အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်
တပင်ရွှေထီးရဲ့စစ်ချီအမိန့်အရ
ကျော်ထင်နော်ရထာနဲ့ထိပ်တန်းစစ်ဦးစီးတွေ ဟံသာဝတီနန်းရင်ပြင်မှာ တပ်တွေစုဖွဲ့နေနေပါပြီ။ ဟံသာဝတီဟာမကြာသေးခင်က သိမ်းပိုက်ထားတဲ့နယ်မြေဖြစ်တဲ့အတွက် အခုလိုအကြီးစားထိုးစစ်အတွက်
ပြင်ဆင်နေခြင်းဟာ အထိအခိုက်မခံတဲ့အခြေအနေတစ်ခုကိုတွန်းပို့နေပါတယ်။ အင်အားဘယ်လောက်တောင့်တင်းတဲ့စစ်တပ်ဖြစ်ဖြစ် စစ်သည်ရဲမက်
လက်နက်ရိက္ခာတွေကိုထောက်ပံ့ပေးနေတဲ့ ပင်မစစ်ဌာနချုပ်ကိုသာ ရန်သူထိန်းချုပ်သွားခဲ့ရင်
ရေသောက်မြစ်ပြတ်သွားတဲ့သစ်ပင်လို ပျက်စီးခြင်းကိုဆိုက်ရောက်သွားမှာဖြစ်ပါတယ်။
တပင်ရွှေထီးရဲ့စစ်ချီအမိန့်ဟာ တောင်ငူတပ်တပ်တွေရေသောက်မြစ်ဖြစ်တဲ့ ကေတုမတီနန်းတော်ကိုဖိအားအများကြီးသက်ရောက်သွားသလို
ဘုရင့်တပ်တော်တွေအခြေစိုက်တဲ့ ဟံသာဝတီနန်းတော်ကိုပါလောင်းကြေးထိုးထဲ့ထည့်လိုက်သလိုဖြစ်သွားပါတယ်။ သူ့ရှင်တကာရွတ်ပိကိုသစ္စာခံခဲ့ကြတဲ့မှူးမတ်အများအပြား
ဟံသာဝတီနန်းတော်က အရေးကြီးနေရာတွေကို ဆက်လက်ချုပ်ကိုင်ထားကြမြဲဖြစ်သလို
ကျူးကျော်စစ်အပြီး အသစ် ဖွဲ့စည်းခဲ့တဲ့ဟံသာဝတီတပ်ဖွဲ့ဟာလည်း စစ်သူရဲသမိန်ပရူရဲ့ထိန်းချုပ်မှု့အောက်ကို
အပြည့်အဝ ရောက်ရှိနေပါတယ်၊ အကယ်လို့ သမိန်ပရူသာ
အောက်ပိုင်းမုတ္တမြို့စားနဲ့ပေါင်းပြီး တပင်ရွှေထီးစစ်ချီထွက်နေချိန် ပုန်ကန်ခဲ့ရင် တောင်ငူတပ်တွေရန်သူ့နယ်မြေမှာ စစ်ကျွံနေပြီဖြစ်တဲ့အတွက် ရန်မီးပတ်လည်ဝိုင်းသွားမှာဖြစ်သလို ပင်မဌာနချုပ်ဖြစ်တဲ့
ကေတုမတီနန်းတော်မှာလည်း ဒီအရေးအခင်းကိုကောင်းကောင်းဖြေရှင်းနိုင်တဲ့ရဲမက်အင်အားမရှိပါဘူး။ တပင်ရွှေထီရဲ့အခြေအနေဟာ ရေစီးကိုပိတ်ထားတဲ့တာရိုးလို တစ်ထောင့်တစ်နေရာကသာကျိုးပေါက်သွားရင် အခုထိကြိုးစားခဲ့တဲ့အောင်မြင်မှု့တွေအကုန်ပျက်စီးသွားပြီး အသစ်ပြန်စလို့မရအောင်ကို စုံးစုံးမြုပ်သွားမှာဖြစ်ပါတယ်။ ဆိုတော့
တောင်ငူစစ်ဦးစီးကျော်ထင်နော်ရထာရဲ့ပုခုံးပေါ်ဘာတာဝန်တွေကျရောက်လာပါပြီလဲ။
စစ်ချီဖို့တပ်ဖွဲ့အားလုံးအသင့်အနေအထားရောက်တဲ့အချိန်
ကျော်ထင်နော်ရထာ တပင်ရွှေထီးနဲ့တွေ့ဖို့ ဘုရင့်နန်းဆောင်ကို
ခပ်သုတ်သုတ်အခစားဝင်ပါတယ်။ ရန်သူရဲ့အခြေအနေကို
အသေးစိတ်တင်ပြပြီးတဲ့နောက် စစ်အင်အားအများအပြားသုံးစွဲမယ့်ဒီစစ်ပွဲအတွက် အဓိကကျတဲ့မဟာဗျူဟာတစ်ခုကိုရေးဆွဲကြပါတယ်။ အင်အားကြီးရန်သူတွေဖြစ်တဲ့
သူ့ရှင်တကာရွတ်ပိ၊ပြည်ဘုရင်နဲ့အင်းဝစားသိုဟန်ဘွားတို့ရဲ့သုံးပြည်ထောင်ထိုးစစ်ကိုကြိုတင်ပြင်ဆင်ဖို့
တောင်ငူကေတုမတီနန်းတော်ကို တပင်ရွှေထီးလျို့ဝှက်အမိန့်တစ်ခုထုတ်ပြန်လိုက်ပါတယ်။
တပင်ရွှေထီးရဲ့အမိန့်အရ ကေတုမတီနန်းတော်ဟာ လက်အောက်ခံမြို့စားနယ်စားတွေကို
စစ်သည်ရဲမက်တွေစစ်မှု့ထမ်းဖို့ဆင့်ခေါ်ပြီး လိုအပ်တဲ့ရဲမက်အင်အားကို
