အားလုံးပဲမင်္ဂလာပါ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်
စစ်သူရဲသမိန်ပရူဦးစီးတဲ့လက်ကျန်ရဲမက်စစ်သည်တွေ ဟံသာဝတီနန်းတော်မှာ တောင်ငူတပ်ကိုခံတိုက်ဖို့အသေးစိတ်ပြင်ဆင်နေကြပါပြီ။ ဒီနန်းစောင့်တပ်ကို ဟံသာဝတီဘုရင့်တပ်တော်ကစွန့်ခွာလာကြတဲ့ တပ်မှူးဗိုအချို့ခေါင်းဆောင်တာဖြစ်ပြီး အများစုကတော့ အနီးဝန်းကျင်က ဟံသာဝတီ ပြည်သူပြည်သားတွေဖြစ်ကြပါတယ်။ စစ်ပွဲအတွက် စားနပ်ရိက္ခာနဲ့ မြှားလှံလက်နက်ကိရိယာတွေကို ထောက်ချင့်ကြည့်တဲ့အခါ နန်းတော်ထဲမှာရှိတဲ့ ဟံသာဝတီသားတွေ တောင်ငူတပ်ကိုဘယ်လိုမှကြာကြာရင်ဆိုင်လို့မရနိုင်ဘူးဆိုတာ သမိန်ပရူသိရှိထားပါတယ်။ ပြည်ကိုဆုတ်ခွာသွားတဲ့ သူ့ရှင်တကာရွတ်ပိရဲ့ဘုရင့်တပ်တော်ကို ကျောခိုင်းစွန့်ခွာလိုက်ကတည်းက ဒီနန်းတော်ကစစ်သည်ရဲမက်တွေဟာ အကယ်လို့စစ်ပွဲမှာအနိုင်ရခဲ့ရင်တောင် ဘုရင့်အမိန့်ကိုဖီဆန်တဲ့အတွက် မင်းပြစ်မင်းဒဏ်သင့်နေဦးမှာပါ။ ဒါ့ကြောင့် သမိန်ပရူဦးစီးတဲ့နန်းစောင့်တပ် ဟံသာဝတီအတွက်အကောင်းဆုံးလုပ်ပေးနိုင်တာဟာ တောင်ငူဘုရင့်ရဲ့စစ်လက်ရုံးကျော်ထင်နော်ရထာကိုမဖြစ်မနေလုပ်ကြံပြီး ကျူးကျော်လာတဲ့ တပင်ရွှေထီးရဲ့ထိုးစစ်ကိုရပ်တန့်စေမှာဖြစ်ပါတယ်။ တကယ်လို့ ဒီတိုက်ပွဲမှာ တောင်ငူတပ်ကသတ်လို့သေရင်သေ မသေရင်တောင် သူ့ရှင်တကာရွတ်ပိကကွပ်မျက်မှာဖြစ်တဲ့အတွက် နန်းတော်မှာ ခံချမဲ့ဟံသာဝတီရဲမက်တွေဟာ နန်းတော်ကိုကာကွယ်ဖို့ထက် အသေခံပြီး ကျော်ထင်နော်ရထာကိုအမိအရလုပ်ကြံဖို့ကသာ အမိမြေအတွက် အကောင်းဆုံးပေးဆပ်ခြင်းလို့ ခံယူထားကြပါတယ်။ ကျော်ထင်နော်ရထာရှေ့ပြေးတပ်ကိုဦးစီးပြီး ဟံသာဝတီနန်းတော်ကိုဝင်တိုက်တဲ့အခါ နန်းစောင့်တပ်ကအချိန်တစ်ခုထိရအောင် ခုခံထားမှာဖြစ်ကာ ဒီအချိန်အတောအတွင် စစ်သူရဲသမိန်ပရူ ကျော်ထင်နော်ရထာကိုလုပ်ကြံတေ့ာမှာဖြစ်ပါတယ်။ ယခင် ဟံသာဝတီကို တောင်ငူတပ်လာတိုက်တဲ့ထိုးစစ်တိုင်းမှာ ကျော်ထင်နော်ရထာရဲရှေ့ပြေးတပ် အရင်ဆုံးဝင်တိုက်ပြီးမှသာ တပင်ရွှေထီးရဲ့ပင်မတပ်ကလှုပ်ရှားတာကို သမိန်ပရူကောင်းကောင်းကြီးသတိထားမိပါတယ်။ ဒါကြောင့် ကျော်ထင်နော်ရထာခေါင်းဆောင်တဲ့ရှေ့ပြေးတပ် ဟံသာဝတီမြို့တံခါးကိုဖောက်ဝင်လာတဲ့နဲ့ သမိန်ပရူဟာ လှံနဲ့ချက်ကောင်းကိုအရထိုးဖို့မြို့တံခါးအကွယ်ကနေ ဆင်စီးပြီးစောင့်နေမှာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့
