အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

နောင်ရိုးတိုက်ပွဲမှာ ဟံသာဝတီတပ်တွေ ရှုံးသွားတဲ့အတွက် သုရှင်တကာရွတ်ပိ လက်ကျန်တပ်ဖွဲ့တွေနဲ့ ပြည်ကိုအတင်းဆုတ်ပါတယ်။ ပြည်ဘုရင်နရပတိဟာ တပင်ရွှေထီးနဲ့စစ်ထိုးဖို့အချိန်ယူပြင်ဆင်ထားတဲ့အတွက် ဒီစစ်ပွဲမှာ စစ်သည်ရဲမက်စားနပ်ရိက္ခာတွေ အဆင်သင့်ဖြစ်နေပါတယ်။ နောက်ပြီးစစ်ရေးမဟာမိတ် အင်းဝဘုရင်သိုဟန်ဘွားရဲ့ ရှမ်းတပ်တွေပြည်မှာ လာပေါင်းကြတဲ့အတွက် သုံးပြည်ထောင်မဟာမိတ်တွေအနေနဲ့ နောင်ရိုးကရှုံးကြွေးကို အတိုးနဲ့ ပြန်လက်စားချေဖို့ ဆိုင်းပြင်းနေကြပါတယ်။ နန်းတော်မှာ တပ်တွေစုဖွဲ့ပြီးတဲ့နောက် ဟံသာဝတီဘုရင်သုရှင်တကာရွတ်ပိ အင်းဝစားသိုဟန်ဘွားနဲ့ပြည်ဘုရင်နရပတိတို့ဟာ တပင်ရွှေထီးရဲ့တောင်ငူတပ်ဖြိုဖျက်ဖို့ အစီအမံတွေရေးဆွဲကြပါတယ်။ ရလဒ်အနေနဲ့ မင်းသုံးပါးဆွေးနွေးတဲ့ ဒီအစည်းအဝေးမှာ အဖြေနစ်ခုထွက်နေပါတယ်။ နောင်ရိုးကနေအထက်ကိုဆ်တက်လာမယ့်တောင်ငူတပ်ကို ရှေ့ကဆီးတိုက်ဖို့ပြည်ဘုရင်နရပတိ ဆန္ဒရှိပါတယ်။ ပြည်ရဲ့စစ်ရေးလှုပ်ရှားမှု့အနေနဲ့  သူ့ယောက်ဖဘက်က လိုအပ်တဲ့လူသူလက်နက်ရိက္ခာတွေကို နောက်ကွယ်ကထောက်ပံခဲ့ပေမယ့် ကစားပွဲမှာသုရှင်တကာရွတ်ပိရှုံးသွားတဲ့အခါ ဒီအထုပ်ဟာ သူ့ခေါင်းပေါ်တည့်တည့်ကြီးရောက်လာပါတယ်။ ဒါကြောင့်ပြည်ဘုရင်အနေနဲ့ ခုလိုအင်အားအသာစီးရနေချိန်မှာ သုံးပြည်ထောင်ပေါင်းပြီး တပင်ရွှေထီးတို့စစ်ဦးကိုချိုးကာ တစ်ခါတည်းတောင်ငူကိုသိမ်းသင့်တယ်လို့ယူဆပါတယ်။ 

သူ့ရှင်တကာရွတ်ပိရဲ့ဟံသာဝတီအနေနဲ့က ပင်မတပ်ပျက်စီးသွားတယ်ဆိုပေမယ့် နောင်ရိုးကဆုတ်ခွာလာတဲ့တပ်တွေအပြင် သူနဲ့အတူပါလာတဲ့တပ်မတွေပြန်လည်စုဖွဲ့ကြတဲ့အတွက် အရေအတွက်အားဖြင့် အရမ်းကြီးနည်းပါးသွားတယ်လို့ဆိုလို့မရပါဘူး။ နောက်ပြီးဒီအစည်းအ‌ဝေးမှာ တောင်ငူကိုအနိုင်တိုက်ပြီးတဲ့အခါ ဟံသာဝတီကို သူပြန်ရမယ်ဆိုတဲ့ကတိကဝတ်အတွက် သုရှင်တကာရွတ်ပိ စစ်တိုက်ထွက်မယ့်ဖက်ကိုဗြောင်းဗြောင်းချည်း ရပ်တည်ပါတယ်။

ဆိုတော့ အင်းဝစားသိုဟန်ဘွားကဘယ်လိုအမြင်ရှိနေပါသလဲ

အင်းဝဟာ တောင်ငူ-ဟံသာဝတီစစ်ပွဲမှာ ဝင်ပါတယ်ဆိုပေမယ့် တပင်ရွှေထီးနဲ့ဘာရန်ငြိုးရန်စမှမရှိထားပါဘူး။ နောက်ပြီး သိုဟန်ဘွားကိုယ်တိုင်တပ်တွေဦးဆောင်လာတာဟာ အပြောကြီးတဲ့တပင်ရွှေထီးရဲ့လက်စွမ်းကို မျက်မြင်ကွယ်တွေ့အကဲစမ်းချင်နေပါတယ်။ ဒီစစ်ပွဲမှာ ပြည်နဲ့ဟံသာဝတီတပ်တွေဟာ တပင်ရွှေထီးကိုမိဖို့ငါးစာသာဖြစ်ပြီး နောက်ပိုင်းမလွှဲမသွေထိပ်တိုက်ရင်ဆိုင်ရမှာက တောင်ငူသားတပင်ရွှေထီးနဲ့ အင်းဝကရှမ်းတပ်တွေဖြစ်ပါတယ်။ဒါကြောင့် သိုဟန်ဘွားက သူ့စစ်ချီလာတဲ့ ရှမ်းတပ်တွေ အင်းအားအပြည့်အဝသုံးစွဲရမယ့် မြေပြင်စစ်ထိုးတာမျိုးကိုမရွေးဘဲ အခြေအနေကိုစောင့်ကြည့်ပြီး ပြည်မှာ တပ်အင်္ဂါအပြည့်အစုံနဲ့ခံတိုက်သင့်တယ်လို့ဆိုပါတယ်။ တောင်ငူတပ်တွေ ပြည်မြို့တံတိုင်းကိုလုပ်ကြံပြီးချိနဲ့သွားကာမှ အင်းအားတလုံးတရင်းနဲ့ တောင်ငူကိုသိမ်းသင့်တယ်လို့ကြံပြုကာ နောက်ကွယ်မှာတော့ တစ်ခါတည်း တောင်ငူ ပြည်နဲ့ဟံသာဝတီတို့အပေါ်သူ့ရဲ့သြဇာလွှမ်းမိုးဖို့ ကြံစည်ရင်းရှိပါတယ်။