အချိန်မဆိုင်းတပ်ကူ ပေးပို့နိုင်ဖို့ပြင်ဆင်သလို စားနပ်ရိက္ခာဖြည့်တင်းရေးနဲ့
ဓားလှံလက်နက်ခဲယမ်းတွေစုဆောင်းခြင်းတို့ကို အပြင်းအထန်ဆောင်ရွက်ပါတယ်၊
တိုင်းပြည်ရေးရာမှာ ယုံကြည်ကိုးစားရတဲ့အထိန်းတော်ကြီးတွေကို ဟံသာဝတီနန်းတော်မှာ
စုရုံးကြစေပြီး စစ်ပွဲရဲ့အဓိကထောက်တိုင်တွေအဖြစ် နေရာချထားတော့မှာဖြစ်ပါတယ်။
ဘုရင့်အိမ်တော်ကထွက်လာတဲ့စစ်ဗျူဟာအရ
တောင်ငူကုန်းတပ်ကို တပ်မကြီးလေးခုအဖြစ်ဖွဲ့စည်ပြီး အထိန်းတော်ကြီးသတိုးဓမ္မရာဇာက
စစ်ဦးစီးအဖြစ်တာဝန်ယူစေစောဖြစ်ပါတယ်။ စစ်အင်အားအရ တိုက်ဆင်၇၀ စစ်မြင်း၃၀၀ နဲ့
စစ်သူရဲသုံးသောင်းခွဲပါဝင်ပါတယ်။
ကုန်းတပ်နဲ့မလှမ်းမကမ်းကချီတပ်မယ့်တောင်ငူတော်ဝင်ရေတပ်ကိုတော့
တပင်ရွှေထီးကိုယ်တိုင်ဦးစီးမှာဖြစ်ပြီး တိုက်ပွဲဝင်စစ်လှေ ၃၅၀ နဲ့ရေတပ်သား
သုံးသောင်းခွဲပါဝင်ပါတယ်။ ထူးခြားချက်အနေနဲ့ အသစ်ဖွဲ့စည်းထားတဲ့ဟံသာဝတီတပ်ဖွဲ့ တွေ တော်ဝင်ရေတပ်မှာပူးပေါင်းရမှာဖြစ်ပြီး
သမိန်ပရူဟာ ဘုရင့်လှေတော်အနီးမှာ တပင်ရွှေထီးကို ခစားရမှာဖြစ်ပါတယ်။
ဒီစစ်ပွဲမှာအဓိကတက်မအဖြစ် ကျော်ထင်နော်ရထာရဲ့ဖခင် အထိန်းတော်ကြီးမင်းရဲသိင်္ခသူကို စားနပ်ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းမဟန့်အတားမခံရဖို့
တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက် ရဲမက်အင်အားတစ်သောင်းကျော်နဲ့
ဟံသာဝတီနန်းတော်မှာ အထိုင်ချပြီးစီမံကွပ်ကဲမှာဖြစ်ပါတယ်။
တပင်ရွှေထီးရဲ့ပင်မစစ်အင်အားလှုပ်ရှားနေချိန်မှာ မုတ္တမြို့စားရဲ့ပုန်ကန်မှု့ကို
ကိုင်တွယ်ဖြေရှင်းရမှာဖြစ်သလို အင်းဝနဲ့ပြည် တောင်ငူကေတုမတီနန်းတော်ကိုတိုက်ခိုက်လာခဲ့ရင် အနီးကပ်စစ်မြေပြင်ကွပ်ကဲဖို့ နောက်တန်းခံစစ်ဘေးကင်းဖို့အတွက် အထိန်းတော်ကြီး
မင်းရဲသိင်္ခသူ တာဝန်အပြည့်အဝယူထားပါတယ်။
ဆိုတော့
စစ်ဦးစီးကျော်ထင်နော်ရထာ ဘယ်နေရာကစားကွက်ဖော်မှာပါလဲ
ကျော်ထင်နော်ရထာဟာ
တိုက်ဆင်၅၀ စစ်မြင်း၅၀၀ စစ်သူရဲတစ်သောင်းပါဝင်တဲ့ ရှေ့ပြေးတပ်ကိုဦးဆောင်ပြီး
ရန်သူနယ်မြေမှာ တောင်ငူရဲ့ပင်မတပ်ဘေးကင်ဖို့အတွက် ကနဦးမြေပြင်ရှင်းလင်းရေးကိုလုပ်ဆောင်မှာ
ဖြစ်ပါတယ်။ အခုတိုက်မယ့်စစ်ပွဲမှာ မိမိအင်အားအစမတန်များပြားတဲ့
သုံးပြည်ထောင်ပူးပေါင်းစစ်အင်အားကိုရင်ဆိုင်ရမှာဖြစ်တဲ့အတွက်
တောင်ငူရဲ့ပင်မတပ်မသာ ရန်သူချုံခိုတိုက်ခိုက်ခံရရင် အကြီးအကျယ်ဆုံးရှုံးပျက်စီးသွားမှာဖြစ်ပါတယ်။
ဒီလိုအရေးကြီးတဲ့နေရာမှာစစ်ကစားဖို့အတွက်
ရဲပေ့စွမ်းပေ့ဆိုတဲ့ထိပ်တန်းစစ်သူရဲတွေကို ကိုယ်တိုင်ရွေးချယ်ပြီး
ရှေ့ပြေးတပ်နေရာချထားပါတယ်။ ကျော်ထင်နော်ရထာရဲ့ရှေ့ပြေးတပ်မှာ
သမိုင်းမှာမှင်ရာမထင်းတဲ့ ရွှေလည်စွဲစစ်သူရဲကောင်းတွေ ထိပ်ဆုံးက ပါဝင်ခဲ့မယ်ဆိုတာသံသယဖြစ်စရာအကြောင်းမရှိပါဘူး။ တပ်တွေစုဖွဲ့ပုံကိုကြည့်မယ်ဆိုရင်
တောင်ငူရဲ့ပင်မကုန်းတပ်မှာ တိုက်ဆင်၇၀ စစ်မြင်း၃၀၀သာပါပြီး ရှေ့ပြေးတပ်မှာ
