထိပါးစော်ကားလာတာမျိုးကို ချက်ချင်းတုန့်ပြန်သွာဖို့ဆန္ဒရှိနေပေမယ့် ရခိုင်စစ်ပွဲမှာအကျအဆုံးများပြားတဲ့အပြင် စစ်ပွဲကြီးတစ်ခုကိုစတင်ဖို့ စားနပ်ရိက္ခာလုံလောက်မှု့က ကြီးမားတဲ့အဟန့်အတားတစ်ခုဖြစ်နေပါတယ်။ 

သို့ပေမယ့် အခုလိုတိုင်းတပါးရဲ့ကျုူးကျော်ရန်စမှု့ကို ငြိမ်ခံမှာမဟုတ်တဲ့အတွက် တန်ပြန်တိုက်ခိုက်ဖို့ ဘုရင့်နောင်နဲ့စစ်မြေပြင်အခြေအနေကိုဆွေးနွေးတိုင်ပင်ပါတယ်၊

ဒီနေရာမှာ တပင်ရွှေထီးရဲ့ ရဲမက်အင်အား နယ်မြေပိုင်ဆိုင်မှုတို့ကို ထည့်သွင်းဖော်ပြဖို့လိုအပ်လာပါပြီ။ တပင်ရွှေထီးဟာ ဒီကာလတွေအတွင်းမှာ စစ်ပွဲတွေအကြီးအကျယ်ဆင်နွဲခဲ့ပေမယ့် နယ်မြေအားဖြင့် တောင်ငူ ဟံသာဝတီ ပြည် နဲ့ရခိုင်နယ်မြေတွေသာအပိုင်စားတဲ့ ပဒေသရာဇ်စစ်ဘုရင်သာဖြစ်ပါတယ်။ တပင်ရွှေထီးအပိုင်းတွေကို တစ်ခန်းချင်းဖော်ပြထားတဲ့အတွက် ပြန်ပေါင်းပြောရမယ်ဆိုရင် သက္ကရာဇ် ၉၁၀ခုနှစ်အပိုင်းအခြား နယ်မြေပိုင်ဆိုင်မှု့အရ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းမှာစည်သူကျော်ထင် အင်းဝမှာ မိုးဗြဲနရပတိနဲ့ ရှမ်းပြည်မှာမိုးညှင်းစော်ဘွားတို့ထိန်းချုပ်နေတဲ့ကာလ ဖြစ်ပါတယ်။ 

ဆိုတော့ တပင်ရွှေထီးဘယ်လို့တုန့်ပြန်မှာပါလဲ

တိုင်းပြည်ရဲ့အခြေအနေအရ စစ်ပွဲကြီးစတင်ဖို့အဆင်သင့်မဖြစ်ပေမယ့် ဘု၇င့်နောင်ရဲ့အစီအမံနဲ့ တပင်ရွေထီးက ဟံသာဝတီရေတပ်နဲ့ ကုန်းတပ်တွေကို ထားဝယ်ကိုစေလွှတ်မှာဖြစ်ပါတယ်။ ဘုရင့်တော်ဝင်ရေတပ်ကို မုတ္တမစား စောလကွန်းအိန်ကဦးဆောင်မှာဖြစ်ပြီး စစ်တိုက်လှေကြီး ၁၀၀ စစ်လှေအငယ် ၃၀၀ နဲ့ရေတပ်သားပေါင်း ၄၀၀၀၀ ပါဝင်ပါတယ်။

ကုန်းတပ်မှာ မော်လမြိုင်မြို့စားဗညားဦး ရေးမြို့စားမင်းရဲသင်္ခယာ သမိန်အစုတ် သမိန်လဝန် သမိန်တိုက်ကုလား သမိန်စစ်တောင်း သမိန်လကွန်းပျည်း သမိန်ကျန်း တို့တပ်မှူးရှစ်ဦးကဦးစီးပြီး တိုက်ဆင် ၂၀၀ စစ်မြင်း၂၀၀၀ စစ်သူရဲ၈၀၀၀၀ ပါဝင်ပါတယ်။

တပင်ရွှေထီး အခုလိုတပ်တွေကိုစေလွှတ်ကြောင်းသူလျိုတွေသတင်းပေးပို့တဲ့အတွက် ယိုးဒယားတပ်တွေ ထားဝယ်ကချက်ချင်းဆုတ်ပြီး တောင်ပပုံ- တနင်္သာရီဘက်ကိုပြေးပါတယ်။ ဟံသာဝတီကအပြင်းချီတက်လာတဲ့ စောလကွန်းအိမ်နဲ့ဗညားဦးရဲ့တပ်တွေ ထားဝယ်ကို အလွယ်တကူပြန်သိမ်းပိုက်ကာ ယိုးဒယားတပ်တွေစခန်းချတဲ့ တောင်ပပုံကိုလိုက်တိုက်ဖို့ပြင်ပါတယ်