စစ်ပွဲရဲ့အခြားတစ်ဘက်မှာ နောင်ရိုးကအောင်ပွဲခံလာတဲ့တောင်ငူတပ်တွေ ပြည်ကိုစစ်ထိုးဖို့ ချီတက်လာကြပြီး အင်း‌‌ပြောကျွန်းမှာ တပ်စခန်းချရပ်နားနေကြပါတယ်။ ဘုရင့်နောင် နောင်ရိုးတိုက်ပွဲမှာ ရှေ့ပြေးတပ်တွေရဲ့ အင်အားကို အပြည့်အဝသုံးစွဲလိုက်ရတဲ့အတွက် အခုလိုအင်အားအလုံးအရင်းနဲ့ ရေတစ်ဆုံးမိုးတစ်ဆုံးတိုက်ရမယ့်စစ်ပွဲမှာ တောင်ငူရှေ့ပြေးတပ် စုဖွဲ့ပုံ မလှမပဖြစ်နေပါတယ်။ တောင်ငူရဲမက်တွေစစ်နိုင်ပြီး ရဲသွေးကြွနေကြပေမယ့် တပင်ရွှေထီးသူ့တပ်ရဲ့အခြေအနေမှန်ကို ကောင်းကောင်းကြီး သဘောပေါက်ပါတယ်

နောက်ပြီး ရန်သူတွေရဲ့စစ်ရေးလှုပ်ရှားမှု့အခြေအ‌နေကိုပါ အားမရတဲ့အတွက် ဘုရင်နောင်နဲ့ ထိပ်တန်းစစ်ဦးစီးတွေ ဘုရင့်လှေတော်ဆီ ဆင့်ခေါ်ကာ အခုအင်းပြောကျွန်းမှာတပ်စခန်းချ ရပ်တော်မူတာသုံးရက်ရှိပြီ၊ သုံးပြည်ထောင်တပ်တွေ စစ်ချီတက်လာတဲ့အရိပ်အယောင်မတွေ့တကား လို့အမေးတော်ရှိပါတယ်

ဘုရင့်နောင် - မှန်လှပါ ဘုန်းတော်ကြောင့် ရန်သူတွေချီတက်လာတဲ့အချင်းအရာမရှိကြောင်းပါဘုရား အင်အားအစမတန်များပြားတဲ့ဒီစုဖွဲ့မှု့ဟာ တိုက်စစ်ကိုမသွားဘဲ ခံစစ်ကိုသုံးမယ့်သဘောရှိကြောင်းပါ နောက်ပြီး သုံးယောက်ပေါင်းကြံစည်တဲ့အရေးကိစ္စမျိုးဟာ အလွယ်တကူညီညီညွတ်ညွတ် အောင်မြင်လေ့မရှိကြောင်းပါဘုရား ၊နီတိကျမ်းများမှာ စတုက္ကဏ္ဏမန္တာ- နားလေးခုနဲ့တိုင်ပင်ခြင်း ဆက္ကဏ္ဏမန္တာ - နားခြောက်ခုနဲ့တိုင်ပင်ခြင်းလို့ တိုင်ပင်ခြင်းနှစ်မျိုးရှိကြောင်းပါ

ဆက္ကဏ္ဏာဘိဇ္ဇတေမန္တာ - ဆက္ကဏ္ဏ -နားခြောက်ခုတို့ဖြင့်တိုင်ပင်သော မန္တာ- လျို့ဝှက်ခြင်း အကြံအစည်သည် ဘိဇ္ဇတေ - မုချမသွေပျက်စီးချေ၏

အခုပြည်မှာ မင်းသုံးပါး နား‌ခြောက်ခုတို့နဲ့တိုင်ပင်နေတဲ့အတွက် ကြံစည်ရင်းပျက်ပြားမည်ဖြစ်ကြောင်းပါဘုရား

တပင်ရွှေထီး - ဒါဖြင့် ပြည်ကိုအရောက်ချီတက်ပြီးသိမ်းသင့်သလား ဒီမှာပဲစခန်းချဆက်စောင့်နေသင့်သလား 

ဘုရင့်နောင် - အရှင့်ဘုန်းတော်အရ မှန်ရာကိုလျှောက်တင်ပါမည်ဘုရား ပြည်မှာစုဝေးနေတဲ့ရန်သူဟာ အင်အားအဆမတန်များပြားပြီး မြို့ရိုးမှာ ခံစစ်နဲ့အသင့်စောင့်နေမည်ဖြစ်ကြောင်းပါ နောက်ပြီးသုရှင်တာရွတ်ပိရဲ့အမိန့်နဲ့ မုတ္တမြို့စား ဟံသာဝတီနန်းတော်ကိုတိုက်ခိုက်နေတဲ့အတွက် ကျွန်တော်မျိုးတို့ နှစ်ဘက်ညှပ်နေ‌‌ကြောင်းပါပြီ ပြည်အထိတောင်ငူတပ်တွေစစ်ချီလာခဲ့ပြီး မတိုက်ဘဲပြန်ဆုတ်ခဲ့သော် နောက်ကသုံးပြည်ထောင်တပ်တွေအတင်းလိုက်ပါက အခက်ကြုံပါမည်ဖြစ်ပတယ်။ ဒါ‌‌ကြောင့် တပွဲတလမ်းအကဲစမ်းပြီး ရန်သူကိုအရင်ဖြိုဖျက်ပြီးမှသာ ဟံသာဝတီကိုတပ်ဆုတ်သင့်ပါသည်ဘုရား လို့လျှောက်ကာ လျို့ဝှက်စစ်ရေးဗျူဟာတစ်ခုကို တင်ပြပါတယ်။