တိုက်ဆင်၅၀ စစ်မြင်း၅၀၀အသုံးပြုထားတာကိုကြည့်ခြင်းအားဖြင့် ကျော်ထင်နော်ရထာဟာ ကင်းထောက်ရှင်းလင်းရေးအပြင် ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့အထိပါ အသေးစိတ်ပြင်ဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်၊
အခြားတစ်ဘက်မှာ
ပြည်ဘုရင် သူ့ရှင်တကာရွတ်ပိ နဲ့သိုဟန်ဘွားတို့ဟာ ပြည်မှာအချိန်းအချက်လုပ်စုဝေးမှာဖြစ်ပြီး
တောင်ငူကိုသိမ်းဖို့ တပ်မကြီးတွေအသီးသီးစုဖွဲံနေကြပါတယ်။ သုံးပြည်ထောင်ပူးပေါင်းတပ်ဖွဲ့တွေ ပြည်မှာစစ်အင်အားစုစည်းပြီး ဒီမလောက်လေးမလောက်စားတပင်ရွှေထီးရဲ့တပ်ကို အမြစ်ကစွဲနှုတ်ပြီး
တောင်ငူကိုအမှုန့်ခြေပစ်မယ်လို့ကြုံးဝါးကြပါတယ်။ အဲဒိလိုမင်းသုံးပါးတပ်လှုပ်ရှားတဲ့အခါ သူ့ရှင်တကာရွတ်ပိရဲ့အမိန့်နဲ့
မုတ္တမြို့စားဟာ ဟံသာဝတီနန်းတော်ကိုတက်သိမ်းမှာဖြစ်ပြီး တပင်ရွှေထီးကို အပေါ်အောက်ညှပ်တိုက်ဖို့ရည်ရွယ်ပါတယ်။
သူ့ရှင်တကာရွတ်ပိတစ်ဦးထဲရဲ့စစ်အင်အားတင် သိန်းဂဏန်းကျော်တဲ့အတွက် သုံးပြည်ထောင်တပ်ဖွဲ့အင်အားဟာ
တောင်ငူတပ်အတွက် တစ်ကွက်မှားတာနဲ့အကုန်ထိုးကျွေးရမယ့်ကိန်းဖြစ်နေပါတယ်၊
သူ့ရှင်တကာရွတ်ပိဟာ တပ်မကြီးတွေဝိုင်းရံပြီး စစ်မြေပြင်ကိုအနီးကပ်ကွပ်ကဲနိုင်ဖို့ အတွက်ပန်းမထီးဝအရပ်မှာ တပ်တည်ပါတယ်။ စစ်သူရဲ ဗညားဒလနဲ့မင်းရဲအောင်နိုင်ဦးစီးတဲ့
ပင်မတပ်ကို နောင်ရိုးမှာစခန်းအထိုင်ချပြီး တောင်ငူရဲ့ကနဦးထိုးစစ်ကို
ထိပ်ကနေစီးတိုက်ဖို့အသင့်ပြင်ထားစေပါတယ်။ ရဲမက်အင်အား၈၀၀၀၀ပါဝင်တဲ့ဒီတပ်ဟာ မြေပြင်အခြေအနေ တပမ်းသာအောင်ရွေးထားပြီးအသင့်အနေအထားနဲ့တပင်ရွှေထီးရဲ့တောင်ငူတပ်လောက်ကတော့ လက်ဖြောက်တီးသလောက်တောင်မခက်လို့ ရယ်သွမ်းကာ
ပျော်ပျော်ကြီးစောင့်နေကြပါတယ်။
ဒီနေရာမှာ
သမိုင်းရဲ့အထင်ကရမှတ်ကျောက်ဖြစ်တဲ့
နောင်ရိုးတိုက်ပွဲဖြစ်တဲ့နေရာကိုပြောပြချင်ပါတယ်။
တွင်းသင်းတိုက်ဝန်မဟာစည်သူရေးတဲ့
မဟာရာဇဝင်သစ် တောင်ငူဆက်-ဒုတိယမှာ ယခုလိုဖော်ပြထားတာကိုတွေ့ရပါတယ်
ဧရာဝတီမြစ်ဝကျွန်းပေါ်၏
အနောက်ဘက်ခြမ်းတွင် ပုသိမ်နှင့်မြောင်းမြ၏အကြား၌ ပန်မဝတီမြစ်ဟူ၍ရှိသည်။
ပန်မဝတီနှင့်အိမ်မဲချောင်းနှစ်မြွှာမကွဲ မီချောင်းတစ်ရိုးတည်းရှိ၍
မင်းမနိုင်ချောင်းဟုခေါ်သည်။ ဘုရင်နော်ကျော်ထင်နော်ရထာတို့ ဖောင်ဖွဲ့၍
ကူးသောနေရာသည် ယခုအိမ်မဲဝန်းကျင်တွင်ရှိနိုင်သည် လို့ဖော်ပြထားပါတယ်။
နောင်ရိုးတိုက်ပွဲဖြစ်တဲ့နေရာနဲ့ပတ်သတ်ပြီး
အငြင်းပွားမှု့တွေရှိနေပေမယ့် အိမ်မဲမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု
ဒေါင့်ကြီးလေးကျေးရွာဝန်းကျင်မှာ ဖြစ်ခဲ့တယ်လို့ အစိုးရဝက်ဆိုက်တွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်။
ဆိုတော့
တိုက်ပွဲဆီကိုသွားလိုက်ရအောင်ဗျာ
နောင်ရိုးရဲ့တစ်ဘက်ခြမ်းမှာ