ကျော်ထင်နော်ရထာဦးစီးတဲ့ ရှေ့ပြေးတပ် ဘယကျော်သူဦးစီးတဲ့တောင်ငူရေတပ် နဲ့
တပင်ရွှေထီးရဲ့ပင်မတပ်တေ်တို့ဟာ ဟံသာဝတီနန်းတော်ဆီအဟန့်အတားမရှိ
ချောချောမွေ့မွေ့ရောက်လာကြပါတယ်။ ဟံသာဝတီနန်းတော်မှာရှိနေတဲ့ နန်းစောင့်တပ်ဟာ
တောင်ငူတပ်တွေအတွက် ပြသနာမဟုတ်ပါဘူး ။ စစ်အင်အားအလုံးအရင်းနဲ့ဝင်ဆောင့်တာနဲ့
ဒီတပ်ဟာ ချက်ချင်းကျေညက်သွားမှာဖြစ်ပါတယ်။ သို့ပေမယ့်
နန်းတော်ကိုကာကွယ်ကြတဲ့ ဒီအစောင့်တပ်မှာ အနီးဝန်းကျင်က
ပြည်သူပြည်သားတွေပါဝင်နေကြတဲ့အပြင်
ယခုလိုသေရမှာမကြောက်ဘဲ ခုခံနေကြတဲ့
ဟံသာဝတီနန်းတော်က သစ္စာရှိမှူးမတ်ဗိုလ်ပါတွေကို တပင်ရွှေထီးက အရှင်ဖမ်းဆီးဖို့ အမိန့်ထုတ်ထားပါတယ်။ ဆိုတော့ ဒီအရေးဟာ တိမ်မလိုလိုနဲ့နက်နေပါတယ်။
စစ်အင်အားအများကြီးနဲ့ ပြည်သူသောဘာသော ခုခံသူမှန်သမျှအကုန်ရှင်းထဲ့လိုက်ရင် သတ်ကွင်းထဲမှာ လူအများအပြား သွေးမြေကျမှာဖြစ်သလို နောက်ပိုင်းဟံသာဝတီကိုအုပ်ချုပ်တဲ့အခါမှာလည်းတိုင်းသူပြည်သားတွေရဲ့အမျက်ဒေါသနဲ့ ဆူပူအုံကြွမှု့တွေ ကိုကြိမ်းသေရင်ဆိုင်ရာမှာဖြစ်ပါတယ်။ အခြားတစ်ဘက်က စစ်မတိုက်ဘဲ ဒီဟံသာဝတီသားတွေနဲ့ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် သစ္စာခံမှု့ရမရဟာမသေချာဘဲ
ပြည်ကိုဆုတ်သွားတဲ့သူ့ရှင်တကာရွတ်ပိရဲ့ပင်မတပ်သာ အနောက်ကနေပြန်လှည့်တိုက်လာခဲ့ရင် ရန်သူနှစ်ဘက်ဝိုင်းပြီး
တောင်ငူတပ်ချက်ချင်းချေမှုန်းခံရမှာဖြစ်ပါတယ်။ ဒါကြောင့်
ကျော်ထင်နော်ရထာဦးစီးတဲ့ရှေ့ပြေးတပ်ဟာ ဟံသာဝတီမြို့တော်ကိုကာထားတဲ့ တံတိုင်းကို
အတင်းဖောက်ထွက်ပြီး အချိန်တိုအတွင်း ဟံသာဝတီဘုရင့်တွေတရားဝင်အမိန့်ချတဲ့
ညီလာခံသဘင်နဲ့ နန်းတော်ကို အမြန်သိမ်းရမှာဖြစ်ပါတယ်။ ဒီလိုသိမ်းနိုင်မှသာ
သတ်ကွင်းထဲရောက်နေတဲ့ ဟံသာဝတီသားတွေ ရဲ့အသက်ကိုကယ်နိုင်မှာဖြစ်သလို