ဘုရင့်လှေတော်ကစုဝေးပွဲအပြီး ဘုရင့်နောင်နဲ့စစ်ဦးစီးတွေ တောင်ငူတော်ဝင်ရေတပ်ကို နှစ်ဖွဲ့ခွဲလိုက်ပါတယ်။ ပထမအဖွဲ့မှာ ဘုရင့်တိုက်လှေရွှေလှော်ကားနှစ်စင်းပါဝင်ပြီး ဒုတိယအဖွဲ့မှာတော့ တိုက်ပွဲဝင်စစ်လှေတွေချည်းစုဖွဲ့ထားကာ ဟံသာဝတီစစ်သူရဲသမိန်ပရူဦးစီးမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ နှစ်ဖွဲ့ခွဲ့ထားတဲ့တော်ဝင်ရေတပ်မှာ ရေတပ်သားတွေအဖြစ် သစ္စာခံပူးပေါင်းထားတဲ့ ဟံသာဝတီသားတွေ စစ်လှေတွေကို ပဲကိုင်ထိန်းချုပ်မှာဖြစ်ပါတယ်။

အစီအမံအားလုံးပြင်ဆင်ပြီးတဲ့နောက် ဘုရင့်တိုက်လှေမှာ တပင်ရွှေထီးကိုယ်တိုင်ဦးဆောင်ပြီး တောင်ငူရေတပ်ညတွင်းချင်း ပြည်ကို ဆန်တက်သွားကြပါတယ်။ လသာတဲ့ညဖြစ်တဲ့အပြင် တောင်ငူတပ်တွေ စစ်စည်စစ်မောင်းတွေတီးလာတာကြောင့် ပြည်ကင်းထောက်တပ်တွေရဲ့မြင်ကွင်းမှာ တပင်ရွှေထီးဟာ ထင်းထင်းကြီးဖြစ်နေပါတယ်။ ဘုရင့်ဆီချက်ချင်းသတင်းပို့ပြီး ရေကြောင်းကတက်လာတဲ့တောင်ငူတပ်ကို တိုက်ဖို့ ပြည်ရေတပ်ကို အသင့်အနေအထားနဲ့ တပ်လှန့်လိုက်ပါတယ်။ ပြည်ဘုရင်နရပတိဟာ စစ်ရေးအချိန်အတော် ကြာပြင်ဆင်ပြီး စစ်မြေပြင်မှာ မတိုက်ဖူးသေးတဲ့အတွက် ဒီပွဲကို ရဲမက်တွေစစ်သွေးစစ်မာန်တက်ကြွစေဖို့ ပထမဆုံးထိုးစစ်ကို တိုက်စစ်အပြည့်နဲ့ စစ်ကုန်ဖွင့်မှာဖြစ်ပါတယ်။ သုံးပြည်ထောင်တပ်တွေ ရေတပ်မှာ အချိုးကျတာဝန်ချပြီးတဲ့နောက် ပြည်ဘီလူးခြောက်ကောင်ကတဲ့ရေတပ်မကြီးကို တပင်ရွှေထီးကိုတိုက်ဖို့ စေလွှတ်လိုက်ပါတယ်။

ဆင်ဖမ်း နတ်မိ - ငါဟဲ့တပင်ရွှေထီး အပိုင်း ၁၁


ပြည်စစ်သူရဲခြောက်ဦး နောင်ရိုးတိုက်ပွဲမှာ  ဘုရင့်နောင်ကိုအသားပေးတိုက်ခဲ့တဲ့အတွက် ဟံသာဝတီတပ်တွေရှုံးတယ်လို့ မှတ်ပြီး ဒီတစ်ခါမှ့ာ တပင်ရွှေထီးကိုအမိဖမ်းပြီး တစ်ကွက်ထဲနဲ့အပြီးသိမ်းအောင်ပွဲခံဖို့ရည်ရွယ်ပါတယ်။ တိုက်လှေတွေမှာပါတဲ့ ဟံသာဝတီစစ်ကဲတွေက ပြည်တပ်မှူးတွေကို ဘုရင့်နောင်ပျောက်နေတယ် မပေါ့ကြနဲ့လို့သတိပေးပေမယ့် ဘုရင့်အသားထက်ချိုတာရှိဦးမလားလို့ ရယ်သွမ်းကာ တပင်ရွှေထီးရဲ့တိုက်လှေကို အမိဖမ်းဖို့သာ ပြင်ဆင်ကြပါတယ်။

အခြားတစ်ဘက်မှာ တပင်ရွှေထီး ရန်သူရေတပ်ကို ကိုယ်တိုင်ဦး‌ဆောင်ပြီးဝင်တိုက်တဲ့အတွက် အရေးကိစ္စအခန့်မသင့်ရင် ပြည်မှာတင် နတ်ပြည်ရောက်သွားနိုင်ပါတယ်။ ပြည်တပ်တွေနဲ့တပင်ရွှေထီးထိပ်တိုက်တွေ့ကြတဲ့အခါ တောင်ငူတပ်က အမြောက်စိန်ပြောင်းအဝေးပစ်တွေနဲ့ ဦးအောင်စပစ်ပါတယ်။ ပြည်ရေတပ်က အမြှောက်တွေ တောင်ငူသားတွေကိုပြန်ပစ်ပေမယ့် အကွာအဝေးအရမမှီဘူးဖြစ်နေပါတယ်။အကြောင်းကတော့ တပင်‌ရွှေထီးရဲ့ရေတပ်မှာ ဟံသာဝတီကိုသိမ်းတုန်းကရခဲ့တဲ့ နောက်ဆုံးပေါ်လက်နက်ကြီးတွေကို ဒီစစ်ပွဲမှာထည့်သုံးတဲ့အတွက် ပြည်ရေတပ်ရဲ့ခေတ်ဟောင်းအမြှောက်တွေထက် စွမ်းရည်အဆမတန်သာလွန်နေပါတယ် သို့ပေမယ့်  ပြည်ဘီလူးခြောက်ကောင်တော့ သူတို့ပစ်ကွင်းထဲရောက်ဖို့ သဲကြီးမဲကြီးအနာခံဝင်ကာ တပ်တွေကို ရွက်ကုန်လွှတ် အတင်းတိုက်ကြပါတယ်။ ဒီလိုနဲ့ပြည်တပ်တွေ မိခါနီးအချိန် တပင်ရွှေထီးရဲ့တိုက်လှေက စစ်ဗုံတီးတဲ့အတွက် တောင်ငူတပ်တွေ ပစ်နေရကရပ်ပြီး နောက်ကို အတင်းပြန်ဆုတ်ကြပါတယ်။ အဲလို တပင်ရွှေထီးရဲ့တပ်တွေဆုတ်သွားတာမြင်တဲ့အခါ ပြည်စစ်သူရဲတွေက ဒါလား မင်းတို့ပြောတဲ့တပင်ရွှေထီး ပြေးတာမှ စင်းနေတာပဲ လို့ လှောင်ကာ နောက်ကအတင်းလိုက်ကြပါတယ်။

