ကျွန်တော်ဒီတစ်ခါမှာတော့ ပုံမှန်ရွေးပေးနေကြနဲ့မတူပဲ ရှေးသမိုင်းကြောင်းဆန်တဲ့ ဇာတ်ကားမျိုးကို ရွေးပေးမှာဖြစ်ပါတယ်။ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ကျွန်တော် Three Kingdoms အကြောင်းကိုသေချာမသိခဲ့ပါဘူး။ ပထမဆုံး ထိစပ်လုနီးနီးဖြစ်ခဲ့တာကတော့ တရုတ်သိုင်းကားတွေ ၊ရာဇာဝင်ကားပြဇာတ်တွေမှာ ခဏခဏတွေ့ရတဲ့ မုတ်ဆိတ်မွေး အရှည်၊ မျက်နှာနီနီ လှံရှည်ကိုင်ထားတဲ့ စစ်သူကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါမှန်းသေချာမသိပေမယ့် သူ့ကိုတော့မျက်မှန်းတန်းမိတဲ့အထိ ကျွန်တော်ရင်းနှီးနေပါပြီ။ ဒါပေမယ့် ကျွန်တော်ထပ်လည်းမသိချင်ပါဘူး ဒီအတိုင်း တရုတ်စစ်သူကြီးတစ်ယောက်အနေနဲ့ပဲထားလိုက်ပါတယ်။

ကွမ်းယု

ဒုတိယအကြိမ်ကတော့ Zilong လို့ကျွန်တော်အားလုံးသိထားတဲ့ Mobile Legend ထဲက Hero တစ်ကောင်ပဲဖြစ်ပါတယ်။ Zilong ရဲ့ ကျွန်တော်အကြိုက်ဆုံးအပိုင်းကတော့ Hero never fail အော်ပြီး တာဝါခိုးချိုးရတာပဲဖြစ်ပါတယ်။ နောက်ပိုင်း တရုတ်စစ်ကားတွေမှာ ကျောက်လုံလို့စာတန်းထိုးတဲ့ စစ်သူကြီးတစ်ယောက်ရှိတာကိုတွေ့လာခဲ့တဲ့အခါတော့ သေချာရှာကြည့်ဖြစ်ခဲ့ပါတယ်။ Ziong အကြောင်းကို ကျွန်တော်အပိုင်းတစ်ပိုင်းခွဲပြီးတင်ပေးထားတာရှိပါတယ်။မထင်ထားတာက Zilong နဲ့ မုတ်ဆိပ်ရှည်စစ်သူကြီးတို့က တစ်ခေတ်ထဲက သူရဲကောင်းတွေဖြစ်နေခဲ့တာဖြစ်ပါတယ်။ဆိုတော့ သူတို့နှစ်ဦးလုံးရဲ့ခေတ်ဖြစ်တဲ့ Three Kingdoms အကြောင်းကိုဆက်ကြရအောင်ဗျာ

Three Kingdoms လို့ခေါ်တဲ့ သုံးပြည်ထောင်ခေတ်ကိုအတိအကျ ကာလပိုင်းခြားဖို့ခက်ခဲပါတယ်။ တရုတ်ပြည်ရဲ့ ဟန်မင်းဆက်ပျက်သုန်းပြီး တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့တဲ့ အေဒီ ၂၂၀ ကနေ ၂၈၀ ကြားကာလလို့ အကြမ်းဖျင်းသတ်မှတ်ထားလို့ရပါတယ်။ သုံးပြည်ထောင် ဆိုတာကတော့ ခုဏကကွဲပြားသွားတဲ့ဒေသအသီးသီးထဲမှာ အင်အားအကြီးဆုံးနိုင်ငံ၃ နိုင်ငံဖြစ်တဲ့ ဝေ ၊ ဝူနဲ့ ရှု့တို့ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ချောင်ချောင် ( ဝေ )၊ လျိုပေ့ ( ရှု့ )၊ ဆန်ကွမ်း (ဝူ ) တို့ဟာ နိုင်ငံခေါင်းဆောင်များ အသီးသီးဖြစ်ကြပါတယ်။ ကျွန်တော်အပေါ်ကပြောခဲ့တဲ့ Zilong နဲ့ မုတ်ဆိပ်ရှည်စစ်သူကြီး ကွမ်းယု တို့ကတော့ လျိုပေ့လက်အောက်က စစ်သူကြီးတွေဖြစ်ပါတယ်။