သွေးသံနည်းနည်းနဲ့အညံခံသိမ်းသွင်းနိုင်မှာဖြစ်ပါတယ်။
ဆိုတော့
စစ်မြေပြင်ကိုသွားလိုက်ကြရအောင်ဗျာ
တောင်ငူစစ်ဦးစီးကျော်ထင်နော်ရထာဟာ ရဲပေ့မိုက်ပေ့ဆိုတဲ့ရှေ့တန်းစစ်ဘီလူးတွေကိုခေါင်းဆောင်တာဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း ဓါးခုတ်လှံထိုးဆင်စီးမြင်းစီးပြိုင်ဘက်ကင်းကျွမ်းကျင်ပါတယ်။ ဒီနေ့ နန်းတော်ကိုအချိန်တိုအတွင်းသိမ်းနိုင်ဖို့ရည်ရွယ်တဲ့အတွက်
ကျော်ထင်နော်ရထာဟာ မြင်းစီးပြီးရှေ့ပြေးတပ်ကို ကွပ်ကဲနေပါတယ်။ တောင်ငူတပ်တွေ မြိုတံတိုင်းကိုတိုက်ဖို့အသင့်ဖြစ်တဲ့အခါ
ကျော်ထင်နော်ရထာက ဟံသာဝတီနန်းစောင့်တပ်ကို အသာတကြည်လက်နက်ချပြီး မြို့တံခါးဖွင့်ပေးဖို့ ကမ်းလှမ်းပေမယ့် အစကတည်းက ဒီယုန်ကိုလိုချင်လို ချုံထွင်ထားတာဖြစ်တဲ့အတွက် ဟံသာဝတီမြို့စောင့်တပ်ကတေ့ာ အလေးမထားဘဲသူတို့အစီအမံအောင်နိုင်ဖို့ကိုသာ ကြံစည်ရင်းရှိပါတယ်။
မြို့တံခါးကို အသာတကြည်ဖွင့်မပေးတဲ့အတွက် ကျော်ထင်နော်ရထာက ရှေ့ပြေးတပ်ကို ဟံသာဝတီမြို့တံခါးကို ဆင်ဆယ်စီးနဲ့အတင်းတိုက်ဖွင့်ရမယ် မြို့တံခါးပွင့်တာနဲ့ နန်းတော်ကိုအလျင်အမြန်သိမ်းကြရမယ် တစ်စုံတစ်ရာမလေးဖင့်စေနဲ့လို့အမိန့်ရှိပါတယ်။ စစ်ဦးစီးရဲ့အမိန့်အရ ဆင်တပ်က စစ်ဆင်၁၀ကောင် မုန်ယိုနေသလို မြို့တံခါးကို ဇွတ်အတင်းသဲကြီးမဲကြီးတိုက်ဖွင့်ကြပါတယ်။ ဟံသာဝတီမြို့စောင့်တပ်ဟာ စစ်အင်ဂါမပြည့်စုံတဲ့အပြင် ဒီလိုဆင်တွေကိုသုံးပြီးတင်းဝင်တိုက်တဲ့ဗျူဟာကို ကြိုမတွေးထားကြတဲ့အတွက် ကောင်းကောင်းမဟန့်တားနိုင်ဘဲရှိကာ မြို့တံခါးပွင့်သွားပါတယ်။ တံခါးပွင့်သွားတာနဲ့ ကျော်ထင်နော်ရထာက ဓါးလွတ်ချည်းကိုင်ကာ ရှေ့ဆုံးကမြင်းစီးပြီး တက်လာပါတယ်။သူ့နောက်စစ်သူရဲတွေလည်း စစ်ဦးစီးနောက်ကို ထပ်ကြပ်မကွာလိုက်ကာ ညာသာသံပေး တိုက်စစ်ဖွင့်ကြပါတယ်
မြို့ရိုးပေါ်က ကင်းစောင့်ရဲမက်က ကျော်ထင်နော်ရထာ ရှေ့ဆုံးကမြင်းစီးပြီးလာတယ်လို့ အချက်ပြနေတာကို သမိန်ပရူတွေ့လိုက်ပါတယ်။
သမိန်ပရူကတော့ ငါ့အသက် ဆုံးချင်ဆုံးပါစေ