ဒီနေရာမှာတစ်ချက်ပြောလိုတာကာ ‌ရေစီးကြောင်းတစ်ကြောင်းတည်း လေလမ်းကြောင်းတစ်ခုတည်းမှာ ရေတပ်နှစ်ခုဦးတည်ရာတစ်ခုတည်းကို ရွက်လွှင့်နေတာဖြစ်ပါတယ်၊ ရေကြောင်းတိုက်ပွဲဖြစ်တဲ့နေရာဟာ ပြည်ရဲ့နယ်နိမိတ်ထဲမှာကျတဲ့အတွက် လေလမ်းကြောင်း ရေအနေအထားကိုကောင်းကောင်းသိထားတဲ့ ပြည်ရေတပ်ကအသားစီးရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ အခြားတစ်ဘက်က တပင်ရွှေထီးရဲ့တောင်ငူရေတပ်မှာ မြစ်ဝကျွန်းပေါ်ရေချိုရေငန်အပိုင်စားတဲ့ ဟံသာဝတီသားတွေပဲကိုင်ပါတယ်။ မွေးကတည်းကရေမှာ ကျင်လည်တဲ့သူတွေဖြစ်တဲ့အတွက် ပြည်ရေကြောင်းကိုကောင်းကောင်းမသိပေမယ့် လှေအကြောင်းတော့ကောင်းကောင်းကြီးနားလည်ကြပါတယ်။

ပြည်ရေတပ် အစပိုင်းမှာမှီလုမှီဆဲရှိပေမယ့် နောက်ကအတင်းလိုက်လေမမှီလေဖြစ်လာတဲ့အခါ စစ်ဗျူဟာတွေအသာထား ဒီတောင်ငူလှေကိုမှီဖို့ကိုသာ ပြည်တပ်မှူးတွေခေါင်းထဲရှိပါတယ်။ ဒီလိုနဲ့ပြည်တပ်တွေအတင်းလိုက်လာခဲ့တာ အင်းပြောကျွန်းကိုရောက်မှန်းမသိရောက်လာကြပါတယ်။ ရှေ့ကပြေးနေတဲ့ တပင်ရွှေထီးရဲ့တောင်ငူရေတပ်ရုတ်တရုတ်ရပ်ပြီး သူတို့ကိုအမြှောက်နဲ့ပြန်ချိန်နေတဲ့အတွက် ကြောင်အမ်းအမ်းရှိနေချိန် မြင်ကွင်းအကွယ်က သမိန်ပရူရဲ့တိုက်လှေထွက်လာတဲ့အတွက် ပြည်တပ်တွေရေလည်မှာ ညှပ်ပူးညှပ်ဖက်ပိတ်မိသွားပါတယ်။ တောင်ငူ‌တော်ဝင်ရေတပ်ဟာ တပင်ရွှေထီးတိုက်မိန့်ပေးတဲ့အသံနဲ့အတူ စစ်ဗုံစစ်မောင်းတွေတီးပြီး ပြည်တပ်ကို အတင်းဝင်တိုက်ကြပါတယ်။ ပြည်စစ်သူရဲခြောက်ဦးလဲ ရေတပ်တွေပြန်နေရာချဖို့ကိုအသာထား မဲမဲမြင်အမြှောက်နဲ့ပစ်ဖို့သာ အမိန့်ပေးကြပါတယ်။ ဒီလိုနဲ့ပြည်မှာသာတဲ့လ ပြည်တပ်တွေအတွက်မအေးချမ်းနိုင်ဘဲ အမှောင်မှာပုန်းမရ ကွယ်မရ ထိန်ထိန်ချည်းလင်းနေပါတယ်။ အမြှောက်စိန်ပြောင်းတွေပစ်အပြီး နှစ်ဘက်လှေတွေ အနီးကပ်တိုက်ကြတဲ့အခါ ပြည်ရေတပ်တွေ အခြေအနေမလှတဲ့အတွက် လှေပေါ်ကခုန်ချပြီး ကုန်းပေါ်တက်ပြေးကြပါတယ်။ ရေထဲအသက်လုကူးလာပြီး ကုန်းပေါ်ရောက်တဲ့အခါ သူတို့တချိန်လုံးဖူးချင်နေတဲ့ ဘုရင့်နောင်နဲ့ရှေ့ပြေးတပ်တွေ တောအုပ်ထဲက ညာသံပေးထွက်တိုက်ကြတဲ့အတွက် ပြည်တပ်တွေပြေးပေါက်ပိတ်ပြီး အကျအဆုံးအလွန်များပြားသွားပါတယ်။

