Zilong ဆိုတဲ့စကားလုံးကို အမှန်အတိုင်းဝန်ခံရရင် Mobile Legend ဆော့ကာမှပထမဆုံးစသိတာဖြစ်ပါတယ်။ ကိုင်ရတာပေါ့ပါးသလို အသုံးလည်းအတော်တည့်တဲ့ Hero အမျိုးအစားပဲဖြစ်ပါတယ်။ Game ထဲက Hero တစ်ကောင်အနေနဲ့သာသိထားတာဖြစ်ပြီးတော့ နောက်ပိုင်းဇာတ်ကားတွေထဲမှာပါလာတဲ့အခါမှသာ တရုတ်သမိုင်းထဲက စစ်သူကြီးတစ်ဦးမှန်းသတိထားမိတာဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်ဒီအပိုင်းမှာ Zilong ရဲ့သမိုင်းနဲ့ သူအကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေအကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော် မထင်မှတ်ထားတဲ့အချက်ကတော့ Zilong အကြောင်းရိုက်ထားတဲ့ တရုတ်ရုပ်ရှင်ကားတွေ တော်တော်လေးများတာပဲဖြစ်ပါတယ်။ တရုတ်တွေ ဘာလို့ ဒီသူရဲကောင်းအကြောင်းကိုထပ်ခါထပ်ခါ ငွေအကုန်ကျခံပြီးရိုက်ကြတာလဲ ဆိုတာကို အဖြေရှာကြည့်ရအောင်ဗျာ။ ဒီနေရာမှာပြောစရာရှိတာက ထွက်တဲ့ဇာတ်ကားတိုင်းမှာ သမိုင်းကြောင်း ဇာတ်အိမ်တွေက ကွဲပြားနေတာဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ 

Zilong

Zilong အကြောင်းပြောမယ်ဆိုရင် Three Kingdoms လို့ခေါ်တဲ့ တရုတ်သမိုင်းမှာ အထင်ရှားဆုံး သုံးပြည်ထောင်စစ်ပွဲကို မပါမဖြစ်ပြောရမှာဖြစ်ပါတယ်။ Three Kingdoms အကြောင်းက နည်းနည်းရှည်တဲ့အတွက်ကြောင့် ကျွန်တော် အပိုင်းတစ်ပိုင်းအနေနဲ့ သပ်သပ်ဖော်ပြပေးပါမယ်။ အကြမ်းဖျင်းပြောပြရရင် တရုတ်ပြည်ရဲ့ ဟန်မင်းဆက် ပျက်စီးသွားတဲ့အခါ Wei, Wu နဲ့ Shu ဆိုပြီး နိုင်ငံ၃နိုင်ငံကွဲသွားပြီးတော့  သွေးချောင်းစီးပြည်ပျက်နေတဲ့ အချိန်အခါဖြစ်တယ်။ လျှိုပေ့၊ ချောင်ချောင်နဲ့ ဆန်ကွမ်း တို့ကတော့ နိုင်ငံခေါင်းဆောင်တွေ အသီးသီးဖြစ်ကြပါတယ်။ Zilong ကတော့ လျိုပေ့လက်အောက်မှာ ထင်ရှားကျော်ကြားတဲ့ကျားအဆင့်စစ်သူကြီး၅ဦးထဲက တစ်ယောက်ဖြစ်ပါတယ်။

Zilong ရဲ့ နာမည်အရင်းကတော့ ကျောက်ဇီလောင် (သို့) Zhao Yun- ကျောက်ရင်ပဲဖြစ်ပါတယ်။ သူရဲ့မွေးဖွားခဲ့တဲ့ခုနှစ်နဲ့ပတ်သတ်ပြီး သမိုင်းအထောက်အထားတွေအရ အငြင်းပွားစရာတွေရှိနေပေမယ့် ၂၂၉ ခုနှစ်မှာ သေဆုံးသွားခဲ့တယ်လို့ အတိအကျဖော်ပြထားတာကိုတွေ့ရပါတယ်။ သူ့ရဲ့ ဇာတိကတော့ တရုတ်ပြည်မြောက်ပိုင်း  Zhengding - ကျန်ဒမ်း ဒေသ  ( ယခု ဘေဂျင်းရဲ့ တောင်ဘက် ကီလိုမီတာ ၂၆၀ အကွာမှာ တည်ရှိခဲ့တဲ့ မြို့ပြနိုင်ငံတစ်ခု)ပဲဖြစ်ပါတယ်။