တောင်ငူစစ်ဘီလူး ရှင်ရဲထွတ်နဲ့သာ မျက်နှာချင်းဆိုင်တိုက်ရရင်
ကျေနပ်ပြီလို့တွေးကာ ဒလဟောဝင်လာမယ့် မြင်ပေါ်ကပစ်မှက်ကို ချက်ကောင်းထိဖို့
အသင့်ရွယ်ထားပါတယ်။
မြို့ရိုးပေါ်က အမြှောက် မီးမြှား စိန်ပြောင်းတွေပစ်နေတဲ့ကြားက ကျော်ထင်နော်ရထာ ရှေ့ပြေးတပ်ကိုဦးဆောင်ပြီး ဇွတ်အတင်းမြို့တံခါးဆီ တန်းတန်းကြီးဝင်လာနေပါတယ်။ သို့ပေမယ့်တစ်ခုခုမှားနေတာကို
မြင်းပေါ်ကနေ သတိထားမိလိုက်ပါတယ်။ ခံစစ်ဗျူဟာမှာ ရန်သူဟာ မြို့တံခါးကိုဖောက်ဝင်လာတာနဲ့ နန်းစောင့်တပ်တွေဟာ မြို့တံခါးကဖြတ်ဝင်လာတဲ့ရန်သူကို မြို့တော်ထဲမဝင်အောင်
ထိပ်ကပိတ်ပြီးခံတိုက်ကြတာဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ သူမြို့တံခါးကနေမြင်ရတဲ့မြင်ကွင်းမှာ ဘာရဲမက်မှတန်းစီပိတ်ဆို့မထားပဲ အရှင်းကြီးဖြစ်နေတာကို စိတ်ထဲဘဝင်မကျဖြစ်နေပါတယ်။
သို့ပေမယ့်
သူ့တပ်ကိုသတိပေးချိန်မရပဲ မြို့တံခါးကိုဖြတ်ဝင်လိုက်တာနဲ့ တံခါးအကွယ်က
လှံတံတစ်ချောင်းကျော်ထင်နော်ရထာဆီ တန်းတန်းကြီးစိုက်ဝင်သွားပါတယ်။
မြို့တံခါးအကွယ်ကစောင့်နေတဲ့ဟံသာဝတီနန်းစောင့်တပ်တွေ
တောင်ငူရှေ့ပြေးတပ်ကိုနှစ်ဘက်ညှပ်တိုက်ကြပါတယ်။
သူတို့ရည်မှန်းချက်အောင်မြင်သွားပြီဖြစ်တဲ့အတွက် မသေမချင်း တောင်ငူသားတွေကို
အပါခေါ်သွားမယ်လို့ကြုံးဝါးကာ လိပ်ခဲတည်းလည်းတိုက်ကြပါတယ်။ သမိန်ပရူဟာ
ကျော်ထင်နော်ထာ မြင်းပေါ်ကလှံတန်းလန်းကြီးစိုက်ပြီး
ရှေ့ကိုကိုင်းသွားတာကိုမြင်လိုက်ရတဲ့အတွက် ဓားကိုမြှောက်ပြီး ဝမ်းပမ်းတရဟစ်ကြွေးပါတယ်။ သို့ပေမယ့် ကျော်ထင်နော်ရထာဟာ မြင်းပေါ်ကအောက်ကိုဘုန်းဘုန်းလဲကျသွားပဲ
ခေါင်းမတ်ပြီး ဓါးတဝင့်ဝင့်နဲ့ဆက်တိုက်နေတာကို မြင်လိုက်ရတဲ့အတွက် အလန့်တကြီးဖြစ်သွားပါတယ်။ အကြောင်းကတော့ ကျော်ထင်နော်ရထာ မြို့တံတိုက်ဖြတ်တဲ့အခါ အန္တရယ်ကိုအနံရရခြင်း မြင်းကိုပိုအရှိန်သော့လိုက်တဲ့အတွက်