ဒီလိုနဲ့အချုပ်ပြောရရင် တောင်ငူ- ပြည်ရေကြောင်းစစ်ပွဲမှာ တောင်ငူဘက်ကအနိုင်ရပြီး တိုက်လှေအစင်း၂၀၀ သုံးပြည်ထောင်ရဲမက် ၅၀၀၀နဲ့အတူ ပြည်စစ်ဘီလူးခြောက်ယောက်ကိုပါ သုံ့ပမ်းအဖြစ် တပင်ရွှေထီးတို့ဖမ်းဆီးရမိခဲ့ပါတယ်။ သမိုင်းမှာဘုရင့်နောင်ရဲ့နောင်ရိုးတိုက်ပွဲကို ဂုဏ်ပြောင်သလို နှစ်ဘက်စစ်လှေတွေထောင်နဲ့ချီတိုက်ကြတဲ့ ပြည်ရေကြောင်းတိုက်ပွဲဟာလည်း တစ်တန်းထည်းမှတ်ကျောက်တင်ခံနိုင်တဲ့ ‌ရေမှာထိုးတဲ့သွေးကျောက်စာဖြစ်ပါတယ်

ဆိုတော့ဒီစစ်ပွဲအပြီး ဘာတွေ ဆက်ဖြစ်တယ်ဆိုတာကိုလေ့လာကြည့်ရအောင်ဗျာ

ပြည်ရေကြောင်းတိုက်ပွဲမှာ သုံးပြည်ထောင်မင်းတွေဘက်က စစ်လှေအများအပြားဆုံးရှုံးသွားတဲ့အတွက် ရေတပ်အင်အားချိနဲ့သွားပါတယ်။ သို့ပေမယ့် အင်းဝစားသိုဟန်ဘွားက တောင်ငူကိုအကဲစမ်းတဲ့သဘောသာ ရဲမက်အင်အားအသုံးပြုခဲ့တဲ့အတွက် ပင်မစစ်အင်အားထိခိုက်ခြင်းမရှိပါဘူး။ ပြည်ဘုရင်နရပတိအတွက်ကတော့ သူအချိန်အတော်ကြာတည်ဆောက်ခဲ့ရတဲ့ ရေတပ်ကြီးပျက်သွားတာကို မကျေနိုင်မချမ်းနိုင် အံတကြိတ်ကြိတ်ရှိနေပါတယ်။ သုံးပြည်ထောင်ပေါင်းစီးဖို့ မျှော်လင့်ချက်အကြီးကြီးထားခဲ့တဲ့ သုရှင်တကာရွတ်ပိအနေနဲ့ ဖြစ်လာသမျှဟာ အမတ်ကြီးဗညားတို့ဆုံးရှုံးမှု့ကနေစတင်တဲ့ နောက်ဆက်တွဲရလဒ်တွေပဲလို့ အယုံစွဲကာ ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံးရှိနေပါတယ်

အခြားတစ်ဘက်မှာ မုတ္တမမြို့စားဟံသာဝတီနန်းတော်ကိုလာတိုက်နေတဲ့အတွက် တပင်ရွှေထီးကိုယ်တိုင် နန်းတော်ဆီ တပ်တွေအတင်းဆုတ်နေပါတယ်။ တောင်ငူပင်မတပ်မကြီးတွေကို ရေကြောင်းနဲ့ ဟံသာဝတီကိုအပြင်းချီတဲ့အခါ ပြသနာမရှိပေမယ့် လက်ကျန်ကုန်းတပ်တွေအတွက် ပြည်ကနေဟံသာဝတီကိုတပ်ဆုတ်ဖို့ဟာ အခက်အခဲများစွာရှိနေပါတယ်။ ဒါကြောင့် ရန်သူတွေ နောက်ကလိုက်တိုက်မယ့်အရေးကိုကြိုတင်ပြင်ဆင်ပြီး ဘုရင့်နောင်နဲ့ အထိန်းတော်ကြီးသတိုးဓမ္မရာဇာ ကုန်းတပ်တွေကိုဦးစီးကာ နောက်ချန်တပ်ဆုတ်လာခဲ့ကြပါတယ်။

ဒီဖြစ်စဥ်နဲ့တစ်ဆက်တည်း သမိုင်းမှာ အငြင်းပွားစရာအကြောင်းအရာတစ်ခုရှိနေပါတယ်။

ဒါကတော့ သုရှင်တကာရွတ်ပိရဲ့အကြောင်းပဲဖြစ်ပါတယ်။ ရေကြောင်းတိုက်ပွဲအပြီးမှာ ပြည်ဘုရင်နဲ့ သိုဟန်ဘွားတို့တားတဲ့ကြားက သုရှင်တကာရွတ်ပိ လူသူလက်နက်စုဆောင်းဖို့အတွက် သူ့တစ်ချိန်ကလက်အောက်ခံနယ်မြေ အင်္ဂပူရအရပ်ကိုတပ်တွေရွှေ့ပြောင်းခဲ့ပါတယ်။

 အနယ်နယ်အရပ်ရပ်မှာ တပင်ရွှေထီးရဲ့ဘုန်းအရှိန်အဝါကြီးမားနေချိန်ဖြစ်တဲ့အတွက် လိုအပ်တဲ့ရဲမက်အင်အားမရရှိခဲ့ဘူးလို့ဆိုပါတယ်

သုရှင်တကာရွတ်ပိလူသူလက်နက်စုဆောင်းနေချိန် စိမ့်တောမှာ ဆင်ကောင်းတစ်စီးတွေ့တယ်လို့ သတင်းရတဲ့အတွက် တိုက်ဆင်၇၀ ရဲမက်အင်အား၁၀၀၀နဲ့ ဆင်ဖမ်းထွက်ပါတယ်။ စိမ့်တောမှာ ဆင်တွေ့တဲ့အခါ ကြံအင်လက္ခဏာတွေနဲ့ပြည့်စုံတဲ့အတွက် ဘုရင်ကိုယ်တိုင်ဆင်စီးပြီးအတင်းလိုက်ဖမ်းပါတယ် သူလိုက်ဖမ်းတဲ့ တောဆင်ဟာ အင်မတန်အပြေးသန်တဲ့အတွက် သုရှင်တကာရွတ်ပိနောက်ပါဗိုလ်ပါတွေနဲ့ကွဲပြီး တစ်ယောက်တည်းဖြစ်သွားပါတယ်။ ဒီလိုနဲ့နောက်ဆုံးတောဆင်ကိုမမိတဲ့အတွက် ပင်ပန်းပြီး‌ရေအိုင်တစ်ခုမှာရေဆင်းသောက်ပါတယ်။ ရေအိုင်မှာ ရေသောက်နေစဥ် သုရှင်တကာရွတ်ပိ နတ်သမီးနဲ့တွေ့ပြီး ရေအိုးလေးကျကွဲသွားတယ်လို့ဆိုပါတယ်။ ဒီအကြောင်းကို လယ်တီပဏ္ဏိတဦးမောင်ကြီးရေးတဲ့ တပင်ရွှေထီးဝတ္တုတော်ကြီး တတိယတွဲမှာ အခုလို ဖော်ပြထားပါတယ်။