ဗညားဒလနဲ့မင်းရဲအောင်နိုင်တို့ဦးစီးတဲ့ ဟံသာဝတီပင်မတပ်ဟာ တိုက်ဆင်၂၀၀ စစ်မြင်း
၈၀၀ နဲ့ရဲမက်အင်အား၈၀၀၀၀ကို စစ်အင်္ဂါအပြည့်အစုံနဲ့ဗျူဟာခင်းကျင်းထားပါတယ်။
တောင်ငူရဲ့တပ်တွေချုံခိုတိုက်ခိုက်တာမခံရဖို့
ကျော်ထင်နော်ရထာဦးစီးတဲ့ရှေ့ပြေးတပ် ရန်သူနယ်မြေကို ပင်မတပ်တွေထက်စောပြီး
ချီတက်လာကြပါတယ်။ နောင်ရိုးရောက်တဲ့အခါ ကင်းထောက်ရဲမက်တွေ
ကျော်ထင်နော်ရထာဆီ ချောင်းတစ်ဖက်ကမ်းမှာ ရန်သူ့အရိပ်အယောင်တွေ့ရတဲ့အကြောင်း
သတင်းပို့ကြပါတယ်။ ဒါကြောင့်ရှေ့ပြေးတပ်ကို ချက်ချင်းပုံဖျောက်စေပြီး
ကျော်ထင်နော်ရထာကိုယ်တိုင် အခြေအနေအကဲဖြတ်ဖို့ရောက်လာကာ
အမြင်အာရုံအထူးကောင်းမွန်တဲ့စစ်သူရဲကို အမြင့်ဆုံးသစ်ပင်ကိုဖက်တွယ်တက်ခိုင်းပြီး
ရန်သူ့စစ်အင်အားကို တွက်စေပါတယ်။ စစ်သူရဲလည်းတွက်ချက်ပြီး မြေပေါ်ရောက်တာနဲ့
ရန်သူတပ်ဖွဲ့ဟာ ဗညားဒလနဲ့မင်းရဲအောင်နိုင်တို့အသုံးပြုတဲ့ဒိုင်းတံခွန်တွေလွှင့်ထူတားပြီး
အရေအတွက်အားဖြင့် ၈သောင်းအောက်မလျော့လို့လျှောက်တင်ပါတယ်။
သူလျိုတွေရဲ့ ပြည်မှာစုဝေးဖို့ မင်းသုံးပါး တပ်တွေစုဖွဲ့ပြင်ဆင်နေပြီဆိုတဲ့သတင်းအရ
သူ့ရှေ့မှာရှိနေတဲ့ ဗညားဒလနဲ့မင်းရဲအောင်နိုင်တို့တပ်ဟာ မကြာသောအချိန်မှာ
အင်အားသိန်းချီတဲ့တပ်မကြီးအဖြစ်ပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။
တပင်ရွှေထီးရဲ့ပင်မတပ်ရောက်တဲ့အချိန်အထိသာစောင့်လိုက်ရင် တိုက်ပွဲမှာ တောင်ငူရဲ့စစ်အင်အားအကုန်သုံးရမှာဖြစ်တဲ့အတွက်
နိုင်ခဲ့ရင်တောင်လက်ကျန်စစ်သည်ရဲမက်တွေ နောက်ဆက်တိုက်ဖြစ်လာမယ့်စစ်ပွဲတွေအတွက်
အင်အားလုံလောက်တော့မှာမဟုတ်ပါဘူး။ နောက်ပြီး ခုတိုက်ပွဲဟာ သူ့ရှင်တကာရွတ်ပိရဲ့ဟံသာဝတီတပ်နဲ့တိုက်မှာဖြစ်တဲ့အပြင်
တပင်ရွှေထီးရဲ့ပင်မတပ်မှာလည်း အညံခံပူးပေါင်းထားတဲ့ဟံသာဝတီတပ်တွေပါဝင်နေတဲ့အတွက်
အကယ်လို့အကြောင်းကိစ္စမခန့်မသင့်ခဲ့ရင် အတွင်းအပြင်နှစ်ဖက်ညှပ်တိုက်ခံရမယ့်အခင်းအကျင်းကို
ကျော်ထင်နော်ရထာလုံးဝအရောက်ခံမှာ မဟုတ်ပါဘူး
အခြေအနေအားလုံးကိုသုံးသပ်ပြီးတဲ့နောက် တပ်ဖွဲ့အားလုံးကိုစုစည်းကာ နောင်တချိန်သမိုင်းမှတ်တမ်းအဖြစ်ဂုဏ်ပြောင်မယ့် တိုက်ပွဲဝင်မိန့်ခွန်းကို ကျော်ထင်နော်ရထာ ဒီအချိန်မှာပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်တို့သဘောမှာ
အင်အားငယ်သည်ကြီးသည်မှာ ပဓါနမဟုတ် သူရသတ္တိနဲ့စစ်ပရိယာယ်သာပဓါနဖြစ်တယ် ကြာရှည်ဆိုင်း၍မလျော် အလျင်အမြန်တိုက်မည် ချောင်းကိုကူးဖို့ ဖောင်ဖွဲ့ကြစေ လို့မိန့်ပါတယ်
ဒီနေရာမှာတစ်ချက်ပြောလိုတာက နောင်ရိုးတိုက်ပွဲမှာသာ ကျော်ထင်နော်ရတို့စစ်ရှုံးခဲ့ရင် နောက်ကကပ်လိုက်လာတဲ့တပင်ရွှေထီးရဲ့တောင်ငူပင်မတပ်လည်းတစ်ဆက်တည်းချေမှုန်းခံရမှာဖြစ်သလို သုံးပြည်ထောင်တပ်တွေ ဟံသာဝတီနန်းတော်နဲ့ကေတုမတီကိုလုပ်ကြံရင် လွန်လေပြီးတဲ့အမတ်ကြီးဗညားတို့သေရာကထခုခံရင်တောင် ဘယ်လိုမှဆီးတားလို့ရမှာမဟုတ်ပါဘူး