သုံးပြည်ထောင်ခေတ်

တရုတ်သမိုင်းကိုလေ့လာမယ်ဆိုရင် သုံးပြည်ထောင်ခေတ်ကို ဘယ်လိုမှကျော်သွားဖို့ မဖြစ်နိုင်ပါဘူး။ တရုတ်သမိုင်းမှာ သွေးချောင်းအစီးဆုံးခေတ်ဖြစ်ခဲ့သလို စစ်လက်နက်နဲ့နည်းပညာပိုင်းဆိုင်ရာမှာလဲ ထူးခြားစွာတိုးတက်ခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။  ဟန်မင်းဆက်ရဲ့ လူဦးရေစစ်တမ်းအရ စစ်မဖြစ်ခင် နိုင်ငံအတွင်းမှာ လူဦးရေ ၅၆ သန်းကျော်နဲ့ အိမ်ခြေ ၁၀ သန်းကျော် အခြေကျနေထိုင်ခဲ့တာဖြစ်ပြီး သုံးပြည်ထောင်ခေတ်ပြီးသွားတဲ့အခါမှာတော့ နိုင်ငံလူဦးရေဟာ ၁၆ သန်းကျော် အိမ်ခြေ ၂ သန်းကျော်ပဲ ကျန်ရှိခဲ့တယ်လို့ သမိုင်းအထောက်အထားများအရသိရှိရပါတယ်။ ဆိုတော့ ပျမ်းမျှတွက်ကြည့်ရင် သုံးပြည်ထောင်ကာလမှာ စစ်အတွင်းသေဆုံးခဲ့တာက သန်း၄၀ ကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။ ယနေ့ခေတ်နဲ့တွက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံလူဦးရေရဲ့ ၅ပုံ ၄ပုံ သေဆုံးသွားတာဖြစ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာမှာ ယခင်ခေတ်တွေနဲ့ လုံးဝသိသာစွာပြောင်းလဲသွားတကိုတွေ့ရမှာဖြစ်ပါတယ်။ ဥပမာပြောရရင် ဆက်တိုက်ပစ်လို့ရတဲ့ ဒူးလေးအမျိုးအစားဟာ သုံးပြည်ထောင်ခေတ်ရောက်မှသာ တီထွင်ဖန်တီးခဲတာဖြစ်ပါတယ်။နောက်ပြီး ယနေ့ခေတ် သယ်ယူပို့ဆောင်ရေးယာဉ်အမျိုးအစားဖြစ်တဲ့ ဘီးတပ်တွန်းလှည်းကိုလည်း သုံးပြည်ထောင်ခေတ်မှာ စတင်ဖန်တီးခဲ့တာကိုတွေ့ရပါတယ်။

ဘီးတပ်ဝန်တင်တွန်းလှည်း

ဒါဆိုရင်တော့ Three Kingdoms အကြောင်းကို အကြမ်းဖျင်းနားလည်သွားပြီလို့ယူဆလို့ရပါတဲ့အတွက်ကြောင့် ဇာတ်ကားတွေအကြောင်းကို လှည့်ချင်ပါတယ်။ တရုတ်တွေရဲ့ အကြမ်းဆုံးခေတ်တစ်ခေတ်ဖြစ်သလို စစ်သူရဲကောင်းများစွာပေါ်ထွက်ခဲ့တဲ့အတွက် ရိုက်စရာ ဇာတ်အိမ်အများကြီးရှိတယ်ဆိုတာကတော့ မှားစရာအကြောင်းမရှိပါဘူး။ ဒါကြောင့်လည်းပဲ ဒီခေတ်အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀ ခန့်ရှိနေတာကို အံ့အားသင့်ဖွယ်တွေ့ရပါတယ်။ သမိုင်းကြောင်းခိုင်လုံမှု့၊ အတွေးအခေါ်ပေးစွမ်းနိုင်မှု့ နဲ့ယနေ့ခေတ်မှာပြန်ကြည့်လို့ရမရစတာတွေကိုအသားပေးပြီးတော့ ကျွန်တော် ဇာတ်ကား ၂ကားကိုရွေးပေးမှာဖြစ်ပါတယ်။

ပထမကားကတော့ အားလုံးကြည်ဖူးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ဒါပေမယ့် ဘယ်အချိန်ပြန်ကြည့်ကြည့်မရိုးသလို ရုပ်ထွက်ကြည်လင်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Red Cliff 2008 ပဲ ဖြစ်ပါတယ်။ ရှာကြည့်မယ်ဆိုရင် အပိုင်း ၂ပိုင်းရှိမှာဖြစ်ပြီး ကြာမြင့်ချိန် ၄နာရီနဲ့ ၄၈ မိနစ်ရှိပါတယ်။ ၂၀၀၈ ကတည်းက ခုချိန်ထိ IMDb 7.4 ကိုထိန်းထားနိုင်တဲ့ အကောင်းဆုံးတရုတ်စစ်ကားတစ်ကားဖြစ်ပါတယ်။ မကြည့်ဖူးတဲ့သူတွေအတွက် ရှေးခေတ်တရုတ်ကားဆိုတာနဲ့ ကျွန်တော်တို့တွေးတာက လေပေါ်ပျံပြီးသိုင်းကွက်တွေထုတ်တဲ့ ဇာတ်ကားလို့ပဲတန်းတွေးကြတာပဲဖြစ်ပါတယ်။ 

