အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

တပင်ရွှေထီးရဲ့ဟံသာဝတီတပ်မကြီးတွေ တဟုန်ထိုးစစ်ချီလာခဲ့တာ ပြည်ကိုဆိုက်ဆိုက်ကြီးရောက်လာကြပါပြီ။ ပြည်ဘုရင်မင်းခေါင်အနေနဲ့က တပင်ရွှေထီးဟာ သူဆင်တဲ့အကွက်ထဲမိသွားတဲ့အတွက် ဝမ်းသာအားရခံစစ်ပြင်ဖို့တပ်ဖွဲ့တွေကို အသင့်နေရာယူစေပါတယ်။ ဒီအတောအတွင်းတပ်‌ရဲ့ဖွဲ့စည်းပုံကို အသစ်ပြောင်းလဲထားတဲ့အတွက် ပြည်တပ်တွေ စစ်‌‌သွေးစစ်မာန်အပြည့်နဲ့ သူ့အမိန့်အတိုင်းမလွဲမသွေထမ်းရွက်ကြတော့မှာဖြစ်ပါတယ်။ ခံစစ်တို့ရဲ့ထုံးစံအတိုင်း ကျုံးမြောင်းမြိုရိုးတို့ကို ပြင်ဆင်ပြီးတဲ့နောက် ဘုရင်မင်းခေါင်စစ်ကူလာတဲ့ပတ်ဝန်းကျင်စစ်ခေါင်းဆောင်တွေဆီက အမြှောက်စိန်ပြောင်းတွေနဲ့ အမြောက်တပ်ကိုခပ်စိတ်စိတ် မြို့ရိုးမှာနေရချထား‌ပါတယ်။ ပြည်ဘုရင်မင်းခေါင်ရဲ့စစ်ဗျူဟာက ဟံသာဝတီတပ်တွေလာတိုက်တဲ့အခါ မြို့ရိုးကနေအဝေးပစ်လက်နက်ကြီးတွေအကူအညီနဲ့ အမြင့်ကနေအသာစီးယူပစ်ခတ်မှာဖြစ်ပြီး စစ်ကူတွေရောက်လာတဲ့အချိန်ထိသူ့ရဲ့ပင်မတပ်ကိုမလှုပ်ဘဲ ရန်သူကိုအမှည့်ခြွေဖို့ရည်ရွယ်ပါတယ်။

ဆိုတော့စစ်ကူလာတဲ့အင်းဝတပ်တွေဘယ်‌‌နေနေရောက်နေပါပြီလဲ

သိုဟန်ဘွားရှမ်တပ်တွေကိုဦးစီးပြီး ပြည်ကိုစစ်ကူ‌ပေးဖို့ဆင်းလာတယ်ဆိုပေမယ့် ဒုန်းဆိုင်းကြီးဟံသာဝတီတပ်တွေကို ထိပ်တိုက်ရင်ဆိုင်မှာမဟုတ်ပါဘူး။ နယ်မြေအားဖြင့်ပိုနီးတဲ့ အင်းဝကရှမ်းတပ်တွေ ပြည်ကိုအရင်ရောက်လာသင့်တယ်လို့ထင်စရာရှိပေမယ့် သိုဟန်ဘွားအချိန်တစ်ခုရောက်အောင် စောင့်ဆိုင်းနေပါတယ်။

မိမိရန်သူဖြစ်တဲ့တပင်ရွှေထီးပြည်မြို့ရိုးကိုလုပ်ကြံပြီးအင်အားချိနဲ့သွားတဲ့အချိန် တစ်နည်းအားဖြင့် ခံစစ်နဲ့တိုက်နေတဲ့ပြည်တပ်တွေစစ်ပန်းသွားတဲ့အချိန်ရောက်မှ အင်းဝတပ်တွေအင်ပြည့်အားပြည့်နဲ့ တစ်ဟုန်ထိုး တိုက်စစ်ကိုစဖွင့်မှာဖြစ်ပါတယ်။

တခြားတစ်ဘက်မှာ တပင်ရွှေထီးရဲ့ဟံသာဝတီတပ်မကြီးတွေ ပြည်ကိုသိမ်းဖို့စစ်အင်အားနေရာချထားနေပါပြီ။

ဒီတစ်ခေါက်ပြည်ကိုတိုက်မယ့်အခင်းအကျင်းဟာ ဟံသာဝတီတပ်တွေအတွက် ရှေ့စစ်ပွဲတွေနဲ့များစွာခြားနားနေပါတယ်။ ‌ရှေ့စစ်ပွဲတွေမှာ ရန်သူကိုဘက်ပိုင်းစုံကတိုက်ခိုက်တာ ကြိမ်ဖန်များစွာတွေ့ကြုံဖူးပြီးသားဖြစ်ပေမယ့် အခုစစ်ပွဲလို မြို့ကိုဝိုင်းနေချိန် မြို့ရိုးအပြင်မှာ ရန်သူ‌တွေကျားချောင်းသလို‌အချောင်းခံနေရတဲ့က်အ‌‌ခြေအ‌နေနေးဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါကြောင့်အရမ်းကာရော စစ်အင်အားအကုန်သုံးတိုက်မယ့်ပုံစံကို နောက်ဆုံ‌ချောင်ပိတ်မိတဲ့ အခြေအနေမျိုးမှသာ မဖြစ်မနေထုတ်သုံးဖို့ ဘုရင့်နောင်ရည်ရွယ်ထားပါတယ်။ 

စစ်မြေပြင်မှာကြိုတင်အသွင်ယူထားတဲ့သူလျိုတွေရဲ့သတင်းပို့ချက်အရ အင်းဝဘုရင်သိုဟန်ဘွားရဲ့ရှမ်းတပ်ဟာ ပြည်ကိုစစ်ကူမရောက်သေးတဲ့အပြင် ဒီအရေးမှာအချိန်မှီပြည်ကိုစစ်ကူပေးဖို့ဆိုင်းပြင်းတဲ့ပုံစံသိပ်မတွေ့ရဘဲ တပ်တွေပုံမှန်အတိုင်းစုဖွဲ့လှုပ်ရှားနေတယ်လို့ဆိုပါတယ်။

စစ်ပွဲဖြစ်နေချိန်မှာ မဟာမိတ်တပ်တွေအနေနဲ့ ရန်သူနဲ့တိုက်နေတဲ့စစ်မြေပြင်ကိုအလျင်အမြန်စစ်ကူးပေးဖို့ အပြင်းချီတက်လေ့ရှိပေမယ့် ဒီအင်းဝတပ်ကတော့ စစ်ကူနောက်ကျမှာမစိုးရိမ်သလို တပင်ရွှေထီး ပြည်ကိုသိမ်းသွားမှာကို သိပ်ထည့်တွေးပုံမရပါဘူး။ ဒါကြောင့်  ဘုရင့်နောင် တပင်ရွှေထီးရဲ့ဘုရင့်‌လှေတေ်မှာ စစ်ကဲသေနာပတိတွေစည်းဝေးပြီး ဗျူဟာတစ်ခုကိုပြင်ဆင်ကြပါတယ်။