စစ်ဖောင်တွေဖွဲ့ပြီးတပ်တွေနေရာယူပြီးတာနဲ့
ကျော်ထင်နော်ရထာကိုယ်တိုင် ထိပ်ဆုံးကချောင်းကိုကူးပါတယ်။
စစ်အင်အားအကုန်ချောင်းတစ်ဖက်ကိုရောက်တာအခါ ကျော်ထင်နော်ရထာက ခုကူးလာတဲ့ဖောင်တွေကို
ချောင်းထဲမှာအသင့်ထားရင် ငါ့ရဲမက်တွေ ဖောင်ကိုအားကိုးပြီး စစ်ရေးညှိုးတဲ့အခါ
အလွယ်တကူ ဖောင်နဲ့ကူးပြေးကြလိမ့်မယ် သည်ဖောင်တွေကို အလုံးစုံဖျက်ဆီးလိုက်ရင်
အားထားရာမဲ့တဲ့အတွက် အသက်စွန့်ပြီး တိုက်ကြလိမ့်မယ်လို့ အတွေးရှိတဲ့အတွက်
ဖောင်တွေကို ချက်ချင်းဖျက်ဆီးပြီး စားနပ်ရိက္ခာတွေကိုပါ ရေမျောဖို့အမိန့်ပေးပါတယ်
စစ်ဦးစီးရဲ့အမိန့်ကိုလွန်ဆန်ခြင်းမပြုရဲကြပေမယ့်
စစ်ကဲတပ်မှူးတွေဖောင်ဖျက်မယ့်အစီအမံကိုအယူခံဝင်ဖို့
ကျော်ထင်နော်ရထာဆီအခစားဝင်ကြပါတယ်။
စစ်ကဲများ - ကမ်းတစ်ဘက်မှာရှိတဲ့ဟံသာဝတီသားတွေဟာ အင်အားရှစ်သောင်းနဲ့အတူ ဆင်မြင်းမြေပြင်အခင်းအကျင်း အဆမတန်သာလွန်ကြောင်းပါဘုရား ကျွန်တော်မျိုးတို့အင်အားဟာ တစ်သောင်းသာရှိတဲ့အတွက် အင်အားမမျှဘဲဆုတ်ခွာရရင် ဖောင်တွေမရှိတဲ့အတွက်အခက်ကြုံနိုင်ကြောင်းပါ ခုလိုလျှောက်တင်ခြင်းဟာ စစ်တိုက်ဖို့သွေးတွန့်တာမဟုတ်ဘဲ အလိုရှိတဲ့အခါ အသင့်သုံးနိုင်ဖို့ထားရှိသင့်တယ်လို့ ကျွန်တော်မျိုးတို့ထင်မြင်ကြကြောင်းပါဘုရား
ကျော်ထင်နော်ရထာ
- နောင်ရေးနောင်ရာ အလွန်စိုးရိမ်ကြသကိုး ခုလျှောက်တင်ကြတာ အန္တရယ်ကို
စိုးရိမ်ကြတဲ့လက္ခဏာရှိတယ် ဘုရင့်တပ်တော်မှာအမှု့ထမ်းခွင့်ရတဲ့သူတွေဟာ အရှင့်အတွက်အသက်ကိုစွန့်ခဲ့ကြပြီးမဟုတ်လား
ဖောင်တွေရှိနေရင် ဖောင်ကိုအားထားပြီး စစ်ရေးမလှရင်
တပ်ဆုတ်ချင်စိတ်တွေပေါ်လာကြလိမ့်မယ် ဖောင်တွေမရှိဘူးဆိုရင် သေမယ့်အတူတူ
ရေကုန်ရေခမ်းအတင်းတိုက်ကြလိမ့်မယ်
စစ်ကဲများ
- ယခုမိန့်တော်မူတဲ့အတိုင်း မှန်လှကြောင်းပါဘုရား အကယ်လို့ကျွန်တော်များက
အားမတန်ဘဲရှုံးခဲ့သော် အပွဲပွဲနွှဲလာခဲ့ပြီး အောင်သတင်းဆောင်နိုင်ခဲ့သမျှ
ဒီပွဲမှာဂုဏ်သတင်းညိုးနွှမ်းပြီး ရွှေနန်းရှင်ဘုရားက
အပြစ်တင်တော်မူမှာစိုးလှပါသည်ဘုရား
ကျော်ထင်နော်ရထာ
- ရွှေနန်းရှင်ဘုရားက အပြစ်တော်တင်မှာကို စိုးရိမ်ဖို့မရှိဘူး စစ်ကဲတို့လျှောက်တဲ့အတိုင်း
အကယ်လို့ရှုံးခဲ့ရင် ကျွန်ုပ်တို့တတွေ အသက်နဲ့နေရတော့မှာမဟုတ်
အမှန်ပင်သေကြလိမ့်မယ် သေပြီးသူကို ရွှေနန်းရှင်ဘုရားက အဘယ်မှာ
အပြစ်တော်တင်နိုင်ပါ့တော့မလဲ သည်ပွဲမှာ အသက်နဲ့လဲ အရှင့်ကျေးဇူးတော်ကိုဆပ်ကြပါ
ကျွန်ုပ်ကိုယ်တိုင်လဲ အသက်စွန့်ပြီး ဗညားဒလတို့တပ်ကို အနိုင်တိုက်ကျေးဇူးဆပ်မယ်
လို့မိန့်ပါတယ်။ ကျော်ထင်နော်ရထာရဲ့စကားကြားတဲ့အခါ စစ်ကဲရဲမက်ဗိုလ်ပါအားလုံး
အရှင့်ဘုန်းတော်ကိုချီးမွှမ်းပြီး ဓားလှံတံခွန်တို့ကိုမြှောက်ရမ်းကာ
