ဝသန်ကာလ မိုးကျတည့်လျှင်
ဝသန်ကာလ ၊ မိုးကျတည့်လျှင်
ပျော်ပျော်ပါးပါး ၊ မယားနှင့်ဆွေငယ်လင်
လက်တွဲငယ်ခြေငင် ၊ ကိုယ်တွင်အဝတ်
ပုဆိုးအင်္ကျီ ၊ စုတ်ပြဲပြီ
ချည်နီဗောင်းတွတ်တွတ်ကယ်နှင့်လေး။
မိုးရေစွတ်လို့ ၊ အဝတ်ကယ်မပါ
သားသမီးကို ၊ ကိုယ်ထီးပွေ့လို့သာ
ဆေးတံတစ်ထွာ ၊ ကိုက်ကာထွန်ရင်း
လယ်ကွက်ကယ်တစ်ခွင် ၊ ထွန်ရေးငင်
ရေဝင်ပုစွန်တွင်းငယ်နှင့်လေး။
ဖားပေါင်းဇင်းငယ် ၊ ခြင်းပလိုင်းဝယ်
ခရုပီလော ၊ ရောနှော၍သာလွယ်
ဟင်းရွက်ကယ် နုနယ် ၊ တစ်သွယ်ကန်စွန်း
ဆူးပုပ်ကယ် ကင်းပုံ ၊ အလုံးစုံ
ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး။
ချိုလည်းချိုလွန်း ၊ ရည်ရွှမ်းများစွာ
ကြံဟင်း ကြွက်နားပေါင်း
သောင်းပြောင်းရော၍သာ
အိမ်သို့ရောက်ခါ၊ လျင်စွာချက်ပြုတ်
ထမင်းကပူ ၊ ဟင်းကပူ
ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေး။
တျာချင်း ဝန်ကြီးပဒေသရာဇာ
ဝသန်ကာလမိုးကျတည့်လျှင် - ဝန်ကြီးပဒေသရာဇာ |
ကျွန်ုပ်တို့ငယ်စဉ်က သင်ကြားခဲ့သော မြန်မာစာသင်ရိုးမှ ကဗျာများကို အောက်မေ့၍ ပြန်လည်ဖတ်လိုသော စာဖတ်သူများအတွက် ရည်ရွယ်ပြီးတင်ခြင်းဖြစ်သည်။အထက်ဖော်ပြပါကဗျာသည် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ မူပိုင်ဖြစ်သည်။
YHNL