သမိန်ပရူပစ်လိုက်တဲ့လှံဟာ ချက်ကောင်းကိုမထိဘဲ ချက်ဝတ်တွေကိုဖောက်ပြီး ပေါင်ကိုတဆုံးဝင်သွာတာဖြစ်ပါတယ်။ လှံချက်ဟာ ချက်ကောင်းမထိပေမယ့် မြင်းစီးစစ်သူရဲအတွက် အရုပ်ကြိုးပြတ်ဖြစ်သွားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ကျော်ထင်နော်ရထာ သူ့ကိုပစ်လိုက်တဲ့သူရဲမျက်နှာစေ့စေ့ကြည့်ပြီး ပေါင်မှာစိုက်ဝင်နေတဲ့လှံကို အရိုးကနေ နောက်စီဓါးနဲ့တိခနဲဖြတ်ကာ
လှံသွားကိုမနှုတ်ဘဲ သွေးစက်လက်နဲ့ ညာသံပေးဆက် တိုက်ပါတယ်။ ဒီလိုနဲ့နောက်ဆုံးတောင်ငူရှေ့ပြေးတပ် နန်းတော်ကိုဝိုင်းမိသွားကြပြီး ကျော်ထင်နော်ရဲထာနဲ့စစ်သူရဲတွေ
နန်းညီလာခံကိုဝင်ရောက်ကြပါတယ်။ အဲဒိနောက် ရာဇပလ္လင်အနီးမှာ မတ်တပ်ရပ်ကာ
ကျော်ထင်နော်ရထာက အောင်တော်မူပြီ- အောင်တော်မူပြီလို့ဟစ်ကြွေးပါတယ်။ ကျော်ထင်နော်ရထာက
အဲလိုကြွေးကြော်တဲ့အခါ ပေါင်လှံချက်ကသွေးတွေ ကြမ်းပြင်ကိုဒလဟောစီးကျနေတဲ့အတွက် တပ်မှူးဗိုလ်ပါတွေက စိုးရိမ်တကြီးနဲ့လျှောက်တင်ကြပါတယ်။ အဲဒိအချိန် ကျော်ထင်နော်ရတာကမိန့်သည်ကား သို့ကလောက်အရေးကြီးနေတဲ့အချက်ထဲမှာ
သည်လှံလောက်ကို ဂရုစိုက်နေလို့တော်ပမလား စစ်မှု့ရေးရာမှာ မျက်တောင်တခပ်
လျှပ်တစ်ပြတ်လောက်အချိန်ကလေးကတောင် အပြောင်းအလဲများစွာဖြစ်သွားနိုင်တယ်။
ဒီလှံချက်ကြောင့် အရေးတော်လစ်ဟင်းခွင့်မရှိစေရဘူး လို့ဆိုကာ
ဗိုလ်ပါအပေါင်းရှေ့မှာ စူးဝင်နေတဲ့လှံကိုနှုတ်တော်မူပါတယ်၊
လှံကိုနှုတ်တော်မူပြီးတဲ့အခါ ကျော်ထင်နော်ရထာက လက်နဲ့ကိုင်တွယ်ရှု့စားပြီးတဲ့ အစွမ်းသတ္တိအတော်ရှိတဲ့လှံဘဲ
ငါ့ကိုယ်တွင်းမှာရှိတဲ့သွေးကို သောက်ဖော်ရပေတယ် ငါ့သွေးကိုသောက်တဲ့အတွက် ငါ့သဘောကဲ့သို့ရဲရင့်ပြီး
ငါ့နဲ့အတူအမျှအမှု့တော်ထမ်းရပေလိမ့်မယ် စစ်မှု့ရေးရာမှာလည်း သတိပေးဘော်ရတာကို
ကျေးဇူးတင်စရာပေဘဲလို့ပြောကာ လှံအသွားကိုအရိုးအသစ်တပ်ပြီး သူစစ်တိုက်ထွက်တဲ့အခါတိုင်းကိုင်ဖို့အမြဲအရန်သင့်ထားရှိစေပါတယ်။
ဟံသာဝတီနန်းတော်ကို
တောင်ငူတပ်တွေသိမ်းပိုက်နိုင်ပြီးတဲ့အခါ ဖမ်းဆီးရတဲ့
ဟံသာဝတီမှူးမတ်စစ်သူရဲတွေကို နန်းတွင်းမှာ ဝိုင်းထားပြီး ကျော်ထင်နော်ရထာနဲ့