တောင်ပပုံမှာခံစစ်အပြည်နဲ့အထိုင်ချထားတဲ့ယိုးဒယားတပ်တွေအနေနဲ့ဟာ ဒီနေရာကသူတို့စစ်မတိုက်ခင်ကတည်းက ကြိုတင်လေ့လာထားတဲ့မြေအနေအထားဖြစ်ပါတယ်။ ဒါကြောင့် ရဲမက်တွေစစ်သွေးကြွစေဖို့ အခုတိုက်ပွဲမှာခံစစ်နဲ့မတိုက်ဘဲ ထွက်တိုက်မှာဖြစ်ပါတယ်။ နှစ်ဘက်တပ်တွေ ထပ်တိုက်ရင်ဆိုင်ကြတဲ့အခါ ယိုးဒယားစစ်ဗိုလ်ချုပ်ဖြစ်တဲ့ သမိန်ကံပူရီကရှေ့ဆုံးကနေရာယူပြီး သူလာတိုက်တုန်းကထားဝယ်မြို့စားထွက်‌ပြေးတာကို လက်ခံထားရဲတဲ့ ရေးမြို့စား မင်းရဲသင်္ခယာကို ဆင်နဲ့အတင်းဝင်တိုက်ပါတယ်။ အနီးကပ်တိုက်ပွဲအချိန်အတော်ကြာဖြစ်တဲ့အတွက် ဟံသာဝတီရော ယိုးဒယားတွေပါအကျအဆုံးအလွန်ထူတပ်ပါတယ်။ မင်းရဲသင်္ခယာအနေနဲ့ အခုလိုသူ့ဆီကိုရွယ်ပြီးလာတိုက်မှန်းတွေ့တဲ့အတွက် ဆင်းကိုချွန်းဖွင့်ပြီး အတင်းခေါင်းတည်ကာပြေးတိုက်ပါတယ်။ စစ်ဦးစီးနှစ်ယောက်အတော်အကြာစီးချင်းထိုးပြီးတဲ့အထိ အနိုင်အရှုံးမထွက်ပေမယ့် ဆင်နှစ်စီးလုံးကတော့ ဒဏ်ရာဒဏ်ချက်တွေရပြီး အတော်အထိနာလာကြပါပြီ။

အခုလိုမင်းရဲသင်္ခယာနဲ့သမိန်ကံပူရီစီးချင်းထိုးနေသလို အခြားတစ်ဘက်မှာလည်း ဟံသာဝတီတပ်မှူး ဝန်မြို့စားသမိန်သံလိုက်နဲ့ ယိုးဒယားဘက်က အောက်ဗြလကွန်းအိန်တို့ ထိပ်တိုက်တွေ့နေပါတယ်။

ရာရာစစ ယိုးဒယားကလာတိုက်ရကောင်းလားလို့အမျက်ထွက်ပြီး မင်းရဲ့သင်္ခယာက  ဒေါသတကြီးဒလက်ဆက်တိုက်ရာက နောက်ဆုံးဆင်ပေါ်ကထိုးလိုက်တဲ့လှံရှည်ရဲ့အောက်မှာ သမိန်ကံပူရီ ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ ဒီလိုနဲ့‌နောက်ဆုံးအခွင့်မသာတဲ့အတွက် သမိန်ကံပူရီက ဆင်ပေါ်ကခုန်ဆင်းပြီး မြင်းနဲ့ကိုယ်လွတ်ရုံးပြီးထွက်ပြေးပါတယ်။

အခြားတစ်ဘက်ကစီးချင်းထိုးပွဲမှာ သမိန်သံလိုက်က ဆင်စီးအလွန်ရဲတဲ့အတွက် မုန်ထနေတဲ့တိုက်ဆင်ကိုစီးပြီး ဝင်တိုက်တာဖြစ်ပါတယ်။ တိုက်ဆင်ချင်းတွေ့တဲ့နေရာမှာ ယိုးဒယားဘက်က‌အောက်ဗြဲလကွန်းအိန်စီးတဲ့ဆင်က သမိန်သံလိုက်စီးတဲ့တိုက်ဆင်ကရတဲ့မုန်နံကိုမခံနိုင်တဲ့အတွက် ခေါင်းအတည်မခံဘဲအတင်းပြေးပါတယ်။ နောက်ကသမိန်သံလိုက်ကဆင်နဲ့အတင်းချွန်းဖွင့်လိုက်တဲ့အတွက် ‌အောက်ဗြဲလကွန်းအိမ်ရဲ့ဆင် အစွယ်အထိုးခံရက တုံးခနဲလဲပြီး  နောက်ဆုံးအဖမ်းခံရပါတယ်။ စီးချင်းထိုးပွဲမှာ စစ်ဦးစီးတွေရှုံးသွားတဲ့အခါ ယိုးဒယားတပ်တွေ ဆက်မတိုက်ကျတော့ဘဲထွက်ပြေးကြတဲ့အတွက် အခုတိုက်ပွဲမှာဟံသာဝတီဘက်ကအနိုင်ရပြီး အောက်ဗြဲလကွန်းအိမ်အပါအဝင် ဆင်မြင်းသုံ့ပန်းအများအပြားရရှိပါတယ်။