Zhao Yun - ကျောက်ရင်

တရုတ်ပြည်ရဲ့ သုံးပြည်ထောင်ခေတ်မှာ ပြောင်မြောက်ထင်ရှားပြီး သမိုင်းမှတ်ကျောက်တင်ခဲ့တဲ့ သူရဲကောင်းများစွာပေါ်ထွန်းခဲ့ပါတယ်။ အများစု သူရဲ့ကောင်းတွေဟာ မင်းဆွေမင်းမျိုးတွေ ဒါမှမဟုတ် နောင်ဖြစ်လာမဲ့ ခေါင်းဆောင်တွေရဲ့ မူလအစကတည်းက သွေးသောက်ညီနောင်တွေပဲဖြစ်ကြပါတယ်။ သူတို့ထဲမှာ ကွဲပြားတာကတော့ Zilong က ဘာဆွေမျိုးနောက်ခံအသိုင်းအဝိုင်းမှ မရှိဘဲ ရိုးရိုးသာမန် လယ်သမားဘဝကနေ စစ်သားဘဝ နောက်ပိုင်း တိုင်းပြည်မှာ ဘုရင်ပြီးရင် စစ်အာဏာအရှိဆုံး ကျား၅ကောင်စစ်သူကြီးတစ်ဦးဖြစ်လာခဲ့တာပါ။

သူပထမဆုံး ဝင်ရောက်အမှု့ထမ်းခဲ့တာကတော့ Gongsun Zan - ကုန်းစွန်းဇန် ( ယုနယ်စား) ဆီမှာ သာမာန်စစ်သားအဖြစ်နဲ့ စစ်မှု့ထမ်းခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် တပ်အတွင်းမှာ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ ၁၉၀ အစောပိုင်းနှစ်တွေမှာ  ချောင်ချောင်ဟာ ဘုရင်ကိုကြိုးကိုင်ပြီး တိုင်းပြည်အာဏာ အလွဲသုံးစားလုပ်လာခဲ့တာကြောင့် Zilong ဟာ လျိုပေ့နဲ့တွေ့ဆုံပြီး တိုင်းပြည်ကိုပြန်လည်တည်ထောင်ဖို့ လျိုပေ့လက်အောက်ကို ပြောင်းရွှေ့ အမှု့ထမ်းခဲ့ပါတယ်။ လျိုပေ့လက်အောက်မှာ သူ့ရဲ့စွမ်းရည်ဟာ ထိုခေတ်ရဲ့ တိုက်တိုင်းနိုင်တဲ့ စစ်မင်းတစ်ပါးအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

သမိုင်းမှာ Zilong ကို တရုတ်တွေဟာ စစ်နတ်ဘုရားအဖြစ်ကိုးကွယ်ခဲ့တယ်လို့ သမိုင်းသုတေသီတေတွေကသက်သေအခိုင်အမာနဲ့ပြောဆိုမှု့တွေလည်းရှိခဲ့ပါတယ်။ သူတို့အားလုံးထောက်ပြကြတဲ့အဓိက အချက်ကတော့ ဟန်နမ်မှာရှိတဲ့ တာအိုဘုရားကျောင်းတစ်ခုမှာ Zilong ကို စစ်ပွဲတွင်အောင်နိုင်ရဖို့ နဲ့ ချမ်းသာပျော်ရွှင်မှု့တို့အတွက် ရုပ်ထုများ တံခါးနှင့် နံရံတို့တွင် ရေးထွင်းပူဇော်ထားတာကို တွေ့ရှိတာပဲဖြစ်ပါတယ်။