ထိပ်တန်းစစ်ဦးစီးတွေ တပင်ရွှေထီးကို ခရီးဦးထွက်ကြိုဆိုကြပါတယ်၊တောင်ငူတပ်တွေဖမ်းရတဲ့အထဲမှာ ကျော်ထင်နော်ရထာကိုလုပ်ကြံတဲ့ စစ်သူရဲသမိန်ပရူပါဝင်နေပါတယ်။ သူတွေးတာက ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ထိပ်ဆုံးကသတ်မှာဘဲ ၊သို့ပေမယ့်
တောင်ငူစစ်ဘီလူးကို လှံနဲ့ထိအောင်ပစ်လိုက်ရတဲ့အတွက်
ကောင်းကောင်းကြီးသေပျော်တယ်လို့အတွေးရှိပါတယ်။ နန်းတော်ကိုသိမ်းပြီး
တပင်ရွှေထီးရဲ့ အမိန့်တော်ချက်ချင်းထွက်လာကာ ဟံသာဝတီတစ်ပြည်လုံးကို မောင်းခတ်ကြေငြာစေပါတယ်၊ ဆိုတော့ အမိန့်တော်မှာဘာပါပါ ဟံသာဝတီမြို့တော်ကြီးကို ငါကိုယ်တော်ထီးနန်းနဲ့တကွ အောင်တော်မူပြီ
ဟံသာဝတီသားများကို ဆီးတားချုပ်နှောင်ကာ ညှဥ်းဆဲလိုသော ဆန္ဒမရှိ သင်တို့အရှင်သူ့ရှင်တကာရွက်ပိနောက် လိုက်လိုသူများ သားမယားနဲ့တကွ
အတူလိုက်သွားကြစေ ငါ့၏ဘုန်းရိပ်ကိုခိုလှုံမည့်သူများကို အရည်အချင်းအလျောက်
ချီးမြှောက်တော်မူမယ်လို့ပါရှိပါတယ်။
တပင်ရွှေထီးရဲ့အမိန့်ကိုဖတ်ကြားပြီးတာနဲ့ နန်းဆောင်ကိုဝိုင်းထားနဲ့ ရဲမက်တွေပြန်ရုတ်သိမ်းကာ သက်ဆိုင်ရာတာဝန်ရှိနေရာကို ထွက်ခွာသွားကြပါတယ်။ အဲဒိနောက်ာ ဟံသာဝတီအမတ်တွေဆွေးနွေးကြတာက ဒီဘုရင်ဟာ ငါတို့ထင်နေသလို မဆိုးဝါးပါတကား တရားနဲ့ညီညွတ်ပေတယ် တပင်ရွှေထီးနဲ့တောင်ငူတပ်ဟာ ဟံသာဝတီသားတွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်း နှိပ်စက်မဲ့အခြေအနေမဟုတ်၊ ငါတို့လည်း ယခင်ကတည်းက သူ့ရှင်တကာရွတ်ပိရဲ့အပြုအမူတွေကို မနှစ်သက်တဲ့အတွက် နောက်တော်ကိုမလိုက်လဲ ခွဲခွာ၍ ချန်ရစ်ခဲ့ကြတယ် အမျိုးကိုစောင့်ရှောက်ဖို့ဝတ္တရားရှိတဲ့အတိုင်း ငါတို့လည်းခုခံနိုင်သမျှခုခံခဲ့ကြပြီ၊ မြို့တော်အတွင်းက ဟံသာဝတီသားတွေလည်း တပင်ရွှေထီးရဲ့ဘုန်းရိပ်အောက်ကိုခိုလှုံဖို့ဆန္ဒရှိကြတယ်။ သို့ကြောင့် ငါတို့ကိုအပြစ်လျောက် စီရင်ချင် စီရင်ပေတော့ တပင်ရွှေထီးအောက်ခိုလှုံကြမယ်လို့ တိုင်ပင်ကာ နန်းညီလာခံကို အခစားဝင်ကြပါတယ်။
မှူးမတ်ဗိုလ်ပါအစုံညီလာခံတက်ရောက်လာကြတဲ့အတွက်
တပင်ရွှေထီးက ဟံသာဝတီမှူးမတ်တွေကို ယခုငါ့ထံတော်မှောက် ရောက်လာကြသည်မှာ
လျှောက်တင်ရန် အကြောင်းထူးများရှိကြသလား လို့အမေးတော်ရှိပါတယ်