တောင်ပပုံတိုက်ပွဲမှာ ဟံသာဝတီတပ်တွေအနိုင်ရကြောင်းသိရတဲ့အခါ တပင်ရွှေထီးက ချက်ချင်းဆက်သားလွှတ်ကာ ယိုးဒယားတပ်တွေနောက်လိုက်မတိုက်ဖို့အမိန့်ပေးပြီး နေပြည်တော်ကိုတပ်တွေပြန်ဆုတ်စေပါတယ်။ အကြောင်းကတော့ တပင်ရွှေထီးနဲ့ဘုရင့်နောင်ဆွဲတဲ့စစ်ဗျူဟာအရ စားနပ်ရိက္ခာမလုံလောက်တဲ့အတွက် အင်အားအလုံးအရင်းနဲ့ တိုက်ပွဲကိုအမြန်တိုက်ပြီးယိုးဒယားရဲ့ထိုးစစ်ကိုရပ်တန့်ရမှာဖြစ်ပါတယ်။ နယ်စ်မှာ မြို့စောင့်တပ်တွေကိုအားဖြည့်အပြီး နန်းတော်ပြန်ရောက်တဲ့အခါ တပင်ရွှေထီးက ဒီတိုက်ပွဲမှာရွံရွံချွန်ချွန်လက်စွမ်းပြခဲ့ကြတဲ့ တပ်မှူးရဲမက်တွေကို ဘွဲ့ရာထူးတွေ‌ပေးသနားပြီး မြို့ရွာတွေ ချီးမြှင့်ပါတယ် 

ဒီနေရာမှာတစ်ဆက်တည်း သမိုင်းမှာ တပင်ရွှေထီးအကြောင်းမှတ်တမ်းတင်တဲ့နေရာမှာ ယိုးဒယာကိုပထမဆုံးအကြိမ်တိုက်ခိုက်သိမ်းယူတဲ့ ပဒေသရာဇ်ဘုရင်အဖြစ်ဖော်ပြထားတာကို တွေ့ရပါတယ်။

ညီလာခံမှာ တပင်ရွှေထီးဆုတော်လာဘ်တော်တွေချီမြှင့်ပြီးတဲ့နောက် အခုလိုမိန့်ပါတယ်

ရှေးမြန်မာရာဇဝင်အစဥ်အဆက်များမှာလည်း ယိုးဒယားသို့ဘုရင်မင်းမြတ်ကိုယ်တိုင်ချီတက်တိုက်ခိုက်ဘူးသည်ဟု မကြားဘူးပါ ။ မြန်မာနိုင်ငံတော်‌အောင်လံအောက်သို့ ယိုးဒယားနိုင်ငံရောက်ဖူးသည်ဟုမကြားဘူးပါ ယခုအခါ ရွှေဘုန်းတော်ထူးချွန်၍သာလွန်သော ဧကရာဇ်ဘုရင်ကြီးဖြစ်တော်မူရန်မှာ လွန်စွာသင့်လျှော်လှပါသည်။ နောင်လာအစဥ်ရာဇဝင်မှာ ထင်ရှားရန်အချက်တစ်ခုဖြစ်ပါသည်။ ယိုးဒယားသို့ချီတက်မူရန်အရေးမှာ ဗိုလ်ပါဆင်မြင်းအတွက် ခဲခက်ဘို့အကြောင်းမရှိပါ အလိုရှိတိုင်းပြည့်စုံနိုင်ပါသည် ဗိုလ်ပါဆင်မြင်းအများသုံးစားရန်ရိက္ခာအတွက် စိုးရိမ်ရန်လိုပါသည်။ ယိုးဒယားပြည်ဆိုသည်ချောင်းမြောင်းအတန်တန် တောတောင်အထပ်ထပ်ပိတ်ဆီးကာ ပိတ်ဆို့လျက်ရှိသောကြောင့်ယိုးဒယားသို့ရောက်တော်မူလျှင် နိုင်ငံတော်သို့ပြန်၍ စားရေရိက္ခာယူရန်လွန်စွာကြပ်တည်းလှပါသည်။ ဟံသာဝတီက ရေကြောင်းခရီးအားဖြင့်သွားရန်လည်း ခက်ခဲလှပါသည်။ သို့ဖြစ်ပါသောကြောင့် ချီတော်မမူခင် စောစောကြိုတင်၍ ယိုးဒယားနယ်စပ်သို့ရိက္ခာအလုံအ‌လောက်ပို့ထားရန် သင့်လျော်ပါသည်။ အရှေ့တပြင်တွင်ရှိနေကြသော မြို့စားရွာစားများကိုလည်း စစ်ရိက္ခာအတွက်အရေးကြီးစွာစုဆောင်းကြရန် အမိန့်တော်ချသင့်ပါသည်ဘုရား

 လှေဖောင်အဆင့်ဆင့်တို့ဖြင့်ပြုလုပ်သောတံတားကြီးပြီးစီးသွားသောအခါ ထိုတံတားကြီးပေါ်တွင် ဆင်တော်ကိုစီး၍ ဘုရင်တပင်ရွှေထီးမော်လမြိုင်သို့ကူးတော်မူသည် စစ်ချီရာတွင်ပါလာသောဆင်တို့ကားများလှသဖြင့်အချို့ဆင်များကို တံတားဖြင့်မကူးစေဘဲ မြစ်ညာအရပ်ကျဥ်းရာဌာနကကူးစေသည်

မော်လမြိုင်သို့အစုံအညီကူးမြောက်ပြီးသောအခါ မော်လမြိုင်မြို့စားဗညားဦးနှင့် တကွ မှူးမတ်အစုံအညီတွင် ယိုးဒယားသို့ချီရန်အရေးဆွေးနွေးတော်မူသည် ဗညားဦးကခရီးကျွမ်းကျင်သူတို့ကို ရှေ့တော်သို့သွင်းစေပြီးလျှင် ယိုးဒယားပြည်အယုဒ္ဓယမြို့သို့အလျင်အမြန်ဆိုက်တော်မူရန် ကံပူရီစခန်းဖြင့်ချီတက်မူရန်သင့်ကြောင်းလျှောက်တင်လေရာ ဘုရင်တပင်‌ရွှေထီးနှင့်တကွ မှူးမတ်ဗိုလ်ပါအပေါင်းတို့က သဘောတူညီကြသည်။