ဘုရင့်‌လှေတေ်က စစ်ဦးစီးတွေထွက်ခွာအပြီး ဟံသာဝတီတပ်ဖွဲ့တွေ နှစ်ဖွဲ့ခွဲလိုက်ကြပါတယ်။ ဒီနှစ်ဖွဲ့ကိုသေချာကြည့်မယ်ဆိုရင် ပထမအဖွဲ့အဖွဲ့မှာ မြင်းတပ်ကိုအဓိကထားမဖွဲ့စည်းပဲ ဆင်တပ် ခြေလျင်တပ်တွေအသားပေးစုစည်းထားတာကို တွေ့ရမှာဖြစ်ပြီး ဒုတိယအဖွဲ့မှာတော့ ဆင်စီးမြင်းစီးစစ်သူရဲတွေနဲ့ အ‌မြောက်တပ်တွေတိတ်တဆိတ်စုဖွဲ့နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှု့တွေပြုလုပ်ပြီးတဲ့နောက် ဟံသာဝတီတပ်တွေ ပြည်ကိုထိုးစစ်စဖွင့်ပါတယ်။ မြို့ရိုးအပြင်မှာ စစ်စည်စစ်မောင်းတွေတီးပြီး ဟံသာဝတီတပ်တွေနေရာချနေချိန် ပြည်ဘုရင်မင်းခေါင် အခုတပင်ရွှေထီးရဲ့ထိုးစစ်မှာ ဆင်တပ်ခြေလျင်တပ်တွေကိုသာအသားပေးပြီး ဟံသာဝတီမြင်းတပ်တွေထုတ်မသုံးဘဲနောက်ချန်ထိုင်ထားတာကို ဘဝင်မကျရှိနေပါတယ်။ သို့ပေမယ့် တိုက်ပွဲကစပြီဖြစ်တဲ့အတွက် ဒီဘာမဟုတ်တဲ့အချက်တစ်ခုကိုဂရုပြုမနေဘဲ ခံစစ်ကိုသာအပြည့်အဝဦးတည်လိုက်ပါတယ်။

ဟံသာဝတီတပ်တွေပြည်ကိုရောက်ရောက်ချင်း မြို့ကိုဝိုင်းဝန်းပိတ်ဆို့ထားပြီး အင်းဝတပ်တွေစစ်ကူလာမယ့်လမ်းကြောင်းကို အလေးပေးပိတ်ဆို့ထားတာကို ဘုရင်မင်းခေါင်သတိထားမိပါတယ်။ ဒါကြောင့်သိုဟန်ဘွားရဲ့အင်းဝတပ်တွေချီတက်လာတာနဲ့ ပြည်တပ်တွေ မြို့ရိုးအပြင်ထွက်တိုက်မှာဖြစ်ပြီး ပိတ်ထားတဲ့ဟံသာဝတီတပ်တွေကိုဖြိုဖျက်ကာ စစ်ကူလာမယ့်လမ်းကြောင်းကို ရှင်းလင်းပေးဖို့အသင့်စီမံထားပါတယ်။

အခြားတစ်ဘက်မှာ တပင်ရွှေထီးရဲ့တိုက်မိန့်ပေးသံနဲ့အတူ ဟံသာဝတီတပ်တွေ မြို့တံခါးကိုအတင်းဖိပြီး ဝင်တိုက်‌နေနေပါတယ်။ အခုလို‌ဟံသာဝတီခြေလျင်တပ်တွေသဲကြီးမဲကြီးဝင်တိုက်ကြတဲ့အတွက် မြို့ရိုးပေါ်မှာနှစ်ဘက်တပ်တွေ အနီးကပ်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပါတယ်။ မြို့ရိုးမှာအတန်းပြည့်တပ်ဆင်ထားတဲ့အမြောက်စိ‌န်ပြောင်းတွေအောက်မှာ ဟံသာဝတီတပ်တွေ အတုံးအရုံးကျဆုံးနေပေမယ့် ထိုးစစ်ကတော့ရပ်တန့်သွားခြင်းမရှိပါဘူး။

ပြည်ဘုရင်မင်းခေါင်ဒီစစ်ပွဲမှာ လက်ရဲဇတ်ရဲနိုင်တဲ့တပ်မှူးအသစ်တွေကို မြို့ရိုးတစ်လျောက်နေရာချထားပြီး နေရာလပ်မကျန် အမြောက်နဲ့ပစ်တဲ့အတွက် ဟံသာဝတီတပ်တွေ တစ်ဖြည်းဖြည်းအကျအဆုံးများလာကာ နောက်ဆုံးဘုရင့်အမိန့်နဲ့ တပ်တွေဆုတ်ခွာသွားကြပါတယ်။

အခုလိုစစ်ဘီလူးဟံသာဝတီတပ်တွေကိုနိုင်လိုက်တဲ့အတွက် ပြည်သား‌တွေအောင်ပွဲခံတဲ့အနေနဲ့ ပွဲတော်ကျင်းပကြပါတယ်။ ဘုရင်မင်းခေါင်အနေနဲ့ အခုစစ်ပွဲမှာဘုရင့်နောင်ရဲ့အလံကိုမတွေ့တဲ့အတွက် တစ်ချိန်လုံးနောက်ဆံတင်းနေပေမယ့် နေကုန်စစ်ကျိုးတဲ့အခါ ပြည်တပ်တွေအနိုင်နဲ့ပွဲခံသွားတဲ့အတွက် သူရဲ့ပထမဆုံးအောင်ပွဲကို ပျော်ပျော်ကြီးကျင်းပနေပါတယ်။

တစ်ဘက်မှာ ဟံသာဝတီ-ပြည်စစ်ပွဲ ပြည်တပ်‌တွေအကြီးအကျယ်အနိုင်ရလိုက်တယ်ဆိုတဲ့သတင်းအရ သိုဟန်ဘွားသူ့ရဲ့ရှမ်းတပ်တွေကိုအတင်းနှင်လာနေပါတယ်။ 

ဒီနေရာမှာ စစ်ကူလာနေတဲ့ရှမ်းတပ်တွေကိုခဏရပ်ထားပြီး မြန်မာ့စွယ်စုံကျမ်း အတွဲ၁၀ မှပါတဲ့ ာရှေးခေတ်မြန်မာဘုရင့်တပ်တော်တွေစုဖွဲ့ပုံအကြောင်းကို လေ့လာကြည့်ရအောင်ဗျာ

ရှေးခေတ်စစ်သမိုင်းတွေကိုလေ့လာလိုက်စာတဲ့သူတွေအတွက် တပ်တွေစုဖွဲ့တဲ့အခါ စစ်အင်္ဂါလေးပါးရှိတယ်ဆိုတာသတိထားမိကြမှာပါ။ ပါဠိသက္ကတကျမ်းတွေကဖော်ပြတဲ့ စစ်အင်္ဂါ၄ပါးဆိုတာက ခြေလျင်တပ်၊ မြင်းတပ်၊ရထားတပ်၊ဆင်တပ်တို့ကိုဆိုလိုတာဖြစ်ပေမယ့် မြန်မာမှာက ရထားတပ်ဆိုတာမရှိတဲ့အတွက် ရေမြေအနေအထားအရ လှေတပ်ကို စစ်အင်္ဂါတစ်ပါးအနေနဲ့ ယူဆရမှာဖြစ်ပါတယ်။

ကျွန်တော်တို့တပင်ရွှေထီးအကြောင်းလေ့လာတဲ့အခါ ဟံသာဝတီတပ်တွေစစ်ကစားတဲ့နေရာမှာ ရေကြောင်းကုန်းကြောင်းက စစ်ချီတာကိုမကြာခဏတွေ့ရပါတယ်။ ဒီနေရာမှာအခုခေတ်ရေတပ်တွေနဲ့ မတူတာက ရှေးခေတ်ဘုရင့်တော်ဝင်ရေတပ်မှာအမှု့ထမ်းတဲ့ရေတပ်သားတွေအနေနဲ့ ရေထဲမှာတစ်ချိန်လုံးအမှု့ထမ်းခဲ့တာမဟုတ်ဘူးလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဘုရင့်တပ်တော်မှာအမှု့ထမ်းရတဲ့စစ်သူရဲတွေရဲ့ရာထူးတိုးမြှင့်ပုံက ခြေ၁၀ပွဲရမှ မြင်း။ မြင်း၁၀ပွဲရမှ ဆင်။ ဆင်၁၀ပွဲရမှ လှေ နောက်ဆုံးလှေ၁၀ပွဲရမှ သူကောင်းပြုခံရတယ်ဆိုတော့ ဘုရင့်လှေတပ်မှာအမှု့ထမ်းတဲ့‌ရေတပ်သားတွေဟာ ကုန်းရောရေပါကျွမ်းကျင်တဲ့ ဝါရင့်စစ်သူရဲတွေဖြစ်တယ်ဆိုတာသက်သေပြနေပါတယ်။