ကြွေးကြော်ကြပါတယ်။ ဖောင်တွေအားလုံးဖျက်စီးသွားပြီးတဲ့အခါ ကျော်ထင်နော်ရထာ ရှေ့ပြေးတပ်ကို ဗျူဟာပုံစံစုဖွဲ့ကာအသင့်ပြင်စေပါတယ်
အခုစစ်မြေပြင်ရဲ့နောက်ကိုနည်းနည်းရွေ့ကြည့်မယ်ဆိုရင် တောင်ငူရှေ့ပြေးတပ်ဆီ မြင်းနဲ့တမာန်တစ်ဦးမတင်းနှင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။
ထိုသူကတော့ စစ်သူရဲတုရင်ရာဇာဖြစ်ပြီး တပင်ရွှေထီးအမိန့်ကိုယူဆောင်လာတာဖြစ်ပါတယ်။
ကနဦးသတင်းပို့ချက်တွေအရ ဗညားဒလနဲ့မင်းရဲအောင်နိုင်တို့တပ်ကို ရှေ့ပြေးတပ်တွေမှီသွားပြီလို့သိရတဲ့အတွက် တပင်ရွှေထီး မြင်းဆယ်စီးနဲ့
တုရင်ရာဇာကို ဟံသာဝတီတပ်ကိုတွေ့ရင်မတိုက်နဲ့ဦး ငါရောက်မှတိုက်မယ် လို့အမိန့်ပေးပို့ခိုင်းခြင်းဖြစ်ပါတယ်။
ကျော်ထင်နော်ရထာဟာ ဒီအခြေအနေမှာ ဟံသာဝတီတပ်ကို ရေကုန်ရေခမ်းတိုက်တော့မယ်ဆိုတာ
တပင်ရွှေထီးကောင်းကောင်းကြီးသဘောပေါက်ပါတယ်၊ စစ်အင်အား၁သောင်းနဲ့၈သောင်းတိုက်ကြမယ့်ဒီပွဲ
သူ့နောင်တော်တစ်စုံတစ်ရာအခန့်မသင့်သွားမှာစိုးတဲ့အတွက် တပင်ရွှေထီး
စစ်တပ်မှူးနဲ့အမိန့်လွှတ်လိုက်ခြင်းဖြစ်ပါတယ်
တုရင်ရာဇာရှေ့ပြေးတပ်ဆီရောက်ပြီး
ဘုရင့်အမိန့်ဆက်သတဲ့အခါ ကျော်ထင်နော်ရထာက အရှင့်ဘုန်းတော်ကြောင့်အောင်တော်မူပြီ
လို့ပြန်လျှောက်ထားခိုင်းကာ တပ်တွေဦးစီးဖို့ထွက်လာပါတယ်
ဟံသာဝတီတပ်တွေ ရန်သူချဥ်းကပ်လတာတွေ့ရတဲ့အခါ ဒီမဆို့မပို့အင်အားတစ်သောင်းလောက်ကတော့ အောင်သေအောင်သား စားဖို့တောင်မလောက်င နည်းလှချည်လားလို့ရယ်သွမ်းကာ တောင်ငူတပ်ကိုတိုက်ဖို့ နေရာယူအသင့်ပြင် ကြပါတယ်
![]() |
နောင်ရိုးတိုက်ပွဲ - ငါဟဲ့တပင်ရွှေထီး အပိုင်း၁၀ |
ဒီနေရာမှာ
ကျော်ထင်နော်ရထာခင်းတဲ့ဗျူဟာကိုအကျဥ်းချုံးရှင်းပြပါမယ်
ဟံသာဝတီတပ်တွေဟာ
အတန်းပြည့်စီထားပြီး ရေပြင်ညီမျဥ်းအတိုင်းတပ်တွေကိုနေရာချကာ ရှေ့ဆုံးတပ်ဟာ
ဆင်တပ်ဖြစ်ပါတယ်၊
ဒီလိုထုတည်ကြီးပြီးစတုရန်းပုံနေရာချထားတဲ့တပ်ကို
ကျော်ထင်နော်ရထာက ခရင်းသုံးခွပုံစံ လက်ဝဲ လက်ယာနဲ့အလယ်ကစစ်ထိုးပြီး
ရန်သူကိုသုံးပိုင်းပိုင်းမှာဖြစ်ပါတယ်။ တပ်မှူးထော်မိုင်းရဲ က စစ်ဆင်၁၅စီး
စစ်မြင်း၂၀၀ စစ်သူရဲသုံးထောင်နဲ့လက်ျာတောင်ပံ တပ်မှူးဘယင်္ကြန်က စစ်ဆင်၁၅စီး
စစ်မြင်း၂၀၀ စစ်သူရဲသုံးထောင်နဲ့ လက်ဝဲတောင်ပံ ကျော်ထင်နော်ရထာက စစ်ဆင်အစီး၂၀
စစ်မြင်း၁၀၀ စစ်သူရဲ၄၀၀၀နဲ့ အလယ်ကအတင်းနင်းဖောက်ပြီး ရန်သူ့ခေါင်းဆောင်တွေရဲ့ထိန်းချုပ်မှု့ကိုဖျက်စီးမှာဖြစ်ပါတယ်။
နောင်ရိုးတိုက်ပွဲရဲ့အရေးပါတဲ့အချက်တစ်ချက်အနေနဲ့
အင်အားနည်းတဲ့တောင်ငူတပ်ရဲ့နောက်မှာ ဘာမှထပ်ဆုတ်စရာမြေမရှိပဲ ချောင်းကြီးသာရှိနေပါတယ်၊
ဒါဟာဘာကိုဆိုလိုသလဲဆိုတော့ တောင်ငူတပ်ချောင်ပိတ်မိနေတဲ့သဘောဖြစ်ပါတယ်။ ဒီလိုအလားတူသဘောမျိုးကို တရုတ်စစ်ဗျူဟာကျမ်းတွေမှာ ပြေးပေါက်မရှိပဲချောင်ပိတ်နေတဲ့ရန်သူကို ဇွတ်အတင်းမတိုက်ဖို့တားမြစ်ထားပါတယ်။ အဲဒိအစား ပြေးပေါက်တစ်ခုပေးထားပြီး ရန်သူတွေစစ်ရေးမလှဘဲထွက်ပြေးကာမှ တစတစ်ခြင်း အင်အားပြုံးတီးအောင်လုပ်တာကို တရုတ်စစ်ပွဲတွေမှာ တွေ့ရပါတယ်