ဤသို့တိုင်ပင်ဆွေးနွေးတော်မူပြီးနောက် ဟံသာဝတီနေပြည်တော်၏ အရှေ့တလွှားမှာရှိသော နယ်ပယ်များကိုမော်လမြိုင်မြို့စားဗညားဦးက ငြိမ်ဝပ်ပိပြားစွာ အုပ်ချုပ်ရမည်ဟုလွှဲအပ်တော်မူပြီးလျှင် မော်လမြိုင်မြို့မှ ကံပူရီမြို့သို့ချီတော်မူသည် ကံပူရီမှ ၁၅ရက်တိုင်တိုင် ချီမိလေသော် ယိုးဒယားဘုရင်၏နန်းတော်မှာ မြန်မာဘုရင် တပင်ရွှေထီးအကြီးအကျယ်ချီလာပြီ ဆိုသောသတင်းကိုကြားလေသည်

တပင်ရွှေထီးသည် အပြင်းမချီဘဲ တနေ့လျှင်တစခန်းချကျ ဖြေးဖြေးပင်ချီတော်မူသည်။ စခန်းချရပ်တိုင်း စစ်သည်တော်များပျော်ပါးလေအောင် ပွဲသဘင်များကိုတပ်တိုင်း တပ်တိုင်းခံတော်မူစေသည်။ တောလမ်းခရီးဖြင့် ချီတော်မူရသောကြောင့် တောကြီးတောင်ကြီး စိမ့်ကြီးမြိုင်ကြီးများကို မြင်သည်တွင်လည်း တိုက်ဆင်အပေါင်းတို့မှာ လွန်စွာမြူးတူးကြလေသည် ဆင်အပေါင်းတို့ကွန့်မြူးလွန်းအားကြီးသည်နှင့် ဆင်ဝန်နှင့်ဆပ်ကပ်ဗိုလ်မှူးတို့က အထူးပင်အုပ်ချုပ်၍ ချီကြရသည်

စစ်ရိက္ခာများကိုလည်း ယခင်ကပင်တင်ကြို၍ အဆင်သင့်အဆင်သင့်ပို့ထားပြီးသည်နှင့် စစ်သည်တော်များလည်းရိက္ခာလုံလောက်စွာနှင့်  အလွန်ပျော်ပါးကြသည်

 

ဘုရင့်နောင်ဟာ စစ်‌တောင်း မုတ္တမ မော်လမြိုင် ရေး မြိတ်စတဲ့မြို့စားတွေကို ဆင့်ခေါ်ကာ ယိုးဒယားနယ်စပ်နယ်စပ်တွေကို ဆန်စပါး ဆီဆားအစရှိတဲ့ စစ်ရိက္ခာတွေနဲ့ဆင်မြင်းလက်နက်ခဲယမ်းတွေကြိုတင်ပို့ဆောင်ထားဖို့ နယ်စပ်ခံတပ်မြို့တွေမှာ ဆန်စပါးတိုးစိုက်ဖို့စီဆင်စေပါတယ်။ ဒီနေရာမှာ နယ်စပ်ကကျေးရွာတွေကို ဘုရင့်နောင်က ယိုးဒယားနယ်စပ်အထိတိုးပြီးစိုက်ဖို့အမိန့်ပေးထားတာကိုတွေ့ရပါတယ်၊

စစ်ပွဲအတွက် စားနပ်ရိက္ခာလူသူလက်နက်အသင့်အနေထားရောက်တဲ့အခါ တပ်မကြီး၂၅ခုအဖြစ်ဖွဲ့စည်းပါတယ်။ ရှေ့ပြေးတပ်ဖွဲ့တွေအဖြစ်ဘုရင့်နောင်ဦးစီးတဲ့ တပ်မ၁၂ခု တပင်ရွှေထီးရဲ့ပင်မတပ် နဲ့ ပြည်ဘုရင်ခံအထိန်းတော်ကြီးသတိုးဓ္မရာဇာဦးစီးတဲ့နောက်ချန်တပ်၁၂တပ်တို့ပဲဖြစ်ပါတယ်။

ဘုရင်နောင်ဦးစီးတဲ့ရှေ့ပြေးတပ်မှာ တုရင်ရာဇာ တုရင်ယောဓာ တုရင်ဗလ တုရင်ကျော်သူ တောင်ပုံစားစောဘယ ရေးမြို့စားမင်းရဲသင်္ခယာ ဝန်မြို့စားသမိန်သံလိုက် တိုက်ကုလားစားသမိန်ဇော်ကရတ် ဇရပ်စားသမိန်ပရမ်း စစ်တောင်းစားသမိန်ရဲသင်ရံ မုတ္တမစားစောလကွန်အိမ်တို့ပါဝင်ပြီး တိုက်ဆင်၂၀၀ စစ်မြင်း၈၀၀၀ နဲ့စစ်သူရဲ၄၀၀၀၀ပါဝင်ပါတယ်

အလယ်ကတပင်ရွှေထီးရဲ့တပ်မမှာ စစ်ဦးစီးအဖြစ် ရာဇသင်္ကြန် စစ်ကဲအဖြစ် နန္ဒကျော်သူ တို့ကိုခန့်အပ်ကာ တိုက်ဆင်၈၀  စစ်မြင်း၈၀၀နဲ့စစ်သူရဲ၄၀၀၀၀ပါဝင်ပါတယ်