ကျွန်တော်တို့နဲ့မျက်မှန်းတန်းပြီးသားခြေလျင်တပ် မြင်းတပ်ရေတပ်တွေကိုခဏထားပြီး ဆင်တပ်ဆိုတာဘာလဲလေ့လာကြည့်ရအောင်ဗျာ

မျက်လုံးထဲမြင်အောင်ပြောရရင် ဆင်တပ်ဆိုတာက အခုခေတ်တင့်ကားတပ်ဖွဲ့မျိုးအနီးစပ်ဆုံးတူပါတယ်။ စစ်မြေပြင်ကိုအဓိကစဖွင့်ပြီး ရန်သူကိုတစ်ရှိန်ထိုးဝင်တိုက်ကာ စစ်ခေါင်းကွဲအောင်လုပ်သလို မြေပြင်ခြေလျင်တပ်တွေကို အနီးကပ်ပစ်ကူပေးနိုင်စွမ်းရှိပါတယ်။ တင့်ကားတွေလို သံချပ်ကာကိုယ်ထည်နဲ့အဝေးပစ်အမြောက်တွေမရှိပေမယ့် ချပ်တန်ဆာအပြည့် နဲ့တိုက်ဆင်တစ်ကောင်ဟာ စစ်မြေပြင်မှာ အမြင့်ကပစ်ကူပေးနိုင်ဖို့ ဆင်စီးစစ်သူရဲတွေ အဝေးပစ် လေးမြှားလှံတွေကိုင်ဆွဲပြီးတိုက်ပွဲဝင်လေ့ရှိပါတယ်။ ဆင်ပေါ်မှာကိုင်စွဲတဲ့လက်နက်အနေနဲ့ လင်းလေး၁လက် မြှား ၁၀၀ လှံ၁၀ချောင်း အဲမောင်းကြီး ၃ချောင်း (ထိုးခုတ်ရသောလှံကြီး )ချွန်းသီး ၁လက် (အဆူးတပ်သံလုံးကို သံကြိုဖြင့်ထိန်းထားသောလက်နက် ) ပါရှိတယ်လို့သိရပါတယ်။

 များသောအားဖြင့်တိုက်ဆင်တစ်ကောင်မှာ (ဆင်ဦးစီး၊ ကုန်းလည်စီး-နဲ့အရာရှိ အဓိကထိန်းချုပ်ပစ်ခတ်သူ၊ ပဲ့ချိတ်-အနိမ့်ဆုံးရာထူး ကုန်းလည်စီးသို့လက်နက်ကမ်းရသူ )ဆိုပြီး အမှု့ထမ်း၃ဦးပါရှိပါတယ်

ဒီနေရာမှာတစ်လက်စတည်း မြန်မာစစ်ကျမ်းတွေမှာပါတဲ့ စစ်ထိုးခြင်း၆ပါး စစ်ခံခြင်း၆ပါးကို ဗဟုသုတရဖို့ဖော်ပြပေးလိုက်ပါတယ်။

ဆိုတော့ စွယ်စုံကျမ်းကိုပိတ်ပြီး စစ်ကူလာနေတဲ့သိုဟန်ဘွားဆီပြန်သွားရအောင်ဗျာ

တပင်ရွှေထီးရဲ့ဟံသာဝတီတပ်တွေကိုအနိုင်ပိုင်းနိုင်ဖို့အသေးစိတ်ပြင်ဆင်ထားတဲ့အတွက် အခုစစ်ပွဲမှာ သိုဟန်ဘွားရဲ့ရှမ်းတပ်တွေအတွက် ဟာကွက်မရှိဘူးလို့ယုံကြည်သလို ပြည်တပ်တွေတောင် မနိုင်တဲ့တပင်ရွှေထီးရဲ့ဟံသာဝတီတပ်ဟာ သူ့အတွက်စာဖွဲ့စရာမဟုတ်အထင်ရှိနေပါတယ်။ 

သို့ပေမယ့် သူ့အတွေးမှားနေပြီဆိုတာ ရှေ့ကမြင်ကွင်းကသက်သေခံနေပါတယ်။ အကြောင်းကတော့ သူရှေ့မှာ ဘုရင့်နောင်ရဲ့ရှေ့ပြေးတပ်ဖွဲ့တွေသုံးတဲ့အလံတွေနဲ့မြင်းတပ်ကြီးတစ်ခုအသင့်စောင့်နေပါတယ်။

ဘုရင့်နောင်အနေနဲ့သိုဟန်ဘွားရဲ့ရှမ်းတပ်ဟာ ဟံသာဝတီတပ်တွေမတိုက်မချင်း လာမှာမဟုတ်ဘူးဆိုတာရိပ်မိတဲ့အတွက် တမင်ပြည်ကိုအတိုက်ပြပြီး အခြားတစ်ဘက်ကစစ်ကူလာမယ့်လမ်းမှာခြုံခိုပြီးစောင့်တိုက်တာဖြစ်ပါတယ်။ အကယ်လို့သိုဟန်ဘွားရဲ့စစ်ကူသာပြည်ကိုရောက်သွားပြီး သူနဲ့အတူပါလာတဲ့ တိုက်ဆင်၈၀၀ စစ်မြင်း၁၀၀၀၀သာ တိုက်ကွက်ဖော်စစ်ကစားမယ်ဆိုရင် ဒီစစ်ပွဲမှာ ဟံသာဝတီတပ်တွေအနိုင်ရဖို့အတော်ခက်ခဲသွားမှာဖြစ်ပါတယ်။

ဆိုတော့ ဘုရင့်နောင်ဘယ်လိုတိုက်ဖို့ပြင်ဆင်ထားပါသလဲ

ဒီတစ်ခေါက်တိုက်ပွဲမှာ လက်ျာစစ်ကြောင်း အလယ်စစ်ကြောင်းနဲ့ လက်ဝဲစစ်ကြောင်းဆိုပြီး ၃ပိုင်းခွဲထားပါတယ်။ စစ်ကြောင်းတစ်ခုဆီမှာ မြင်းတပ်၂ခု ခြေလျင်တပ်၄ခုပေါင်း၆တပ်နဲ့ဖွဲ့စည်းထားအတွက် တပ်မပေါင်း၁၈ခု ရှိပြီး စစ်အင်အားအရ တိုက်ဆင် ၁၅၀ စစ်မြင်း ၂၁၀၀ စစ်သူရဲ၉၀၀၀၀ပါဝင်ပါတယ်။ စစ်အင်အားအရကြည့်မယ်ဆိုရင် ဘုရင့်နောင်ရဲ့ဟံသာဝတီတပ်ကလူအင်အားများတယ်လို့ထင်စရာရှိပေမယ့် သိုဟန်ဘွားရဲ့တိုက်ဆင် ၈၀၀ မြင်းစီးစစ်သူရဲ၁၀၀၀၀ နဲ့အတူ ခြေလျင်ရဲမက်၁၆၀၀၀ သာ ချွန်းဖွင့်ပြီး အတင်းနင်းတိုက်ရင် အင်အားများလှပါတယ်ဆိုတဲ့ဟံသာဝတီခြေလျင်တပ်တွေ ဘာမှလုပ်ချိန်မရဘဲ ချက်ချင်းတပ်ပျက်သွားမှာဖြစ်ပါတယ်။ သို့ပေမယ့် ဘုရင်နောင်မှာ ဒီအခြေအနေကိုကိုင်ွယ်ဖို့ ပြောင်မြောက်တဲ့စစ်ဗျူဟာတစ်ခုရှိနေပါတယ်။