သုရှင်တကာရွတ်ပိဆင်ဖမ်းထွက်လာရာက မိမိနေရပ်ရောက်တဲ့အခါ တိုင်းရေးပြည်ရာစစ်ရေးအခင်းအကျင်းတွေကို စိတ်ထဲမရှိဘဲ အဲဒိနတ်သမီးကိုသာ လွမ်းဆွတ်တမ်းတကာ ဂယောင်ဂတန်းဖြစ်နေပါတယ်။ ဘုရင့်ကိုခစားတဲ့မိဖုရားမောင်းမမိသံတွေ ပျော်တော်ဆက်ကြပေမယ့် ဘယ်လိုမှမပြေပျောက်ဘဲ နောက်ဆုံးအဲဒိညမှာ ငန်းဖမ်းသလို အဖျားကြီးတက်ပြီး နတ်ရွာစံသွားပါတယ်။

ဒီနေရာမှာတစ်ဆက်တည်း မြန်မာ့သမိုင်းမှာ နတ်သမီးကြောင့်နတ်ရွာစံရတဲ့မင်းနှစ်ပါးရှိတယ်လို့သိရပါတယ်။ ပထမတစ်ပါးဟာ အင်းဝဆင်ဖြူရှင်ဖြစ်ပြီး ဒုတိယတစ်ပါးကတော့ သုရှင်တကာရွတ်ပိဖြစ်ပါတယ် ။သုရှင်ကွယ်လွန်ချိန်ဟာ ၁၅၃၉ခုနှစ် သက်တော် ၂၉နှစ်ဖြစ်ပါတယ်။

ဟံသာဝတီဘုရင် နတ်ရွာစံသွားတဲ့အခါ ပြည်ဘုရင်နရပတိနဲ့ အင်းဝစားသိုဟန်ဘွားတို့ အင်္ဂပူရကိုချီတက်လာကြပြီး မင်းခမ်းမင်းနားနဲ့ သဂြိုလ်ကြပါတယ်။ သုရှင်တကာရွတ်ပိရဲ့ ဆင်မြင်းရဲမက်ဗိုလ်ပါတွေကို မင်းနှစ်ပါး ခွဲဝေသိမ်းယူပြီး မိမိတို့နေရပ်ကိုအသီးသီးပြန်သွားကြပါတယ် သမိုင်းမှာ အင်းဝစားသိုဟန်ဘွား ဟာ သုရှင်တကာရွတ်ပိရဲ့သားတော်နှစ်ပါး သမီးတော်တစ်ပါးကို မွေးစားဖို့ တစ်ပါတည်းခေါ်‌ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်

ဒီလိုဆန်းပြားတဲ့အရေးကိစ္စဖြစ်ပြီးတဲ့နောက် ထူးခြားမှု့တွေဟာ ရပ်တန့်မသွားခဲ့ပါဘူး အကြောင်းကတော့ သုရှင်တကာရွတ်ပိနတ်ရွာစံပြီး မကြာသောအချိန်မှာ ပြည်ဘုရင်နရပတိ နတ်ရွာစံပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းက ဝမ်းရောဂါအပြင်းအထန်ဖြစ်ပြီး ကံတေ်ကုန်တယ်လို့ဆိုပါတယ်။ အခုလို တောင်ငူရဲ့စစ်ပြိုင်မင်းနှစ်ပါးရှေ့ဆင့်နောက်ကွယ်လွန်တာဟာ တပင်ရွှေထီးရဲ့ဘုန်းရှိန်မိပြီး နွမ်းရိကာ နတ်ပြည်စံတော်မူတယ်လို့ဖော်ပြကြပေမယ့် မလိုသူတွေကတော့ ရိုးစင်းတဲ့အကြောင်းအရာမဟုတ်ဘူးလို့ မှတ်ယူကြမှာဖြစ်ပါတယ်။

ပြည်ဘုရင်နရပတိနတ်ရွာစံပြီးတဲ့နောက် သူ့ညီတော်ရှင်သရက်က ထီးနန်းကိုလွှဲပြောင်းယူပါတယ်။ဘွဲ့အမည် မင်းခေါင်လို့ခံယူကာ သူ့မရီးဖြစ်တဲ့သူရှင်တကာရွတ်ပိရဲ့မိဖုရား သီရိဘုန်းထွတ်ကို မိဖုရားကြီးအဖြစ်တင်မြှောက်ပါတယ်။ ဒီမိဖုရားရဲ့နာမည်ကို ရင်းနှီးတဲ့သူတွေအတွက် တဖန်ပြန်ပြီးပြောနွေးပေးလိုပါတယ်။ သက္ကရာဇ် ၈၈၈ခု အင်းဝကိုရှမ်းတွေလာတိုက်တဲ့အချိန် အင်းဝရွှေနန်းကြော့ရှင်နန်းတော်ကထွက်ခွာချိန်မှာ ကျန်ရစ်ခဲ့တဲ့ဘုရင့်သမီးတော်ဖြစ်ပြီး ပြည်ဘုရင်က ခေါ်ဆောင်သွားခဲ့ပါတယ်။ အင်းဝမင်းခေါင်နဲ့လက်ဆက်ချိန်မှာ မိဖုရားသီရိဘုန်းထွတ်ဟာ အသက်၂၀သာရှိသေးတယ်လို့ဆိုပါတယ်။

