မဲဇာတောင်ခြေ


မဲဇာတောင်ခြေ ၊ စီးတွေတွေတည့်

မြစ်ရေဝန်းလည် ၊ မြိုင်တောဆီက

ရွှေပြည်ကိုသာ ၊ တရှာတော့မိ

မိုးရှိရှိလျှင် ၊ သီရိကျက်သရေ

တက်ဖြိုးဝေသား ၊ အောင်မြေကြော့ကြော့

ကုန်းမော့မော့နှင့် ၊ ဘိုးတော်ကောင်းမှု့

တည်ထားပြုသည် ၊ ဇမ္ဗူ့ဆီမီး

ခြောက်ရောင်ညီးမျှ ၊ ဂူကြီးသခင်

ရွှေလင်းပင်နှင့် ၊ ရွှေခြင်္သေ့မြွေ

စ၍ရေသော် ၊ ရွှေစေတီကြီး

အသီးသီးတည့် ၊ ပိတ်ဆီးခြယ်သန်း

လျှပ်ရောင်တန်းမျှ ၊ ရွှေနန်းရွှေဘုံ

အလုံးစုံကို ၊ အာရုံမျက်မြင်

ဖူးမြှော်ခြင်၍ ၊ သည်တွင်ရွှေမြို့

သည်သို့စေတီ ၊ သည်ဆီရွှေနန်း

ဖြောင့်တန်းတော့မည် ၊ စိတ်ကရည်သည်

ရွှေပြည်ဌာန ၊ ဝေးသောကြောင့်။


သဲသာသောင်မြေ ၊ မြစ်ကမ်းခြေလည်း

အကြေတစ်ပြင် ၊ တို့အောက်ခွင်ဝယ်

ရေရှင်ပတ်ဝန်း ၊ ပျော်ဖွယ်ထွန်းလိမ့်

တစ်ကျွန်းလောက်ပင် ၊ ဝေးမည်ထင်ခဲ့

စီးသွင်ညိုရစ် ၊ မဲဇာမြစ်လည်း

ထစ်ထစ်ထွန်းဘိ ၊ ချုံအတိနှင့်

တောကြီးဆိတ်ညံ ၊ ဆည်းကျံကျံဝယ်

ဓူဝံမပေါ် ၊ မမြော်ပါရ

နေကိုတလည်း ၊ ဘယ်ကရှေ့နောက်

ဘယ်တောင်မြောက်ဟု ၊ တွေးထောက်မမှန်

ဖန်ဖန်အုံဩ ၊ ကြံတိုင်းမောစွ

ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့

မခိုင်စိတ်ဝမ်း ၊ နေ့တိုင်းလွမ်းရှင့်

ကင်းစမ်းတောင်က ၊ လေဦးစ၍

နောက်မှလေရှည် ၊ အတည်တည်သည်

လေပြည်လာက ၊ အေးသောကြောင့်။


ပွဲခါညောင်ရည် ၊ သွန်းမြဲပေတည့်

ရိုသေသဒ္ဓါ ၊ ထုံးစဉ်လာဖြင့်

မဲဇာရပ်သူ ၊ တောင်းဆုယူသည်

ရွှေဂူတော်နှင့် ၊ ရှုတိုင်းသင့်သား

မိုးမြင့်သီခေါင် ၊ မဲဇာချောင်က

တစ်တောင်လုံးမှိုင်း ၊ စ၍ဆိုင်းသော်

တောင်တိုင်းယှက်၍ ၊ ဝန်းကာဝေ့သည်

တောင်ငွေ့ဝေဝေ ၊ အထွေထွေနှင့်

လေလည်းရောရော ၊ မိုးမပါဘဲ

သံဝါဖြောက်ဖြောက် ၊ ဆီးနှင်းပေါက်လည်း

မိုးလောက်ပြင်းထန် ၊ သွန်းချပြန်သော်

ယုဂန်ထင်ရှား ၊ တောင်တော်ဖျားက

ရထားယာဉ်သာ ၊ နေစကြာလည်း

ရောင်ဝါမထွန်း ၊ ချမ်းရှာလွန်း၍

တည့်မွန်းချိန်နေ ၊ ရောက်လွယ်စေဟု

စေ့ရေလှည့်လည် ၊ တလျက်မြည်သည်

နေခြည်ဖြာမှ ၊ နွေးသောကြောင့် ။



ပိုဒ်စုံရတု                                လက်ဝဲသုန္ဒရ


မဲဇာတောင်ခြေ - လက်ဝဲသုန္ဒရ


 ကျွန်ုပ်တို့ငယ်စဉ်က သင်ကြားခဲ့သော မြန်မာစာသင်ရိုးမှ ကဗျာများကို အောက်မေ့၍ ပြန်လည်ဖတ်လိုသော စာဖတ်သူများအတွက် ရည်ရွယ်ပြီးတင်ခြင်းဖြစ်သည်။အထက်ဖော်ပြပါကဗျာသည် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ မူပိုင်ဖြစ်သည်။


YHNL


Previous Post Next Post