သူလျို၅ယောက် - ငါဟဲ့တပင်ရွှေထီး အပိုင်း၁၄


အင်းဝကစစ်ချီလာတဲ့သိုဟန်ဘွားရဲ့တိုက်ဆင်တွေဟာ ခရီးဝေးချီတက်လာတာဖြစ်တဲ့အပြင် အလုံးအထည်အားဖြင့်ပိုသေးတာကိုတွေ့ရပါတယ်။ ဘုရင့်နောင်ရဲ့တိုက်ဆင် ၁၅၀ကတော့ ချုံခိုတိုက်ဖို့အနားရထားတာဖြစ်တဲ့အပြင် ရေမှာစိမ်ထားတဲ့အတွက် မြူးပြီး အင်ပြည့်အားပြည့်ရှိနေပါတယ် သိုဟန်ဘွားရဲ့တိုက်ဆင်တွေနဲ့အလုံးအထည်သာလွန်တယ်ဆိုပေမယ့် အရေအတွက်အာဖြင့် ၅ဆကျော်သာလွန်တဲ့အတွက် တစ်ကောင်ချင်းဆီကိုအပိုင်ဖြိုဖို့ တိုက်ဆင်တွေပေါ်မှာ အမြောက်ငယ်တွေတပ်ဆင်မှာဖြစ်ပါတယ်။

ရှေ့ပြေးကင်‌ထောက်တွေရဲ့သတင်းအရ ရှမ်းတပ်တွေနီးလာပြီဖြစ်တဲ့အတွက် ခြေလျင်တပ်တွေကို လက်ဝဲလက်ျာမှာခြုံခိုစောင့်ကာ အကွယ်ကဆင်တွေကိုကုန်းပေါ်တင်ပြီး အမြောက်တွေဆင်ပါတယ်။

သိုဟန်ဘွား ဟံသာဝတီမြင်းတပ်ကိုမြင်တဲ့အခါ နွာသိုးကျိုးပြတ်အတင်းချွန်းဖွင့်ပြီးဝင်တိုက်ပါတယ်။ သို့ပေမယ့် ဟံသာဝတီမြင်းတပ်ကမခုခံဘဲဆုတ်ပြေးတဲ့အတွက် နောက်ကအတင်းလိုက်တဲ့အခါ ဘုရင့်နောင်ဆင်တဲ့ထောင်ချောက်တဲ့ကို သိုဟန်ဘွားဆိုက်ဆိုက်ကြီး‌ဝင်ချလာပါတယ်။ အဲလိုရှမ်းတပ်ဝင်လာကြတဲ့အခါ  ဘေးနှစ်ဘက်ကချုံခိုနေတဲ့ဟံသာဝတီတပ်တွေ ညှပ်တိုက်တဲ့အတွက် ရှမ်တပ်တွေအတော်အထိနာသွားပါတယ်။

သိုဟန်ဘွားချက်ချင်းသတိပြန်ကပ်ပြီး နောက်ကိုပြန်ဆုတ်ကာ ဒုတိယအကြိမ်စစ်ပြန်ထိုဖို့တပ်တွေစု့ပါတယ်။ ရန်သူချုံခိုနေတာသိသွားပြီဖြစ်တဲ့အတွက် ဒီတစ်ခေါက်ဟံသာဝတီအင်းဝ နှစ်ဘက်တပ်တွေထိပ်တိုက်တွေ့တော့မှာဖြစ်ပါတယ်။ ဟံသာဝတီတပ်ဖွဲ့တွေအနေနဲ့ ကနဦးစစ်ကြောင်းခွဲထားတဲ့အတိုင်း ၃ခြမ်းစုဖွဲ့ကာ ဘုရင့်နောင်ကအလယ်ကနေရာယူပါတယ်။ တပ်တွေအသင့်ဖြစ်တဲ့အခါ ကျောမှာအမြောက်တင်ထားတဲ့ ဆင်တပ်တွေနဲ့ နေရာ၃ခုက တစ်ပြိုင်နက်တည်း တိုက်စစ်စဖွင့်ပါတယ်။ ဘုရင့်နောင်ရဲ့တိုက်ဆင်တွေဟာ ရေဝနေတဲ့အပြင် အမြောက်နဲ့အနီးကပ်ချိန်ပစ်တဲ့အတွက် သိုဟန်ဘွားဆင်တပ်တွေ တဘုန်းဘုန်းလဲကာ အကျအဆုံးများပြားသွားပါတယ်။

အဲလိုဆင်တပ်တွေအခြေအနေမလှဖြစ်နေတဲ့အတွက် စစ်ဦးစီးစော်ဘွားတွေနောက်ကို အတင်းဆုတ်ပြေးကြပါတယ်။ သို့ပေမယ့်နောက်က ဘုရင့်နောင်ရဲ့မြင်းတပ်တွေ အတင်းလိုက်တိုက်တဲ့အတွက် စစ်ကူလာတဲ့ သုံးဆယ်စော်ဘွား၊ ရပ်စောက်စော်ဘွား၊  နောင်မွန်စော်ဘွားတို့ကိုအရှင်ဖမ်းမိပြီး တိုက်ဆင်၆၀ စစ်မြင်း၃၀၀ကျော် နဲ့သုံ့ပန်း၂၀၀၀ကျော်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဘုရင့်နောင် ရှမ်းတပ်တွေနောက်လိုက်နေတဲ့မြင်းတပ်တွေကို ပြန်ခေါပြီးတဲ့နောက် ဖမ်းဆီးရမိတဲ့သုံ့ပန်းတွေကိုခေါ်ဆောင်ကာ တပင်ရွှေထီးဆီဆက်သပါတယ်။ အခုလိုတိုက်ပွဲကြီးမှာအောင်နိုင်လာတဲ့အတွက် တပင်ရွှေထီး အင်မတန်နှစ်သက်သဘောကျကာ ဘုရင့်နောင်ကို တိုက်ဆင်အစီး၂၀ စစ်မြင်း၅၀ လူ၂၀၀၀ ပေးသနားတော်မူပါတယ်။

အခြားတစ်ဘက်မှာ ပြည်ဘုရင်မင်းခေါင်အောင်ပွဲခံနေရာက တပင်ရွှေထီးရဲ့စာချွန်လွှာရောက်လာပါတယ် သေချာဖွင့်ဖတ်ကြည့်တဲ့အခါ သိုဟန်ဘွားရဲ့ရှမ်းတပ်ကြီးပျက်ဆီးသွားပြီဆိုတာသိရတဲ့အတွက် ပွဲခံတာကိုချက်ချင်းရပ်ပြီး မြို့တံတိုင်းကိုကာကွယ်ဖို့ချက်ချင်းတပ်လှန့်လိုက်ပါတယ်။ ဒီနေရာမှာ တစ်ချက်ပြောလိုတာက တပင်ရွှေထီးရဲ့တပ်တွေပြည်ကိုအဘက်ဘက်ကဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက် ပြည်ဟာအပြင်လောကနဲ့အဆက်အသွယ်ပြတ်နေတာဖြစ်ပါတယ်။ သို့ပေမယ့် ပြည်ဘုရင်မင်းခေါင်မှာဒုတိယအခွင့်အရေးရှိနေတယ်

ဟံသာဝတီ-ပြည်စစ်ပွဲမှာ ဘုရင်နောင်ကြိုတွက်ဆထားတဲ့အတိုင်း ရခိုင်ဘုရင်ကပြည်ဘက်ဝင်တိုက်ပါတယ်။