ဆိုတော့ တောင်ငူဘက်ကိုသွားရအောင်ဗျာ

တပင်ရွှေထီးတို့ပြည်ကပြန်ဆုတ်ခွာလာတဲ့အခါ မုတ္တမမြို့စားဟာ စုဖွဲ့ထားတဲ့တပ်တွေပြန်နှုတ်ပြီး မုတ္တမကိုပြန်ဆုတ်ကာ မြို့ရိုးကိုအခိုင်အမာတည်ပြီး စစ်ပြင်ပါတယ်။ မင်းတရားရွှေထီး ဟံသာဝတီကိုရောက်တဲ့အခါ နန်းမြို့ဟောင်းကို အသစ်တည်ပြီး မြို့အသစ်ပြင်ဆင်တည်ဆောက်ပါတယ်။ စစ်တိုက်ထွက်နေချိန်မှာ မြို့တော်ကိုကာကွယ်ထားတဲ့ ဘုရင့်နောင်ရဲ့ဖခင် အထိန်းတော်ကြီး မင်းရဲသိင်္ခသူကို ဘွဲ့အသစ် မင်းရဲသီဟသူဘွဲ့ချီးမြင့်ကာ တောင်ငူမြို့ကိုအပိုင်စားပေးပါတယ်။ တပင်ရွှေထီးဟာ ဖခင်ဖြစ်တဲ့အထိန်းတော်ကြီးကို ချီးမြှောက်သလို ဒီကာလတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ဘုရင်နောင်ကို ဟံသာဝတီရဲ့တိုင်းရေးပြည်ရာမှာ သူကဲ့သိုစီမံအုပ်ချုပ်နိုင်ခွင့်ပေးတော်မူပါတယ်။ စစ်ပွဲကြီးအပြီး တပင်ရွှေထီး တိုင်းပြည်အခြေအနေတွေကို တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ပြီးတဲ့နောက် ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ မဖြစ်မနေစစ်ထိုးရမှာကို ကောင်းကောင်းကြီးသဘောပေါက်ထားပါတယ်။ ဒါကြောင့် ဟံသာဝတီဘုရင့်အိမ်တော်ကို ဘုရင့်နောင်ကို ဆင့်ခေါ်ကာ တိုင်းပြည်ရဲ့ရှေ့ရေးအစီအမံတွေကို ဆွေးနွှေးကြပါတယ်။

တပင်ရွှေထီးရဲ့အလိုက အခုလိုတောက်လျောက်စစ်ပွဲတွေချည်းဖြစ်နေတဲ့အတွက် နှစ်ဘက်တိုင်းသူပြည်သားတွေ ကျီးလန့်စာစားပြီး ကြပ်တည်းကြတယ် ဒါကြောင့် စစ်မတိုက်ဘဲ သံတမန်အခင်းအကျင်းအနုနည်းနဲ့ အောင်တော်မူမယ်လို့ မိန့်ပါတယ်

 ထိုအခါဘုရင့်နောင်က အရှင့်အကြံတော်အတိုင်းအထမြောက်မယ်ဆိုရင် အတိုင်းထက်အလွန်ကောင်းမွန်လှပါသည်ဘုရား စစ်ရေးအရ ကိုယ့်မြို့ကိုယ့်အာဏာနဲ့နေတဲ့ တိုင်းဘုရင်တွေရဲ့သဘောမှာ အလွယ်တကူ သူ့လက်အောက်ခံအနေနဲ့ နှစ်သက်ကြမည်မဟုတ်ကြောင်းပါ သို့ပေမယ့် အကြမ်းမှု့ အနုနဲ့အောင်နိုင်ရာ၏လို့ဆိုတဲ့အတိုင်း နူးညံ့သော သံတမန်ရေးနဲ့စမ်းတော်မူလိုကာ စမ်းနိုင်ကြောင်းပါဘုရား လို့ပြန်လျှောက်တင်ပါတယ်

တပင်ရွှေထီးဟာ ဘုရင့်နောင်ရဲ့လျောက်တင်ချက်ကိုလက်ခံတော်မူပြီးနောက် ပြည်ဘုရင်နဲ့မုတ္တမမြို့စားဆီ စာချွန်လွှာရေးကာ သံတမန်တွေလွှတ်လိုက်ပါတယ်။ စာချွန်ရဲ့မှာရေးထားတဲ့အချုပ်ကတော့ တပင်ရွှေထီးရဲ့ဘုန်းတော်ကိုခံယူပြီး လက်အောက်ခံနိုင်ငံအဖြစ်အညံခံမယ်ဆိုရင် အခုရှိရင်းအပိုင်စားရတဲ့တိုင်းနိုင်ငံအတိုင်းဆက်လက်ချီးမြှောက်တော်မူမယ့်အကြောင်းဖြစ်ပါတယ်။

တပင်ရွှေထီးရဲ့အမိန့်တော်အရ ဟံသာဝတီသံတမန်တွေ ပြည်နဲ့မုတ္တမဆီထွက်ခွာလာကြပါတယ်။ သံအမတ်တွေ မိမိနဲ့ သက်ဆိုင်ရာနေရာကိုရောက်ပြီး ဘုရင့်စာချွန်လွှာဆက်သကြတဲ့အခါ နှစ်နိုင်ငံလုံးက မခြေမငံဆက်ဆံကြတဲ့အတွက် ဟံသာဝတီနန်းတော်ကို ပြန်လာပြီး တပင်ရွှေထီး ဆီအကြောင်းစုံ လျှောက်တင်ကြပါတယ်။

သံအမတ်တွေရဲ့စကားကိုကြားတဲ့အခါ တပင်ရွှေထီးက ပြည်သူအပေါင်းချမ်းသာကြောင်းဖြစ်တဲ့ ငြိမ်းချမ်းခြင်းကို မလိုက်နာနိုင်ကြဘူး စစ်ဆိုင်ပြီးပြိုင်လိုကြတယ်ပေါ့ ဒင်းတို့လိုချင်တဲ့စစ်ပွဲ ငါပေးမယ်လို့ မိန့်ကာ ဘုရင့်နောင်ကို တိုက်မိန့်ပေးလိုက်ပါတယ်။