Red Cliff 2008

ဒါပေမယ့်ဒီကားကတော့  သိုင်းကွက်လုံးဝမထုတ်ပဲ စစ်ရေးပရိယယ် အသားပေးထားတဲ့ လက်တွေ့ကျကျရိုက်ကူးထားတဲ့ စစ်ကားဖြစ်ပါတယ်။ ဘက်ဂျက်အနေနဲ့ ထိုခေတ်က အမေရိကန်ဒေါ်လာ ၈၀ မီလီယံကျော်အကုန်အကျခံထားတာဖြစ်ပါတယ်။ဒါဟာ တရုတ်သမိုင်းမှာ အဲဒိခေတ်က အများဆုံးအကုန်ကျခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဘယ်လောက်ပြန်ရဘဲကြည့်ကြည့်ရအောင်ဗျာ အံအားသင့်စရာတော့မရှိပါဘူး အမေရိကန်ဒေါ်လာ ၂၅၀ မီလီယံတောင်ပြန်ရခဲ့ပါတယ်။ဇာတ်ညွှန်းဇာတ်ကွက်ကောင်းသလို ဝါရင့်သရုပ်ဆောင်တွေနဲ့ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။

ဒုတိယကားကတော့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒါဆိုမေးစရာရှိတာက ပထမကားကြည့်ပြီးသွားမှတော့ နောက်ဇာတ်လမ်းတွဲကြည့်ရင် အကုန်သိပြီးသားကိုပြန်ကြည်ရသလိုဖြစ်နေမှာပေါ့။ ဒီနေရာမှာကျွန်တော်ကိုယ်တိုင်ကလည်း ပထမကားကိုကြည့်ပြီးမှ ဇာတ်လမ်းတွဲကိုကြည့်တာဖြစ်ပါတယ်။ Red Cliff က ကမ်းပါးနီတိုက်ပွဲ အကြောင်းကို အဓိကအသားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ဒါပေမယ့် ၂ပိုင်းလုံးကြည့်ပြီးသွားတဲ့ အခါ မိတ်ဆွေအနေနဲ့ တိုက်ပွဲအကြောင်းကိုသာ သေချာသိသွားရုံပဲရှိပါတယ်။ နောက်ပြီး ကမ်းပါးနီတိုက်ပွဲတစ်ခုတည်းက သုံးပြည်ထောင်ခေတ်ကို အပြည့်အဝဖော်ညွှန်းနိင်စွမ်းမရှိသလို Three Kingdoms အကြောင်းကို နားလည်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ Red Cilff မှာသိမ်းသွားတဲ့ ဇာတ်သိမ်းက သမိုင်းအဆုံးသပ်မဟုတ်သေးပါဘူး။ နောက်ပြီး Red Cilff ကြည့်ပြီး မှ ဇာတ်လမ်းတွဲကိုကြည့်ရင်တောင် လုံးဝအရသာမပျက်ပါဘူး။

Three Kingdoms 2010

ဆိုတော့ ညွှန်းတဲ့အခန်းများသွားပြီ။ ဇာတ်ကားနာမည်က Three Kingdoms 2010 ပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်း သုံးပြည်ထောင်အကြောင်းအစအဆုံးရိုက်ကူးထားတာဖြစ်ပါတယ်။ လျိုပေ့၊ ချောင်ချောင်၊Zilong တို့အကြောင်း အသေးစိတ်အပါအဝင် သမိုင်းကြောင်းတစ်ခုလုံးကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားသည်လည်းပဲ သိုင်းကွက်လုံးဝမပါတဲ့ စစ်ရေးအတွေးအခေါ်အသားပေး လက်တွေ့ကျကျစစ်ကားဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ၅နှစ်ကျော်အချိန်ယူ ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဖြစ်တဲ့အတွက် ဇာတ်ကားဟာ တစ်ခန်းပြီးတစ်ခန်း ဇာတ်ရှိန်မြင့်မြင့်နဲ့ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ IMDb 8.3 ဆိုတော့ ကျွန်တော်ညွှန်းတာ နည်းတောင်နည်းနေသလိုဖြစ်နေပါပြီ။ တစ်ကမ္ဘာလုံးက တစ်ခဲနက်ထောက်ခံမှု့ကိုရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ကျွန်တော်အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားမှာ ချောင်ချောင်ကိုတောင် တော်တော်သဘောကျသလိုရှိပါတယ်။ချောင်ချောင်နေရာမှာ Chen Jianbin က သမိုင်းရဲ့ အဆိုးဆုံးဗီလိန်ကနေ ပရိတ်သိပ်အကြိုက်ဆုံးဇာတ်ရုပ်အဖြစ်အားပေးခံရတဲ့အထိကို ကောင်းကောင်းကြီးသရုပ်ဆောင်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။

 

Three Kingdoms 2010

Three Kingdoms 2010 နဲ့ပတ်သတ်ပြီးအာမခံလိုတာက မိတ်ဆွေ ဒီဇာတ်ကားကို ကြည့်ကြည့်ပါ လုံဝနောင်တရမှာမဟုတ်ဘူးဆိုတာပါပဲ။ အခုကျွန်တော်ရွေးပေးတဲ့ ဇာတ်ကားတွေနဲ့ပတ်သတ်ပြီး မိတ်‌ဆွေတို့ရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွှေးနိုင်ပါတယ်။


အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

YHNL ( ရန်ထီးနေလ)


Zilong - တရုတ်တို့သမိုင်းကိုပြန်လည်အသက်သွင်းလာခြင်း


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post