ရခိုင်ဘုရင့်ညီတော်သံတွဲမြို့စားက ရခိုင်ရိုးမကိုကျော်ပြီး ကုန်းကြောင်းကချီတက်လာကာ တိုက်ဆင် ၁၀၀ စစ်မြင်း၂၀၀ စစ်သူရဲ၅၀၀၀၀ ပါဝင်ပါတယ် ရေကြောင်းကချီတက်လာတဲ့ရခိုင်ရေတပ်ကို ဘုရင့်သားတော်အိမ်ရှေ့မင်းကဦးဆောင်ပြီး စစ်လှေပေါင်း ၇၀၀ ရေတပ်သားပေါင်း ၇၀၀၀၀ပါဝင်ပါတယ်။

တပင်ရွှေထီးရဲ့ဟံသာဝတီတပ်တွေ ပြည်ကိုဝိုင်းဝန်းပိတ်ဆို့တဲ့နေရာမှာ အရေးကြီးဆုံးအချက်ဟာ မြို့ကို စားရေရိက္ခာပိတ်ဆို့ဖို့ဖြစ်ပါတယ်။ အစောင့်ရဲမက်တွေ သေချာရှာဖွေကြတဲ့အခါ ပြည်ကိုဝင်ဖို့ကြိုးစားနေတဲ့လူ၅ယောက်ကိုမသင်္ကာတဲ့အတွက်  ဘုရင့်နောင်ဆီခေါ်ဆောင်လာကြပါတယ်၊ စစ်ဆေချက်အရ ဒီ၅ယောက်ဟာ သူလျိုတွေဖြစ်ပြီး ရခိုင်တပ်တွေပြည်ဘုရင်ဆီစစ်ကူလာပြီဖြစ်တဲ့အကြောင်းရေးသားထားတဲ့ စာလွှာကိုတွေ့ရတဲ့အတွက် ဘုရင့်နောင်က

ပြည်ဘုရင်ဆီစာပို့ဖို့ ဘယ်သူကစေလွှတ်သလဲ

သူလျို- ရခိုင်ဘုရင့်ညီတော်သံတွဲမြို့စားကစေလွှတ်ကြောင်းပါ

ဘုရင့်နောင်-ပြည်ကိုစစ်ကူလာတဲ့ရခိုင်တပ်တွေက ကုန်းလမ်း ရေလမ်းဘယ်လမ်းကလာမှာလဲ

သူလျို- ရေကြောင်းကုန်းကြောင်းနှစ်ခုလုံးနဲ့ပါဘုရား

ဘုရင့်နောင်- ရေတပ်ကိုဘယ်သူကဦးစီးသလဲ ဘယ်မြို့ကိုစတိုက်မှာလဲ

သူ-ရခိုင်ဘုရင့်သားတော်အိမ်ရှေ့မင်းဦးစီးကြောင်းပါ မော်တင်စွန်းကိုလှဲ့ပြီး မြောင်းမြနဲ့ပုသိမ်ကိုတိုက်မည်ဖြစ်ပါတယ်။ အောင်မြင်ပြီးတာနဲ့ ဒလနဲ့ဒဂုန်ကိုသိမ်းပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းပြည်ကိုတက်ဖို့ကြံစည်ထားကြောင်းပါ။ အခုစစ်ပွဲမှာ ဟံသာဝတီတပ်တွေပြည်မှာအင်အားအကုန်ရောက်နေတဲ့အတွက် အခုအချိန် ဟံသာဝတီအောက်ပိုင်းနယ်မြေတွေကိုသိမ်းပိုက်မယ်ဆိုရင် အလွယ်တကူရနိုင်တယ်လို့ ယူဆတဲ့အတွက် အခုလိုတိုက်ကွက်ဖော်တာဖြစ်တယ်လို့ဆိုပါတယ်

ဘုရင့်နောင် သူလျိုတွေဆက်မေးကြည့်တဲ့အခါ ကုန်းလမ်းကလာမယ့်သံတွဲမြို့စားရဲ့တပ်ဟာ ဥယျာဥ်ပုလမ်းကစစ်ချီလာမယ်လို့ သိရှိသွားပါတယ်။

ဒါကြောင့်ဘုရင့်ဆီ သူလျိုတွေပေးပို့တဲ့သတင်းကို အလျင်အမြန်ဆက်သတဲ့အတွက် တပင်ရွှေထီးက မြောင်းမြမြို့စား ပုသိမ်မြို့စား ခဲပေါင်မြို့စား ဒလမြို့စားတို့ကိုချက်ချင်းခေါ်ပြီး အခုရခိုင်ကချီတက်လာနေတဲ့ ရေတပ်ဟာအင်အားကြီးမားတယ်။ ငါတို့ရေတပ်ဟာ ပြည်ကိုရောက်နေတယ်၊ဒါကြောင့် ရခိုင်ရေတပ်တွေကိုရင်ဆိုင်ဖို့ တပ်တွေကိုခုချက်ချင်းနှုတ်ယူပြီး ကိုယ့်မြို့ရွာကိုအခိုင်အမာကာကွယ်ကြ လို့အမိန့်ပေးကာ တပ်တွေစေလွှတ်လိုက်ပါတယ်။ 

ဆိုတော့ မြောင်းမြစားကဘယ်သူပါလဲ ဟံသာဝတီမုတ္တမစစ်ပွဲက စစ်သူရဲ သမိန်ပရူပဲဖြစ်ပါတယ်။

အခုလိုရှေ့ပြေးတပ်တွေစေလွှတ်ပြီးတဲ့နောက် တပင်ရွှေထီးမှူးမတ်သေနာပတိတွေနဲ့အစည်းအဝေးလုပ်ကာ အခုရခိုင်ဘုရင်ကကုန်းတပ်ရေတပ်နှစ်ဘက်ညှပ်ပြီး စစ်ချီလာတာ ဗိုလ်ပါအင်အားများပြားတယ်လို့သိရတယ်။ ပြည်ကအတင်းဆုတ်ပြီး ရခိုင်ကိုပြန်တိုက်သင့်သလား ဒါမှမဟုတ် သင့်တော်တဲ့နည်းလမ်းရှိကြသလားလို့ အမေးတော်ရှိပါတယ်။

ထိုအခါ ဘုရင့်နောင်က သည်အရေးဟာ စိုးရိမ်စရာမရှိကြောင်းပါဘုရား ဘုရားကျွန်တော်မျိုးအား အမှု့တော်ထမ်းရွက်ခွင့်ပြုပါဘုရား ဘုန်းတော်ကြီးလှသောမင်းတရားက ပြည်မှာရှိရင်းအတိုင်းဝန်းရံ၍ ရွှေဖောင်တော်မှာ စံတော်မူပါဘုရား ရခိုင်ကစစ်ချီလာတဲ့တပ်တွေဟာ ကိုယ့်အရေးကိစ္စမဟုတ်တဲ့အတွက် စွန့်စွန့်စားစား အထူးကြိုးစားကြမည်မဟုတ်ပါ။အကယ်လို့ စစ်ကြောင်းတစ်ခုကိုအမိအရတိုက်နိုင်ရင်  အခွင့်အလမ်းတစ်စုံတစ်ရာပေါ်လာနိုင်တဲ့အတွက် ဘုရားကျွန်တော်မျိုး ကုန်းကြောင်းက တက်လာတဲ့ ရခိုင်တပ်ကိုအရင်ဖိတိုက်ပြီးနှိမ်နင်းပါမည်ဘုရားလို့လျှောက်တင်ပါတယ်

ဘုရင့်နောင်ရဲ့လျှောက်တင်ချက်ကိုသဘာကျတဲ့အတွက် တပင်‌ရွှေထီး ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ဆင်ကောင်းမြင်းကောင်းတွေနဲ့ ဘုရင့်နောင်ကိုတပ်တွေစုဖွဲ့စေပါတယ်၊  မြင်းတပ်၆တပ် ခြေလျင်တပ် ၁၈တပ်ပါဝင်တဲ့ဒီတပ်မကြီးမှာ စစ်ကြောင်း၃ခုခွဲထားပြီး တိုက်ဆင်၁၅၀ စစ်မြင်း၂၄၀၀နဲ့ စစ်သူရဲ ၆၀၀၀ ပါဝင်ပါတယ်။