ဆိုတော့
စစ်ပွဲကိုသွားလိုက်ရအောင်ဗျာ
နောင်ရိုးတိုက်ပွဲမှာ
ကျော်ထင်နော်ရထာဟာ စွယ်လမန်လို့အမည်ရတဲ့ဆင်ကိုစီးပြီး ဟံသာဝတီတပ်ကို
အလယ်ကအတင်းနင်းတိုက်ပါတယ်။ ဟံသာဝတီစစ်သူရဲမင်းရဲအောင်နိုင်က ဒီအောင်ပွဲဟာ
သူအတွက်လို့မှတ်ယူတဲ့အတွက် ကျော်ထင်နော်ရထာရဲ့စစ်ဦးထိုးတဲ့ဘက်ကို တန်းတန်းရှေးရှု့ကာ ဆင်စီးပြီးတပ်ကုန်လွှတ်ပါတယ်။
ဒီလိုနှစ်ဘက်တပ်တွေမျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့ကြတဲ့အခါ ဟံသာဝတီတပ်တွေက
ကျော်ထင်နော်ရထာရဲ့အလယ်ခြမ်းကိုဝိုင်းမဲကြတဲ့အတွက် တောင်ပံတွေရဲ့စစ်ရေးကွပ်ကဲမှု့ဟာ
လစ်ဟင်းစပြုလာပါတယ်။ တကယ်က ကျော်ထင်နော်ရထာအလယ်ကဆင်နဲ့ချွန်းဖွင့်ဝင်တာဟာ
ရန်သူ့ခေါင်းဆောင်တွေရဲ့မြင်ကွင်းမှာထင်းထင်းကြီးမြင်စေလိုလို့ဖြစ်ပါတယ်။
ကျော်ထင်နော်ရထာရဲ့ဆင်တပ်ရှေ့ကအတင်းတိုးဖောက်ပြီး နောက်ကမြင်းတပ်
ခြေလျင်တပ်တွေကသဲကြီးမဲကြီး ဇွတ်အတင်းဝင်ခုတ်နေတဲ့အတွက် စစ်ပွဲဟာ
ငရဲမှာပြည်ပျက်သလိုဖြစ်နေပါတယ်။ ဟံသာဝတီတပ်တွေအလယ်မှာစုသွားတဲ့အခါ
တောင်ငူရဲ့တောင်ပံထိုးစစ်တွေရဲ့အောက်မှ မရှု့မလှဖြစ်ကာ ဟံသာဝတီတပ်မှူးတွေဒီအခင်းအကျင်းကို
မကိုင်တွယ်နိုင်ဖြစ်လာပါတယ်။ ဒီလိုနဲ့တိုက်ပွဲဟာ အင်မတန်ပြင်းထန်ပြီး
နှစ်ဘက်အကျအဆုံးများပြားလာပါတယ်။ အလယ်က ကျော်ထင်နော်ရထာကို
ချွန်းဖွင့်ပြီးဝင်လုံးတဲ့ စစ်ဦးစီးမင်းရဲအောင်နိုင်ဟာ နောက်ဆုံးဆင်ဦးကင်းမှာ
အသက်ပျောက်သွားပါတယ်။ စစ်ဦးစီးတိုက်ပွဲမှာကျသွားတဲ့အတွက် ဖရိုဖရဲဖြစ်နေတဲ့အချိန် တောင်ငူသားတွေ သရဲပရဲစီးနေသလိုအတင်းဝင်တိုက်နေတဲ့အတွက်
ဟံသာဝတီတပ်တွေစစ်ခေါင်းကွဲကာ နောက်ဆုံးစစ်ဦးစီး ဗညားဒလကိုယ်တိုင်
ဆင်ပေါ်ကခုန်ဆင်းပြီး မြင်းနဲ့ထွက်ပြေးပါတယ်။
ဒီစစ်ပွဲမှာ
ကျော်ထင်နော်ရထာရဲ့ရှေ့ပြေးတပ်အထိအခိုက်အကျအဆုံးများပေမယ့် ဟံသာဝတီတပ်တွေရဲ့ဆင်မြင်းသုံ့ပန်းတွေနဲ့အတူ
လက်နက်ရိက္ခာအများအပြားလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ တပ်ဖွဲ့အားလုံးကိုပြန်လည်စုစည်းပြီးတဲ့နောက် ကျော်ထင်နော်ရထာ စစ်ပွဲအောင်နိုင်တဲ့စစ်မြေပြင်မှာစခန်းချပြီး တပင်ရွှေထီးရဲ့ပင်မတပ်အလာကိုခစားဖို့
အသင့်စောင့်နေပါတယ်။
ကျော်ထင်နော်ရတာရဲ့ပြန်လည်လျှောက်ထားချက်ကို
တုရင်ရာဇာတင်ပြပြီးကတည်းက တပင်ရွှေထီး ပင်မတပ်ကို အတင်းနှင်လာခဲ့အတွက် များမကြာသောအချိန်မှာ နောင်ရိုးကိုဆိုက်ရောက်လာကြပါတယ်။
ကျော်ထင်နော်ရာထာနဲ့ရှေ့တန်းစစ်ဦးစီးတွေ ဘုရင့်ဆီဆင်မြင်းသုံ့ပန်းတွေဆက်သတဲ့အခါ
တပင်ရွှေထီးက နှစ်ထောင်းအားရရှိပေမယ့် ဒီလိုစစ်ပွဲမျိုးကိုသူကိုယ်တိုင်ဝင်မပါရတဲ့အတွက်
အားမရဖြစ်ကာ ကျော်ထင်နော်ရထာကို ဟံသာဝတီသားတွေနဲ့တွေ့ရင်