တာအိုဘုရားကျောင်း

ဒီအကြောင်းအရာတွေဟာ ကျွန်တော်ရွေးထားတဲ့ ဇာတ်ကားတွေမှာ မပါတဲ့ သူ့ရဲ့နောက်ခံသမိုင်းကြောင်းတွေဖြစ်ပါတယ်။ Zilong အကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေဟာ သူ့ဘဝရဲ့ အပိုင်းအခြားတစ်ခုစီကို ခွဲပြီး ရိုက်ကြတာဖြစ်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်တွေနဲ့ အခြေခံထားတာကို တွေ့ရမှာဖြစ်ပတယ်။ ဇာတ်ကားတိုင်းမှာ တူညီတဲ့ အချက်ကတော့  သူရဲ့ဓားဟာ ဘယ်အရာဝတ္တုအမျိုးအစားကို မဆိုဖြတ်နိုင်တယ်ဆိုတဲ့ အချက်နဲ့ အသက်ကယ်ဖို့အတွက် ရန်သူ့စစ်တပ်တွေကြားထဲကိုအတင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ သူ့ရဲ့ ဓားကို ဘယ်လိုရခဲ့တယ် သူဘယ်လိုထိုးဖောက်ပြီးကယ်တင်ခဲ့တယ်ဆိုတဲ့အချက်တွေကို ဇာတ်ကားတိုင်းမှာ မတူတဲ့ဇာတ်အိမ်တွေနဲ့တည်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်ပထမဆုံးရွေးပေးမယ့် ဇာတ်ကားကတော့ ၂၀၂၀ မှာနောက်ဆုံးထွက်ခဲ့တဲ့ God of War ; Zhao Zilong ပဲဖြစ်ပါတယ်။ နောက်ဆုံးထွက်တဲ့ ဇာတ်ကားဖြစ်တာအတွက် ရုပ်ထွက်နဲ့ ရိုက်ထားတဲ့ ဇာတ်ကွက်က ခေတ်အမှီဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ချစ်ကျုံတိုက်ပွဲ ပြီးသွာတဲ့အခါ စစ်မြေပြင်ကနေထွက်ခွာပြီး ကျေးလက်မှာ အနားယူရာကနေ ဘယ်လိုတိုက်ပွဲထဲပြန်ဝင်လာခဲ့သလဲဆိုတာကို ဇာတ်အိမ်တည်ရိုက်ကူးထာတာဖြစ်ပါတယ်။

God of War ; Zhao Zilong 2020

ဒုတိယကားကတော့ အများစုကြည့်ဖူးပြီးသားဖြစ်မယ့် Three Kingdoms; Resurrection of the Dragon -2008 ပဲဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဟုတ်ချင်းပေါင် မင်းသားကြီးအပြင် Andy Lau က Zilongနေရာက ပါဝင်သရုတ်ဆောင်ထားတဲ့ အတွက် သရုပ်ဆောင်ချက်တွေက အပြိုင်မြင်ရမှာဖြစ်တဲ့ အက်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ နောက်ပြီးဒီဇာတ်ကားဟာ ၁၄ ရာစုရဲ့ သမိုင်းစာအုပ်တစ်အုပ်ဖြစ်တဲ့ Romance of the Three Kingdoms  ပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Zilong ရဲ့ ငယ်ဘဝကနေ အသက်ကြီးသည်အထိ ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပါတယ်။

Three Kingdoms; Resurrection of the Dragon -2008

နောက်ဆုံးကားအနေနဲ့ကတော့ ကျွန်တော်ညွှန်းပေးမှာကတော့ God Of War, Zhao Yun - 2016 ပဲဖြစ်ပါတယ်။စစ်သူကြီးနဲ့ ရွှေရောင်ဓားလို့ မြန်မာပြန်ထားတာကိုလည်းတွေ့ရပါတယ်။အပေါ်ကဇာတ်ကားတွေကတော့ တစ်ကားထဲအပြီး ဆိုပေမယ့် ဒီကားကတော့ အပိုင်း၆၀ အထိပါဝင်ပါတယ်။ Girl Generation က Yoona ပါဝင်သရုပ်ဆောင်ထားပြီး Lin Gengxin က Zilong နေရာကနေသရုပ်ဆောင်ထားတဲ့ Rating မြင့်ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။

God Of War, Zhao Yun - 2016 

ကျန်တဲ့ Zilong အကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေက ခေတ်တော်တော်ကြာကဇာတ်ကားတွေဆိုတော့ ကျွန်တော်တို့နဲ့ လက်လှမ်းမှီတဲ့ ဇာတ်ကားတွေကိုသာ ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။ ဇာတ်ကားတွေနဲ့ပတ်သတ်ပြီးပြောလိုတာကတော့ ဒီ၃ကားလုံးက Action အသားပေးဇာတ်ကားတွေဖြစ်ပါတယ်။ ရိုးရိုးပြေားရရင်တော့ သိုင်းကားတွေဖြစ်ပါတယ်။ ဆိုတော့ သိုင်းကားတွေထက်စာရင် သမိုင်းကြောင်းအခြေခံ အတွေးအခေါ်အသားပေး သုံးပြည်ထောင်အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို နောက်အပိုင်းမှာ တင်ပြထားပေးပါတယ်။ ယခုကျွန်တော်ရွေးပေးထားတဲ့ ဇာတ်ကားတွေထဲမှာ ဘယ်ဇာတ်ကားကအကြိုက်ဆုံးဖြစ်တယ်ဆိုတာ comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။


အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

YHNL ( ရန်ထီးနေလ)


Three Kingdoms - သုံးပြည်ထောင်သမိုင်းနှင့် တရုတ်စစ်နတ်ဘုရားများ


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။







Previous Post Next Post