အခုလိုဟံသာဝတီတပ်ဖွဲ့တွေထွက်ခွာမယ့်အခင်းအကျင်းကို ပြည်မှာရှိတဲ့ဘုရင်မင်းခေါင်မသိသလို စစ်ကူလာတဲ့ရခိုင်တပ်အကြောင်းလည်းမသိပဲရှိနေပါတယ်။

ပြည်ကိုစစ်ကူလာတဲ့ သံတွဲမြို့စားရဲ့ရခိုင်တပ်တွေလည်း ဘုရင်မင်းခေါင်ဆီကပြန်စာကိုမရတဲ့အတွက် ရှေ့ဆက်မတိုးဘဲ လေးစခန်းငါးစခန်းအကွာက စောင့်နေကြပါတယ်၊

ဘုရင်နောင်ဦးစီးတဲ့ဟံသာဝတီရှေ့ပြေးတပ်ရန်သူတပ်အနားရေက်တဲ့အခါ တပ်မှူးတွေကိုဆင့်ခေါ်ပြီး အခုရခိုင်တပ်တွေ ပြည်နဲ့ငါးစခန်းအကွာမှာတပ်တွေစုနေကြတယ်၊ သူတို့လည်းရှေ့ကိုဆက်မတက်လာသလို အခြေအနေမသိဘဲ ငါတို့လည်းသွားမတိုက်သင့်ဘူး အရေးကိစ္စအခန့်မသင့်တဲ့အခါ ဘုန်းတော်ကြီးသောမင်းတရားနဲ့ အလှမ်းအလွန်ဝေးသွားလိမ့်မယ် ရခိုင်တပ်တွေကိုစစ်မြှူပြီး ငါတို့ဆီလာတိုက်အောင်ကြံစည်ရမယ်လို့တိုင်ပင်ကာ ပြည်မှာဖမ်းမိတဲ့သူလျိုငါးယောက်ကို ခေါ်လိုက်ပါတယ်

 သူလျိုတွေရောက်တဲ့အခါ ဘုရင့်နောင်က အရေးတော်အောင်မြင်ရင် မောင်မင်းတို့ကိုချီးမြှောက်တော်မူမယ် ရခိုင်တပ်ဆီသွားပြီး သံတွဲမြို့စားကို စာတစ်ဆောင်သွားပေးရမယ် သို့အတိုင်းမဆောင်ရွက်ရင်တော့ အခုပဲအဆုံးစီရင်ရလိမ့်မယ် လို့အမိန့်ရှိပါတယ်၊ သူလျိုငါးယောက်လည်း အခုချက်ချင်းသေရမယ့်ဘေးကိုကြောက်တဲ့အတွက် သဘောတူလက်ခံကာ  သံတွဲမြို့စားဆီဆက်သဖို့ လက်ဆောင်ပဏ္ဏာတွေနဲ့အတူ စာချွှန်လွှာတစ်ဆောင်သယ်ဆောင်သွားပါတယ်

ဆိုတော့ ဘုရင်နောင်သူလျိုတွေနဲ့ထည့်ပေးလိုက်တဲ့စာမှာဘာရေးထားပါသလဲ

ပြည်ဘုရင်ကြားအပ်ပါသည် ညီတော် သံတွဲမြို့စား နောင်တော်ရခိုင်ဘုရင်က ညီတော်သံတွဲမြို့စားကို ကုန်းတပ်ကြီးတွင် အုပ်ချုပ်စေလွှတ်တော်မူလိုက်သည်များကို အားရဝမ်းသာရှိလှသည်။ယခု တပင်ရွှေထီးက တလုပ်မော်အရပ်မှာရေတပ်နဲ့နေပြီး ဘုရင့်နောင်က တပ်ပေါင်း၇တပ်နဲ့ ပြည်ကိုဝန်းရံနေကြသည်။ အင်းဝဘုရင်သိုဟန်ဘွားနဲ့ရှမ်းစော်ဘွားတွေ ဆင်မြင်းဗိုလ်ပါများစွာနဲ့တပ်ကူလာကြပြီး မြေထဲမြို့မှာတပ်စခန်းချနေကြသည်။ အလျင်အမြန်ချီတက်လာပါ မကြာခင် တပင်ရွှေထီးမခံနိုင်ဘဲ တပ်ပျက်ပြီး ဆုတ်ခွာတော့မည်။ ရန်သူ့တပ်တွေကိုအနိုင်တိုက်ပြီးတာနဲ့ တစ်ခါတည်း ဟံသာဝတီကို တိုက်ခိုက်သိမ်းပိုက်မည်

ပြည်ဘုရင်မင်းခေါင် လို့ပါရှိပါတယ်

ဘုရင့်နောင်လွှတ်လိုက်တဲ့သူလျိုတွေ သံတွဲမြို့စားဆီရောက်တဲ့အခါ ပြည်ဘုရင်ကဝမ်းသာအာရကြိုဆိုပြီး လက်ဆောင်ပဏ္ဏာတွေကိုဆက်သကာ စာချွန်လွှာပေပတယ်။ သံတွဲမြို့စားလည်းအလွန်အားရကျေနပ်တဲ့အတွက် ချက်ချင်းတပ်တွေစုဖွဲ့ပြီး ပြည်ဆီအတင်းစစ်ချီကြပါတယ်။

စာချွန်မှာတပင်ရွှေထီးတပ်တွေဆုတ်ပြေးတော့မယ်ဆိုတဲ့အတွက် ရခိုင်တပ်တွေ ဘာရှေ့ပြေးတပ်မှမလွှတ် တစ်လုံးတစ်ရင်းထည်း ဘုရင်နောင်ဆင်တဲ့အကွက်တည်း တန်းတန်းကြီးဝင်လာပါတယ်။ ဟံသာဝတီတပ်တွေချုံခိုပြီးစောင့်တိုက်တာဖြစ်တဲ့အပြင် ဘုရင့်နောင်ရဲ့မြင်းတပ်က တိုက်ပွဲထဲကို အတင်မွှေနှောက်တိုက်တဲ့အတွက် ရခိုင်တပ်တွေ အကျအဆုံးအလွန်များပြားသွားပြီး ဘေးလွတ်ရာကို ထွက်ပြေးကြပါတယ်။

အဲဒိလိုရခိုင်တပ်တွေထွက်ပြေးတဲ့အခါ ဟံသာဝတီမြင်းတပ်နောက်ကအတင်းလိုက်တိုက်ပေမယ့် စစ်သူရဲတွေအဝင်သာရှိပြီး ပြန်ထွက်မလာတာကို တပ်မှူးတွေ တဖြည်းဖြည်းသတိထားမိလာကြပါတယ်။ အကြောင်းကတော့ ရခိုင်တပ်တွေထွက်ပြေးတဲ့အရပ်ဟာ တောထူတဲ့အပြင် အကွယ်မှာဆင်စီးပြီးစောင့်နေတဲ့သံတွဲမြို့စားဦးစီးဆင်တပ်က နောက်ကလိုက်လာတဲ့ ဟံသာဝတီမြင်းတပ်ကို အပိုင်ရှင်းထုတ်နေတာဖြစ်ပါတယ်။