နောက်ချန်တပ်မ၁၂ခုကို ပြည်ဘုရင်သတိုးဓမ္မရာဇာကဦးစီးပြီး တောင်ငူဘုရင်ခံမင်းရဲသီဟသူ တုရင်မဏိ တုရင်ပုညာ လက်ယာရဲတိုင် လက်ဝဲရဲတိုင် ဇရွဲမြို့စားသီရိဇေယျကျော်ထင် သာယာဝတီစားဥဇနာ သမြင်းတုံစားနန္ဒယောဓာ မြောင်းမြစားဗညားလော ပုသိမ်စားသမိန်ဗြဲသမိုက်နဲ့ ခဲပေါင်စားသမိန်သံကျယ်ပါဝင်ပါတယ်။ စစ်အင်အားကိုကြည့်မယ့်ဆိုရင် နောက်ချန်တပ်မှာ တိုက်ဆင်၂၀၀ စစ်မြင်း၈၀၀၀ နဲ့ စစ်သူရဲလေးသောင်းပါဝင်ပါတယ်။

အခုလိုတပ်မကြီးတွေကိုဖွဲ့စည်းပြီးတဲ့နောက် သက္ကရာဇ်၉၁၀ခု တန်ဆောင်မုန်းလဆန်း၁၃ရက်နေ့မှာ တပင်ရွှေထီးဟံသာဝတီနန်းတော်ကထွက်ခွာပါတယ်။

အခုလိုစစ်တိုက်ထွက်နေချိန်မှာနန်းတော်ကိုကာကွယ်ဖို့ ဒလမြို့စားသီရိဇေယနော်ရထာ နဲ့ပဲခူးမြို့စား ဗညားက္ကန္ဒတို့ကိုရဲမက်အင်အားအလုံးအရင်းအရင်းနဲ့မြို့စောင့်ထားခဲကာ အရေးကိစ္စတစ်စုံတစ်ရာရှိပါက အသင့်စစ်ကူပေးဖို့ စလင်း ပုဂံ တောင်တွင်းကြီးမြို့စားတို့ကို စစ်သူရဲမက်တွေအသင့်ပြင်ထားစေပါတယ်။

တပင်ရွှေထီးဦးစီးတဲ့ဟံသာဝတီတပ်တွေ ကုန်းကြောင်းအတိုင်းချီတက်လာပြီး မုတ္တမကနေ မော်လမြိုင်ကို လှေဖောင်တွေအခိုင်အခံပြုလုပ်ပြီး ကူးပြီးတဲ့နောက် ယိုးဒယားကိုတိုက်ဖို့ပြင်ဆင်ပါတယ်

အခုပြောပြခဲ့တဲ့အကြောင်းအရာတွေဟာ ဟံသာဝတီ-ယိုးဒယားစစ်ပွဲကြီးရဲ့ ပဏမခြေဆင်းပဲဖြစ်ပါတယ်၊ ဆက်ပြောမယ့်ကြောင်းအရာတွေမှာ သမိုင်းရဲ့အငွေ့အသက်တွေအပြည့်အဝခံစားနိုင်စေဖို့ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ တပင်ရွှေထီးဝတ္ထုတော်ကြီးထဲကအတိုင်း‌ ဖော်ပြသွားမှာဖြစ်ပါတယ်။

ယိုးဒယားမြို့တော်ရင်းတိုင်အောင် မြန်မာဘုရင်တပင်ရွှေထီး အားကြီးအင်ကြီးချီလာပြီဟု ကြားလေရာ ယိုးဒယားဘုရင်သည် ထိုစစ်‌ရေးကိစ္စနှင့် စပ်လျဥ်း၍မှူးမတ်သေနာပတိတို့နှင့် တိုင်ပင်တော်မူသည်တွင် မှူးမတ်များက လျှောက်တင်ကြသည်မှာ

မြန်မာဘုရင်ချီတက်လာသည်မှာ လွန်စွာခရီးဝေးလှသည် ဆင်မြင်းဗိုလ်ပါများလည်း တောကြီးတောင်ကြီးများကို ဖြတ်သန်းကျော်နင်း၍ ချီလာရသဖြင့် ပင်ပန်းကြလိမ့်မည်၊ တပင်တပမ်းချီလာသော မြန်မာတပ်များကို ကျွန်ုပ်တို့ကဆီးကြို၍တိုက်လျှင် မြို့တော်သို့ရောက်အောင် မချီနိုင်ဘဲ လမ်းစခန်းတွင်ဗရမ်းဗတာပျက်စီး၍ တပင်ရွှေထီးဆုတ်ခွာသွားရလိမ့်မည် သို့ဖြစ်၍ ဆင်မြင်းဗိုလ်ပါများစွာနှင့် မြန်မာတို့တပ်တို့ကိုတပ်ဦးကကြို၍ တိုက်ရန်သင့်လှပါသည်

ဤသို့လျှောက်တင်ချက်အတိုင်း ယိုးဒယားဘုရင်လည်း နှစ်သက်တော်မူသည်နှင့် ဆင်မြင်းဗိုလ်ပါအများစုရုံးစေပြီးလျှင် သားတော်ညီတော်တို့နှင့် ယိုးဒယားဘုရင်ကိုယ်တိုင်မြို့ကထွက်၍ မြန်မာတပ်များကိုကြိုနှင့်လေသည်