င့ါကိုစောင့်ဖို့အမိန့်တော်ရှိရဲ့နဲ့ ဘာကြောင့်မစောင့်ဘဲ တိုက်ရဲသလဲ
ငါ့စားတော်ပွဲကိုပုတ်ချရသလား လို့ကြိမ်းပါတယ်။
ရေမြေသခင်အရှင်တွေအုပ်ချုပ်တဲ့ခေတ်ဖြစ်တဲ့အပြင်
ဒီလိုစစ်ရေးကာလမှာ မင်းမိန့်ကိုဖီဆန်ခြင်းဟာ ချွင်းချက်မရှိသေဒဏ်ကျမှာဖြစ်ပါတယ်၊
ရှေ့ပြေးတပ်တွေရဲ့အခြေအနေဟာ ဟံသာဝတီသားတွေသက်လို့မသေ
မင်းမိန့်မနာခံလိုကွပ်မျက်ခံရမယ့်ကိန်းဆိုက်နေပါတယ်
အဲဒိအချိန် ကျော်ထင်နော်ရထာပြန်လည်လျှောက်တင်တာက
အရှင့်အမိန့်တော်ကို မရိုသေ၍ မနာခံခြင်းမဟုတ်ကြောင်းပါဘုရား
ကျွန်တော်မျိုးတို့တိုက်ခိုက်အောင်နိုင်တဲ့ပွဲဟာ ဘုန်းတော်ကြီးလှသော
မင်းတရားနှင့်ထိုက်တန်သောပွဲမျိုးမဟုတ်ကြောင်းပါ ဟံသာဝတီဘုရင့်ကျွန်တွေဖြစ်ကြတဲ့
ဗညားဒလနဲ့မင်းရဲအောင်နိုင်ဦးစီးတဲ့တပ်ဖြစ်တဲ့အတွက် ဘုရားကျွန်တော်များဖြစ်တဲ့
ကျွန်တော်မျိုးတို့နဲ့သာ ထိုက်တန်ပါသည်ဘုရား ဟံသာဝတီသူ့ရှင်တကာရွတ်ပိကိုယ်တိုင်ဦးဆောင်တဲ့တပ်မကြီးဖြစ်ခဲ့ပါက
အရှင့်ဘုန်းရိပ်ကိုမှီခိုပြီးစောင့်တိုက်မှာဖြစ်ကြောင်းပါဘုရား ယခုစစ်ပွဲဟာလည်း
အရှင့်ဘုန်းတော်ကြောင့်အောင်နိုင်တာဖြစ်တဲ့အတွက် နောင်အခါမှာ
ဟံသာဝတီသားတွေခုခံဝံ့တော့မှာ မဟုတ်ကြောင်းပါဘုရား
တပင်ရွှေထီးဟာ
စိတ်ဆိုးမာန်ဆိုးရှိပေမယ့် ကျော်ထင်နော်ရထာရဲ့လျှောက်တင်ချက်ကိုကြားတဲ့အခါ
အလွန်နှစ်သက်သဘောကျတဲ့အတွက် လက်တော်မှာဝတ်ထားတဲ့ပတ္တမြားလက်ကောက်တော်ကို ချွတ်ပြီး
ဟံသာဝတီစစ်သူရဲနှစ်ဦး အုပ်စီးတဲ့တပ်တော်ကြီးကို အောင်နိုင်တဲ့အတွက် ဒီနေ့ကစ
ဘုရင့်နောင်ဟူသောဘွဲ့အမည်ကိုခံယူစေ လှိုင်မြို့ကိုအပိုင်စားပြီး
အမှု့တော်ကိုဆက်လက်ထမ်းရွက်စေလို့ မိန့်ပါတယ်
ဘုရင့်အမိန့်ကိုကြားတဲ့အခါ
နောက်ပါဗိုလ်ပါအားလုံးဝမ်းသာအားရ ဘုရင်နောင် ဘုရင်နောင်လို့ဟစ်ကြွေးကာ လက်သီးလက်မောင်းဆန့်အောင်ပွဲခံကြပါတယ်။
မြန်မာ့သမိုင်းမှာဘုန်းတန်ခိုးအင်မတန်ကြီးမားတဲ့ ဆင်ဖြူများရှင် ရှင်ရဲထွတ်
ဘုရင့်နောင်ဘွဲ့ကိုရခြင်းဟာ အင်မတန်အတိတ်နိမိတ်ကောင်းတဲ့နာမည်ဖြစ်သလို ဒီဘွဲ့ဟာ
တပင်ရွှေထီးလက်ထက်မတိုင်ခင်က ဘယ်သူမှအသုံးမပြုခဲ့ဖူးတဲ့ဘွဲ့အမည်လည်းဖြစ်ပါတယ်၊
သမိုင်းရဲ့စာမျက်နှာတွေထဲကအပြောင်မြောက်ဆုံးစာရွက်တစ်ရွက်ဖြစ်တဲ့
နောင်ရိုးတိုက်ပွဲအကြောင်းကို ဗျူဟာစက္ကိပျို့မှာအသေးစိပ်ရေးဖွဲ့ထားတာကို
ဖော်ပြပေးလိုပါတယ်
ဒီနေရာမှာ
စာရှည်မှာစိုးတဲ့အတွက် သုံပိုဒ်မြောက်ကို ဘုရင်နောင်ကျော်ထင်နော်ရထာကိုအောက်မေ့ပြီး
ဖတ်ပြချင်ပါတယ်
အပိုင်း ၁၀ကို နောင်ရိုးတိုက်ပွဲအတွက်ရည်ရွယ်ထားတဲ့အတွက် ရှေ့ဘာဆက်ဖြစ်လဲဆိုတာကိုနောက်အပိုင်းမှာ ဖော်ပြပေးပါမယ်ခင်ဗျာ
ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်
YHNL
ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။
This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research..