အခုလိုဟံသာဝတီမြင်းတပ်တွေစစ်မြေပြင်မှာပျောက်ဆုံးကုန်တဲ့အတွက် ဘုရင်နောင် ရဲဘုန်းစုံ လို့အမည်ရတဲ့တိုက်ဆင်ကိုစီးပြီး တောအုပ်ကိုအတင်းနင်းပြီး ပိုက်စိပ်တိုက်ရှာပါတယ်။ ဒီလိုနဲ့နောက်ဆုံး သံတွဲမြို့စားရဲ့ဆင်တပ်ကိုတွေ့တဲ့အတွက် ဘုရင်နောင်ဆင်ကိုချွန်းဖွင့်ပြီး အတင်းဝင်တိုက်ပါတယ်။ ဘုရင့်နောင်ရဲ့တိုက်ဆင်နဲ့သံတွဲမြို့စားရဲ့တိုက်ဆင် ဆင်နှစ်စီး အပြင်းအထန်အနီးကပ်စီးချင်းထိုးတဲ့အခါ သံတွဲမြို့စားမခံနိုင်တဲ့အတွက် ဆင်ဦးကင်းကနေ အောက်ကိုခုန်ချပြီး မြင်းနဲ့အတင်းထွက်ပြေးပါတယ်။ မြို့စားပြေးတဲ့နောက်ကို ဆင်နဲ့အတင်းလိုက်တဲ့အတွက် ရခိုင်ဆင်စီးအမတ်တစ်ကျိပ်ကျော်နဲ့ သံတွဲမြို့စားစီးတဲ့တိုက်ဆင်ကို ဘုရင်နောင်လက်ရသိမ်းနိုင်ခဲ့ပါတယ်

အချုပ်ပြောရရင်ပြည်ကိုစစ်ကူလာတဲ့ရခိုင်းကုန်းတပ် ဖရိုးဖရဲပျက်စီးသွားပြီး ာ ဘုရင့်နောင်ရဲ့ရှေ့ပြေးတပ်က တိုက်ဆင် ၄၀ စစ်မြင်း၄၀၀ ကျော်နဲ့ သုံပန်း၂၀၀၀ ကျော်ဖမ်းဆီးရမိခဲ့ပါတယ်

ဘုရင့်နောင်ဖမ်းဆီးရမိတဲ့ဆင်မြင်းသုံ့ပန်းတွေကို တပင်ရွှေထီးဆီဆက်သတဲ့အခါ တပင်ရွှေထီးက ပြုံးရွှင်ပြီးသူဝတ်ထားတဲ့ရွှေချည်ကတ္တီပါဝတ်လုံတော်အတူ လက်တော်က ပတ္တမြားလက်ကောက် ပတ္တမြားလက်စွပ်တို့ကိုပေးသနားကာ အိမ်ရှေ့မင်းတို့ရဲ့အဆောင်အယောင်နဲ့တကွ လက်ဝဲတော်နေရာကိုချီးမြှင့်မြှောက်စားပါတယ်။ ဒီတိုက်ပွဲစွမ်းစွမ်းတမံတိုက်ခဲ့ကြတဲ့ တပ်မှူးစစ်သူရဲတွေကို ထိုက်သင့်တဲ့ရာထူးရာခံဆုလာဘ်တွေချီးမြင့်ပြီးတဲ့နောက်  ပြည်ဘုရင်မင်းခေါင်ဆီကို စစ်ကူလာတဲ့ရခိုင်တပ်တွေရှင်းလင်းခံလိုက်ရပြီလို့ စာချွန်လွှာပေးပို့ပါတယ်။

အခြားတစ်ဘက်မှာ မြောင်းမြကိုစစ်ထိုးဖို့လာတဲ့ရခိုင်အိမ်ရှေ့မင်းသားဦးစီးတဲ့ရေတပ် ကုန်းကြောင်းကစစ်ချီလာတဲ့သူ့ဦးရီးတော်စစ်ရှုံးသွားတယ်ဆိုတဲ့သတင်းအရ ရှေ့ကိုဆက်တိုက်ဖို့မရဲကြတော့တဲ့အတွက် နောက်ကိုပြန်လှည့်ပြေးပါတယ်။

ဆိုတော့ ဗျူဟာအကြီးကြီးချထားခဲ့တဲ့ပြည်ဘုရင်မင်းခေါင်ဘာဆက်လုပ်မှာပါလဲ

မူလအစီအစဥ်ဖြစ်တဲ့ သူများလက်နဲ့မြွေဖမ်းမယ့်အကြံအစည်မအောင်မြင်ခဲ့ပေမယ့် ဘုရင်မင်းခေါင်မှာအရံဗျူဟာတစ်ခု ကျန်ရှိနေပါတယ်။ အင်မတန်ရိုးစင်းတဲ့သူ့ဗျူဟာက ဘာဖြစ်မလဲကြည့်လိုက်ရအောင်ဗျာ

တပင်ရွှေထီးရဲ့ဟံသာဝတီတပ်တွေစစ်တိုက်ထွက်လာတာအချိန်အတော်ကြာပြီဖြစ်တဲ့အပြင် နောက်ကစားနပ်ထောက်ပံရေးလမ်းကြောင်းဟာ ခရီးလမ်းရှည်ကြာနေပါတယ်။ နောက်ပြီး မကြာခင်မိုးတွင်းရောက်တော့မှာဖြစ်တဲ့အတွက် ဟံသာဝတီတပ်တွေမုချတပ်ပြန်ဆုတ်မှာဖြစ်ပါတယ်။ ဒီအတောတွင်းသူစုဆောင်းထာတဲ့စားနပ်ရိက္ခာဟာအလုံအလောက် ကျန်နေသေးတဲ့အတွက် ဘုရင်မင်းခေါင်လုပ်ဖို့လိုတာက သူ့မြို့တော်ကိုရန်သူလက်အောက်မကျအောင်ကြိုးစားဖို့သာဖြစ်ပါတယ်။

ဆိုတော့တပင်ရွှေထီးတို့ဘက်မှာရောဘယ်လိုအခြေအနေရှိနေပါသလဲ

စစ်ကူလာတဲ့ရှမ်းတပ် ရခိုင်တပ်တွေအသီးသီးအောင်နိုင်ခဲ့ပေမယ့် ပြည်ကိုလုပ်ကြံတဲ့နေရာမှာ အကြိမ်ကြိမ်ဆုတ်ခွာရပြီး အရှုံးနဲ့ရင်ဆိုင်နေရပါတယ်၊ ဒီအတောအတွင်းပါရှိခဲ့တဲ့စာနပ်ရိက္ခာဆေးဝါးတွေ ကုန်လုနီးနီးဖြစ်နေသလို ဒဏ်ရာရရဲမက်တွေရဲ့အရေအတွက်ဟာ တစ်နေ့တစ်ခြားများပြားလာပါတယ်။

အခုလိုအခြေအနေဆိုးဝါးနေတဲ့ဟံသာဝတီတပ်အတွက် တပင်ရွှေထီး ဘုရင့်နောင်ကိုဆင့်ခေါ်ကာ ငါကိုယ်တော်ပြည်ကိုဝန်းရံထားတာ ငါးလကျော်ခြောက်လနီးပါးရှိခဲ့ပြီ ပြည်မြို့ဟာငယ်သော်လည်း အလွန်ခိုင်လုံပြီး လက်နက်အင်အားပြည့်စုံတဲ့အတွက် အလွယ်မရဘဲရှိနေတယ်၊ ဒါကြောင့်လက်ကျန်စစ်အင်အားအကုန်သုံးပြီး တစ်ခါတည်းအပြတ်ဖြတ်ဖို့ နောက်ဆုံးထိုးစစ်ဆင်နွှဲမယ်လို့ဆိုပါတယ်။