တပင်ရွှေထီးပေးတိုက်တဲ့လေအေးကို အေးချမ်းဖို့မယူဘဲ စစ်မီးအတွက်လောင်စာလို့သဘောထားကြတဲ့အတွက် ပဒေသရာဇ်နိုင်ငံတွေကြားမှာ ကြီးမားတဲ့စစ်ပွဲကြီးတွေစတင်လာခဲ့ပါပြီ။ တပင်ရွှေထီးရဲ့အမိန့်အရ ဘုရင်နောင် လက်အောက်ခံတိုင်းနိုင်ငံတွေက စစ်သည်ရဲမက်တွေဆင့်ခေါ်သလို တိုင်းပြည်ကို အရေးပေါ်အခြေအနေအဖြစ်မောင်းတီးကြေငြာကာ မြို့စားနယ်စားတွေကို ခံစစ်အပြည်နဲ့ပြင်ဆင်စေပါတယ်။ 

ကြာရှည်တိုက်မယ့်စစ်ပွဲအတွက် ပြည်တွင်းစားနပ်ရိက္ခာဖူလုံဖို့ လိုအပ်တဲ့စစ်အင်အားအစဥ်မပြတ်ထောက်ပံနိုင်ဖို့ စီစဥ်ပြီးတဲ့နောက် တပင်ရွှေထီးရဲ့ဟံသာဝတီဘုရင့်တပ်တော် တိုက်ပွဲဝင်ဖို့အသင့်အနေအထားရောက်ပါပြီ။

နှစ်နိုင်ငံလုံးကိုစစ်ထိုးဖို့ပြင်ဆင်ပြီးတဲ့နောက် ဘုရင့်နောင် တပင်ရွှေထီးရဲ့အိမ်တော်ကို အခစားဝင်ပါတယ်။ ပြည်ဘုရင်မင်းခေါင် အခုလိုစစ်ပွဲကိုရွေးခြင်းဟာ သူ့အမိန့်အာဏာကို တိုင်းနိုင်ငံအပေါ်ထင်ရှားစေလိုတဲ့အတွက် အာခံခြင်းဖြစ်ပြီး ရဲမက်အင်အားအရ ရေကြောင်းတိုက်ပွဲကဆုံးရှုံးမှု့ကို မကာမိသေးပါဘူး။ သို့ပေမယ့်မုတ္တမမြို့စားကတော့ တပင်ရွှေထီးကိုတိုက်ဖို့ ကနဦးပိုင်းတွေကတည်းကပြင်ဆင်နေတဲ့သူဖြစ်တဲ့အတွက် လူသူလက်နက်တောင့်တင်းသလို သူ့ယောက်ဖမော်လမြိုင်စားနဲ့စစ်ရေးအကူအညီ နိုင်ငံခြားကြေးစားတွေရဲ့ခဲယမ်းမီးကျောက်လက်နက်အထောက်အပံတွေကိုရယူထားတဲ့အတွက် တပင်ရွှေထီးအတွက်အားတူတဲ့ပြိုင်ဘက်ဖြစ်ပါတယ်။ တပင်ရွှေထီးနဲ့ဘုရင့်နောင် ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက် စုစည်းထားတဲ့တပ်ဖွဲ့တွေ အင်အားအပြည့်နဲ့ မုတ္တမကိုတိုက်တော့မှာဖြစ်ပါတယ်။

တပင်ရွှေထီးဟာ မုတ္တမကိုတခါတည်းသိမ်းဖို့ရည်ရွယ်တဲ့အတွက် အင်အားများပြားတဲ့ တပ်မကြီး ၁၂ခုနဲ့ထိုးစစ်ဆင်မှာဖြစ်ပါတယ်။ ရှေ့ဆုံးကချီတက်မယ့် မြင်းတပ်မကြီး၃ခုကို စစ်တုရင်္ဂသူ ၊ အင်းယဥ်တုရင် ၊ ဇေယျတမန် တို့ကဦးဆောင်ပြီး အနောက်ကလိုက်မယ့်ခြေလျင်တပ်မကြီး ၇ခုကို နန္ဒကျော်သူ၊ ဘယနန္ဒသူ၊ ဗညားပရူ၊ နန္ဒယော်ဓာ၊ သီရိဇေယျကျော်ထင်၊ နန္ဒသင်္ကြန်၊ သက်ရှည်ကျော်ထင်တို့ တပ်မှူး၇ဦးက ခေါင်းဆောင်မှာဖြစ်ပါတယ်။ မြင်းတပ်ခြေလျင်တပ်တွေနောက်မှာ တပင်ရွှေထီးရဲ့ ဘုရင့်တပ်မကြီးပါဝင်ကာ ဒီတစ်ခါနောက်ချန်တပ်ကို ဘုရင်နောင်ဦးဆောင်ပြီးချီတက်ပါတယ်။ စစ်အင်အားအရကြည့်မယ်ဆိုရင် ဒီတပ်မကြီး ၁၂ခုမှာ တိုက်ဆင် ၃၀၀ စစ်မြင်း ၂၁၀၀ နဲ့စစ်သူရဲပေါင်း ၁၃၀၀၀၀ ပါဝင်ပါတယ်။ စစ်ပွဲဖြစ်နေချိန်မှာ  ဟံသာဝတီနန်းတော်ကို ကာကွယ်ဖို့ အထိန်းတော်ကြီး သတိုးဓမ္မရာဇာ စစ်အင်အားအလုံအလောက်နဲ့ မြို့စောင့်ကျန်ခဲ့မှာဖြစ်ပါတယ်.

ဆိုတော့ ဟံသာဝတီဘုရင့်တပ်တော်ကြီး မုတ္တမဆီကုန်းကြောင်းက ချီတက်လာကြပါပြီ 

စစ်ပွဲကြီးစတင်ပါပြီ


ကြည့်ရှု့ပေးတဲအတွက်အားလုံးကို ကျေးဇူးတင်ပါတယ်


YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.

Previous Post Next Post