တပင်ရွှေထီး၏ဘုန်းတော်ကြောင့် တောသားလဝလူရိုင်းများက ယိုးဒယားတပ်တွေဆီးကြိုနေကြောင်းကို လျှောက်တင်လာကြသည်။ ထိုအကြောင်းကိုသိတော်မူသောအခါ စစ်သုံးကြောင်းခွဲ၍ ယိုးဒယားတပ်ကိုတိုက်မှသင့်မည်ဟု ကြံစည်တော်မူပြီးလျှင် စီစဥ်တော်မူသည်မှာ

ပြည်ဘုရင် သတိုးဓမ္မရာဇာကိုဗိုလ်မှူးပြု၍ တိုက်ဆင်၁၀၀ စစ်မြင်း၁၀၀၀ စစ်သူရဲ၁၀၀၀၀နဲ့အလယ်ကြောင်းချီ၍ ယိုးဒယားတပ်များကိုစစ်မြူစေ

ယောက်ဖတော်ရှင်ရဲထွတ်ကိုဗိုလ်မှူးပြု၍ ရှေးနည်းအတိုင်းတိုက်ဆင် ၁၀၀ စစ်မြင်း၁၀၀၀ စစ်သူရဲ၁၀၀၀၀နဲ့လက်ဝဲကြောင်းချီ၍ ယိုးဒယားအလိုက်တွင်ဘိ၍တိုက်စေ

ငါဘုရင်ကားတပ်တော်များနှင့်လက်ယာကြောင်းချီ၍တိုက်တော်မူမည်

ဤသို့စီရင်တော်မူပြီးလျှင် ရဲရဲဝံ့ဝံ့ချီတက်ကြလေသည် အလယ်ကြောင်းချီသော သတိုးဓမ္မရာဇာသည်ကား လွင်ပြင်မှာမြင်မြင်ထင်ထင်ချီလေသည်။ လက်ဝဲကြောင်းတွင်ချီသောရှင်ရဲထွတ်သည်ကားတောတောင် ပုန်းကွယ်၍ချီသည်

ယိုးဒယားတို့သည် အလယ်ကြောင်းချီလာသောမြင်းတပ်များကိုမြင်လေရာ ဆင်‌ရောမြင်းပါ အတင်းနှင်၍ ဝင်တိုက်ကြလေသည်။  မြန်မာမြင်းတပ်များကဆုတ်ခွာဟန်ပြု၍ ပြေးလာသည်တွင် ယိုးဒယားတို့က တဟုန်ထဲဘိ၍ တိုက်ကြလေ၏

ယိုးဒယားတို့စစ်ကျွံအောင်လိုက်သည်တွင် ရှင်ရဲထွတ်ကတောမှထွက်ပြီး အနောက်ကပန်းပြီးလျှင် ယိုးဒယားတပ်များကိုတိုက်လေသည် ဘုရင်တပင်ရွှေထီး၏လက်ယာကြောင်းတပ်လည်း ထိုအခိုက်တွင်မှီလာသည်နှင့် နင်း၍တိုက်တော်မူပြန်သည်။ ထိုအခါယိုးဒယားတို့မှာ စစ်သုံးလက်ညှပ်မိသည်နှင့်ကြံရာမရဖြစ်ပြီးလျှင် ဖရိုးဖရဲအကွဲကွဲအပြားပြားပျက်စီး၍ ပြေးမိပြေးရာပြေးကြရလေသည်။ ထိုစစ်ပွဲတွင် ယိုးဒယားများ များစွာပျက်စီးရှကြသည် လွတ်သူလည်းလွတ်လေသည်

ထိုစစ်ပွဲသည်ကား ရာဇထိန်မည်သောဌာနတွင်လက်ဦးစွာ တွေ့ဆုံတိုက်ခိုက်ရသော ပထမစစ်ပွဲဖြစ်လေသည်

ယိုးဒယားဘုရင်၏သားတော် နှင့်ညီတော်ကိုမြန်မာတို့ကအရှင်ဖမ်းမိလေ၏ ယိုးဒယားဘုရင်ကိုမူကားမမိလိုက်ချေ စုရုံးရရှိသမျှရဲမက်ဗိုလ်ပါအားလုံးနှင့် မြို့တော်သို့အတင်းပြန်ဆုတ်လေသည်။ ထိုရာဇထိန်ပွဲကိုအောင်တော်မူရာ ဆင်မြင်းတို့နှင့်တကွသုံ့ပန်းလူပေါင်းများစွာကိုရတော်မူလိုက်သည် မြို့သို့ရောက်လျှင် အခိုင်အမာစည်းလုံး၍ မြို့တွင်းမှာခုခံလေသည်

ဆီးကြိုတိုက်သောယိုးဒယားစစ်ကြီးကိုအောင်မြင်ပြီးသောအခါ တပ်ချ၍မမူဘဲ မြို့ရင်းသို့တိုင်အောင် အပြင်းချီ၍လိုက်တော်မူသည်။ မြို့သို့ရောက်သောအခါ ဆိုင်းတွခြင်းမရှိဘဲ မြို့ကိုတဟုန်ထိုးတိုက်ခိုက်တော်မူရာ ယိုးဒယားမြို့သည်ခိုင်ခံ့လုံသည့်အပြင် မြို့ထိပ်ကစစ်သူရဲတို့လည်း လက်နက်အစုံအလင်နှင့် ရဲဝံ့စွာခုခံသောကြောင့် လွယ်ကူစွာရတော်မမူချေ