ထိုအခါဘုရင့်နောင်က ရဲမက်တွေကို အရှအနခံပြီး ထိုးစစ်ဖွင့်အတင်းလုပ်ကြံရန်မလိုအပ်ကြောင်းပါ။ ဝန်းရံထားမြဲဖြစ်တဲ့အတိုင်း ဆက်လက်ဝိုင်းရံသင့်ပါသည်ဘုရား၊ ကျွန်တ်ောမျိုးတို့စားရေရိက္ခာပြတ်လတ်တယ်ဆိုပေမယ့် ဒီအရေးကိုအောင်နိုင်ဖို့ ကြံစည်ရင်းရှိကြောင်းပါ။ ကျွန်တော်မျိုးတို့ဟံသာဝတီတပ်ဟာ မင်းနေပြည်တော်ကအရေးပေါ်စားနပ်ရိက္ခာကို ပို့ဆောင်ဖို့အမိန့်ပေးပြီးဖြည်ရှင်းလိုရပေမယ့် မြို့တွင်းမှာပိတ်မိနေတဲ့ပြည်တပ်တွေအတွက် သူတို့အသက်ဆက်ရမယ့်နေ့ရက်တိုင်းဟာ ကျန်ရှိတဲ့စားနပ်ရိက္ခာအပေါ်မှာသာ မှီခိုနေကြောင်းပါ။ ကျွန်တော်မျိုးတို့ ပြည်ကို ဓားပူမတိုက်ဘဲ ဓါးအေးနဲ့တိုက်ရင် အရှင့်ရွှေလက်တော်အောက်က လွတ်နိုင်တော့်မည်မဟုတ်ကြောင်းပါဘုရား

အခုလိုတပင်ရွှေထီးနဲ့ဘုရင့်နောင်ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက် များမကြာသောနေ့ရက်တွေမှာ ဟံသာဝတီကထောက်ပံရေးလှေအနည်းငယ်ရောက်ရှိလာပါတယ်။

ဒီလိုနဲ့စစ်ပွဲဟာ ပိုအချိန်ကြာလာခဲ့ပြီး ပြည်မြို့တွင်းမှာ ရိက္ခာပြတ်လတ်မှု့တွေစတင်လာပါပြီ။ ဘုရင်မင်းခေါင် အခုလိုနှစ်ဘက်ရိက္ခာစစ်ပွဲဖြစ်နေချိန်မှာ အချိန်နည်းနည်းထပ်တောင့်ခံလိုက်တာနဲ့ဟံသာဝတီတပ်တွေ မုချတပ်ပြန်ဆုတ်မှာပဲလို့ ယုံကြည်ရင်းပြင်းထန်နေနေအတွက် အောက်ခြေမှူးမတ်တွေ အခြေအနေမှန်ကိုထပ်မတင်ပြရဲရှိနေပါတယ်။

အခုလိုအတိမ်းအစောင်းမခံနိုင်တဲ့အခြေအနေမှာ ဟံသာဝတီတပ်တွေလည်း သူတို့လိုပဲရှိနေလိမ့်မယ်လို့ယူဆတဲ့အတွက် ဘုရင်မင်းခေါင် အစောင့်ရဲမက်ကို မြို့ရိုးအမြင့်ဆုံးနေရာက ကင်းထောက်တက်ကြည့်ဖို့အမိန့်ပေးလိုက်ပါတယ်။ စစ်သူရဲလည်းသေချာကြည့်ရှု့ပြီးတဲ့နောက် ဘုရင်ဆီပြန်လည်လျှောက်တင်တဲ့အခါ ပြည်ဘုရင်မင်းခေါင်အရုပ်ကျိုးပြတ်ဖြစ်သွားပါတယ်။ ကင်းထောက်ရဲမက်လျှောက်တင်တာက ဟံသာဝတီတပ်တွေ ကောက်စိုက်နေကြကြောင်းပါဘုရား

မိုးတွင်းကာလရောက်ပြီဖြစ်တဲ့အတွက် ဘုရင့်နောင်ဟံသာဝတီကနောက်ဆုံးပို့ဖို့ဆင့်ခေါ်လိုက်တဲ့လှေတွေမှာ မျိုးဆန် သီးပင်စားပင်အစေ့အဆံတွေနဲ့ ဆေးဝါးတွေသယ်ဆောင်လာခဲ့ပါတယ်။ လှေတွေရောက်လာပြီးကတည်းက ‌တိုက်ပွဲဝင်တပ်မတွေက ပြည်ကိုပိတ်ဆို့ဝန်းရံသလို့ ကောက်စိုက်တဲ့တပ်မကလည်းစိုက်နေပါတယ်၊ အနီးဝန်းကျင်က သားငါးတွေရှာဖွေစုဆောင်းတဲ့တပ်ဖွဲ့တွေလည်း နေ့စဥ်အလုပ်မပြတ်ရှိတဲ့အတွက် အဝေးကြည့်ရင်ဒီစစ်တပ်ကြီးဟာ တိုက်ပွဲဝင်ဖို့အပြင်းအထန်စစ်ရေးလေ့ကျင့်နေတယ်လို့ ထင်စရာရှိနေပါတယ်။

ဒီလိုနဲ့နောက်ဆုံး ပြည်ဘုရင်အငတ်ဘေးကိုလုံးဝတောင့်မခံနိုင်တော့အဆုံး သံတမန် ဆရာတော်နှစ်ပါး တပင်ရွှေထီးဆီစေလွှတ်လိုက်ပြီး လက်ဆောင်ပဏ္ဏာအနေနဲ့ နဂဝရအမည်ရှိတဲ့ နာမည်ကျေ်တိုက်ဆင်ကြီးတစ်ကောင်းဆက်သပါတယ်။ ဒီနေရာမှာ ဆရာတော်တွေတောင်းဆိုတဲ့အချက်ဟာ လက်နက်ချပြီးတာနဲ့ ပြည်ဘုရင်မင်းခေါင်ကို အသက်ချမ်းသာပေးဖို့ဖြစ်ပါတယ်။

တပင်ရွှေထီး သံတမန်လာတဲ့ဆရာတော်တွေကို ကောင်းစွာဦးကြိုပြီးတဲ့နောက် တောင်းဆိုချက်အတိုင်း ပြည်ဘုရင်ကိုချမ်းသာပေးကာ မိဖုရားအခြွေအရံတွေနဲ့အတူ တပ်မတစ်ခုနဲ့တောင်ငူကိုပို့လိုက်ပါတယ်။ ကျန်ရှိတဲ့မှူးမတ် စစ်ကဲတွေကို နောက်တပ်မတစ်ခုနဲ့ဟံသာဝတီကိုပို့တယ်လိုဖောပြထားပါတယ်၊

သမိုင်းမှာ တပင်ရွှေထီးပြည်ကို အောင်နိုင်တဲ့နှစ်ဟာ သက္ကရာဇ် ၉၀၄ ခု နယုန်လဆန်း၅ရက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ပြည်ကိုသိမ်းပြီး တစ်လလောက်စံတော်မူပြီးတဲ့နောက် တပင်ရွှေထီးတပ်အင်္ဂါအပြည့်အစုံနဲ့ ဟံသာဝတီကိုပြန်လည်စုန်ဆင်းလာခဲ့ပါတယ်။ ပြည်ဘုရင်ခံအနေနဲ့ မိဖုရားခင်မြတ်ရဲ့ဖခင် အထိန်းတော်ကြီးသတိုးဓမ္မရာဇာကို မင်းမြောက်တန်ဆာငါးပါးနဲ့ ပေးသနားတော်မူတယ်လို့ဆိုပါတယ်။

အထိန်းတော်ကြီးသတိုးဓမ္မရာဇာပြည်ဘုရင်ခံဖြစ်တာ ဘုရင့်နောင်အတွက် ကံကောင်းတာလား ကံဆိုးစေတာလားဆိုတာကတော့ စိတ်ဝင်စားစရာအချက်တစ်ချက်အဖြစ်ရှိရင်နဲ့ ယခုအပိုင်းကနေ နှုတ်ဆက်လိုက်ပါရစေဗျာ


ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research..


Previous Post Next Post