ယိုးဒယားမြို့သည် ရေဝန်းရံလျက်ရှိသည့်အပြင် မြို့တံတိုင်းလည်းမြင့်သည် ဥရောပတိုက်မှသင်္ဘောနှင့် လာရောက်ကြသော ကုလားဖြူလူမျိုးတို့က ယိုးဒယားတို့နှင့်စိတ်တူစွာခုခံကြသောကြောင့် မြို့ကိုပေါက်အောင် မဖောက်နိုင်ဘဲရှိလေသည်

အလွယ်တကူနှင့်မြို့ကိုမရသဖြင့် စစ်သည်တော်များက မြို့လေးမျက်နှာတွင် လုံခြုံစွာ ဝန်းရံ၍ ထားရမည်ဟုအမိန့်တော်ထုတ်ပြန်သည်နှင့် ယိုးဒယားမြို့ကိုဝိုင်း၍ ထက်ဝန်းကျင်မှ ဝန်းရံ၍ နေကြလေသည်

လက်တွင်းသို့ရောက်သောကြက်ကဲ့သို့ ယိုးဒယားတစ်မြို့လုံးအမိခံ၍နေရလေသည် ထိုသို့ပင်အမိခံရသော်လည်း ယိုးဒယားဘုရင်က လက်မလျော့ချေ ခုခံမြဲအတိုင်းခုခံနေလေသည်

တလတိုင်တိုင် ဝန်းရံလုပ်ကြံပါသော်လည်း မြို့ကိုမရသည်နှင့်ဘုရင်တပင်ရွှေထီးသည် မှူးမတ်များကိုခေါ်၍ တိုင်ပင်တော်မူသည်တွင် ယောက်ဖတော်ရှင်ရဲထွတ်က ယခုမြို့ရင်းကိုတိုက်ခိုက်၍မရနိုင်ဘဲရှိနေသည်မှာ မြို့ရိုးလည်းမြင့်၍ လုံခြုံပါသည်။ မြို့ရိုးတွင် နိုင်ငံခြားသားတို့နှင့်တကွ စစ်သည်ရဲမက်လည်း များပြားလှသည်။ စားရေရိက္ခာလည်းလုံလောက်ဟန်ရှိပါသည်။ သို့ဖြစ်၍ဝန်းရံ၍နေခြင်းဖြင့် အချိန်ကိုမကုန်စေဘဲမြို့ရင်းမှခွာ၍ မြို့ရံများကိုတိုက်ရန်သင့်ပါသည်။ ကမန်ပိုက်မြို့ သောက္ကတဲမြို့ ပိဿာလောက်မြို့များကို တိုက်ခိုက်သိမ်းပိုက်တော်မူမိပါလျှင် ယိုးဒယားဘုရင်နှင့်တကွ ယိုးဒယားမြို့လက်တော်က လွတ်နိုင်မည်မဟုတ်ပါ ဤကဲ့သို့နားတော်သို့လျှောက်လေ၏

ရှင်ရဲထွတ်ရဲ့လျှောက်တင်ချက်ကို မှူးမတ်များနှင့်တကွ ဘုရင်ပါနှစ်သက်ကြတော်မူသည်နှင့် နောက်တနေ့နံနက်စောစောတွင် ရံတပ်များကိုနှုတ်၍ ကမန်ပိုက်သို့ချီတော်မူသည်

 မြန်မာဘုရင် တပင်ရွှေထီးတပ်ကိုနှုတ်၍ ချီတော်မူသည်တွင် ယိုးဒယားဘုရင်က အားလျော့၍ ပြန်သွားတော်မူပြီထင်သောကြောင့် စစ်သုံးကြောင်းခွဲ၍နောက်ထပ်လိုက်တိုက်လေသည်

စစ်သုံးကြောင်းခွဲ၍လိုက်ပုံမှာ ယိုးဒယားဘုရင့်ညီတော် သြယားပိဿလောက်နှင့် အောက်ဗျစက္ကိတို့ကတစ်တပ် ယိုးဒယားဘုရင့်သမက် သြယားလကွန်းအိမ်နှင့်သြယားရံတို့က တစ်တပ် ယိုးဒယားဘုရင်ကိုယ်တိုင်ကတစ်တပ် သည်သုံးတပ်တွင် ဆင်မြင်းဗိုလ်ပါလက်နက်ကိရိယာ လုံလောက်စွာနှင့် နောက်ထပ်လိုက်လေသည်

ဘုရင်တပင်ရွှေထီးသည် ကမန်ပိုက်သို့မရောက်ခင် ယိုးဒယားစစ်များလိုက်လာကြောင်းကို ကြားသိရတော်မူလေရာ ရှေ့သို့တိုး၍ ချီတော်မမူဘဲ ကြားရာအရပ်ဌာနမှာပင် စစ်စခန်းချရပ်တော်မူသည်

တပ်စခန်းချတော်မူပြီးလျှင် တပ်သုံးကြောင်းစီရင်တော်မူသည်မှာ ရှင်ရဲထွတ်ကိုဗိုလ်မှူးခန့်၍ တပ်ပေါင်း၅တပ် တိုက်ဆင်၁၀၀ စစ်မြင်း၁၀၀၀ စစ်သူရဲ၅၀၀၀၀ နှင့်အလယ်ကြောင်းချီတက်စေ

စောလကွန်းအိမ်ကိုဗိုလ်မှူးခန့်၍တပ်ပေါင်း၅တပ် တိုက်ဆင်၁၀၀ စစ်မြင်း၁၀၀၀ စစ်သူရဲ၅၀၀၀၀နှင့်လက်ဝဲကြောင်းချီတက်စေ

ရဲသင်ရံကိုဗိုလ်မှူးခန့်၍ တပ်ပေါင်း၅တပ် တိုက်ဆင်၁၀၀ စစ်မြင်း၁၀၀၀ စစ်သူရဲ၅၀၀၀၀နှင့်လက်ဝဲကြောင်းချီတက်စေ

ဤသို့အမိန့်တော်ချပြီးလျှင် စစ်သုံးကြောင်းခွဲ၍ ရှေးဦးစွာတင်ကြို၍ လွှတ်တော်မူသည် စစ်၃ကြောင်းလည်း ယိုးဒယားတို့နှင့်ရင်ဆိုင်တွေ့အောင် ပြန်၍ချီတက်ကြရသည်

ဘုရင်တပင်ရွှေထီသည်ကား အရပ်၇တောင်ရှိသော ဇေယျဒိသာမည်သောဆင်တော်ကြီးကိုစီး၍ မင်းမြောက်တန်ဆာ ဆင်ယင်တော်မူလျက် မင်းခမ်းမင်းနားနှင့်စစ်သုံးကြောင်းနောက်က ကြီးကျယ်ခမ်းနားစွာချီတော်မူသည်။ ဆင်တော်ကြီး၏ ရှေ့နောက်ဝဲယာတို့တွင် ဥရောပတိုက်သား ကုလားဖြူ ၃၀၀ တို့ကို သေနတ်ကိုယ်စီနှင့်ဝန်းရံ၍လိုက်စေသည်။ ယိုးဒယားသို့တပင်ရွှေထီး ချီတော်မူရာတွင် ဥရောပတိုက်သား အမှု့ထမ်းများပါကြောင်းလည်း အထင်အရှားပင်ဖြစ်လေသည်

ဘုရင့်တပင်ရွှေထီး၏လက်ဝဲက‌ တောင်ငူဘုရင် မင်းရဲသီဟသူသည် နာဂဝရမည်သော ဆင်ကြီးကိုစီး၍ တိုက်ဆင်၅၀ စစ်မြင်း၃၀၀၀ စစ်သူရဲ၁၅၀၀၀ နှင့်လိုက်ရသည်

လက်ယာကို ပြည်ဘုရင်သတိုးဓမ္မရာဇာသည် ရဲထွတ်မင်္ဂလာမည်သောဆင်ကြီးကိုစီး၍ တိုက်ဆင်၅၀ စစ်မြင်း၃၀၀၀ စစ်သူရဲ၁၅၀၀၀နှင့်လိုက်ရသည်

နောက်တော်က သမိန်ဗြဲသမိုက်သည် ယမ်းကမန် မည်သောဆင်ကြီးကိုစီး၍ တိုက်ဆင်၅၀ စစ်မြင်း၃၀၀၀ စစ်သူရဲ၁၅၀၀၀ လိုက်ရသည်။ ဤအခါ၌ ချီတော်မူသောအခမ်းအနားမှာ လွန်စွာကြီးကျယ်ခမ်းနားလှပေသည်။ချီ၍တတိုင်ခန့်ရောက်လျှင် ဘုရင်တပင်ရွှေထီးသည် ယိုးဒယားတပ်များကို ကိုယ်တော်တိုင်တိုက်တော်မူလိုသောဆန္ဒဖြင့် ရဲယောဓာမည်သော မြင်းတပ်ဗိုလ်ကိုခေါ်တော်မူပြီးလျှင် ယောက်ဖတော်ရှင်ရဲထွတ်တပ်ကို အမြန်မှီအောင်မြင်းစိုင်း၍သွား ရှင်ရဲထွတ်ထံသို့ရောက်လျှင် ယိုးဒယားတပ်များနှင့်တွေ့သော်လည်း မတိုက်နဲ့ဦး င့ါကိုငံ့ဦး ငါရောက်တော်မူမှ ကိုယ်တော်တိုင်တိုက်တော်မူမည် ဤကဲ့သို့အမိန့်တော်ပြန်ချေဟု စေလွှတ်တော်မူလိုက်သည်

စေလွှတ်သော ရဲယောဓါလည်း မြင်းနှင့် အပြေးစိုင်းနှင်ပြီးလျှင် ရှင်ရဲထွတ်နာခံရန် အမိန့်တော်ကိုပြန်လေ၏  ရှင်ရဲထွတ်လည်း ရိုသေစွာလက်အုပ်ချီမိုး၍ အမိန့်တော်ကိုနာခံနေရသည်။


ဒီနေရာမှာ ဘုရင့်နောင်ဟာ နောင်ရိုးတိုက်ပွဲမှာကတည်က ဘုရင့်အမိန့်ကိုလွန်ဆန်ဖူးထားတဲ့အတွက် အခုအမိန့်ဟာ သူ့အတွက်အတိမ်းအစောင်းမခံတဲ့အနေအထားဖြစ်ပါတယ်၊

ဟံသာဝတီ-ယိုးဒယားစစ်ပွဲ - ငါဟဲ့တပင်ရွှေထီး အပိုင်း၂၀

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.


Previous Post Next Post