ဟံသာဝတီမှူးမတ်တွေက
တိုင်းရေးပြည်ရာနဲ့ပတ်သတ်၍ အထူးအထွေ လျှောက်တင်ရန်မရှိကြောင်းပါ၊
ဘုရား ကျွန်တော်မျိုးများမှာ ခိုကိုးရာမဲ့နေပြီဖြစ်သဖြင့် အရှင့်ဘုန်းတော်ဂုဏ်ကိုုုုခိုလှုံရန်လာရောက်ကြခြင်းဖြစ်ပါသည်ဘုရား
တပင်ရွှေထီး
- ဖြောင့်စင်းတဲ့စိတ်နှလုံးနဲ့ရွှေဘုန်းရိပ်ကိုခိုလှုံလာကြရင်
ထိုက်တန်တဲ့ဂုဏ်အလျောက် ချီးမြှင့်မြှောက်စားရမပေါ့။ သို့ပေမယ့် ခုစစ်ပွဲမှာ အမတ်ကြီးတွေလည်း
ခုခံကြတယ်မဟုတ်လား
ဟံသာဝတီအမတ်များ-
ရွှေဘုန်းတော်ကြောင့် မှန်တဲ့အတိုင်းလျှောက်တင်ရပါတော့မည်ဘုရား
ကျွန်တော်မျိုးများလည်း အရှင့်ကိုခုခံတဲ့အထဲပါဝင်ကြကြောင်းပါဘုရား
တပင်ရွှေထီ-
နိုင်မယ်ထင်လို့အမတ်ကြီးတို့ ခုခံကြတာလား
ဟံသာဝတီအမတ်များ-
ယခင်ကတည်းက အရှင့်ဘုန်းအရှိန်အဝါကို ကြားဘူးပါသည်ဘုရား ။
ကျွန်တော်မျိုးတို့မဆိုထား ကျွန်ုပ်တို့ရှင်ဘုရင်ကိုယ်တိုင်ခုခံရင်တောင်
အောင်နိုင်ဖွယ်မရှိကြောင်းပါ။
တပင်ရွှေထီး-
ဒါဖြင့် သိရက်နဲ့ ခုခံကြတာကိုး ဘယ်အကျိုးကို မျှော်ကိုးပြီး ခုခံကြတာတုန်း
ဟံသာဝတီအမတ်များ-
လူတို့မည်သည်မှာ မိမိအမျိုးဂုဏ်ကို စောင့်ရှောက်ရန်ဝတ္တရားရှိပါသည် ကျွန်ုပ်တို့ဘုရင် နန်းတော်ကိုစွန့်ခွာသွားခြင်းဟာ အမျိုးကိုစောင့်ရှောက်ရာမကျ
သူရသတ္တိနည်းပါးရာကျတဲ့အတွက် ကျွန်တော်မျိုးတို့ မနှစ်သက်ကြပါ။ ဒါကြောင့်
အရှင်ဘုရင်ထွက်တော်မူတာကို မလိုက်ပါဘဲ ဟံသာဝတီပြည်ကြီးအတွက်
ခုခံဖို့နေရစ်ကြခြင်းဖြစ်ကြောင်းပါဘုရား
တပင်ရွှေထီးဟာ မိမိအသက်ကိုမငဲ့ကွက်ဘဲ အသက်ပေးကာကွယ်ကြတဲ့အတွက် တိုင်းပြည်အကျိုး အမျိုးအကျိုးကို စိတ်ရင်းမှန်မှန်ဆောင်ရွက်ကြတဲ့ မှူးမတ်တွေပဲချီးမွှမ်းကာ
ယခင်ရှိရင်းစွဲဘွဲ့ရာထူးတွေအတိုင်းချီးမြှင့်တော်မူပါတယ်။ ဘွဲ့ရာထူးတွေချီးမြှင့်ပြီး တပင်ရွှေထီးတဆက်တည်းမေးတာက
ဒီလိုခုခံကြတဲ့မှူးမတ်တွေမှာ ဘယ်သူကအကြီးအမှူးပြုသလဲ လို့အမေးတော်ရှိပါတယ်၊
ဟံသာဝတီမှူးမတ်တွေထဲက အမတ်တစ်ယောက်က (သမိန်ပရူ)လက်အုပ်ချီပြီး ဘုရားကျွန်တော်မျိုးဖြစ်ပါသည်ဘုရား လို့ရဲရဲဝံ့ဝံ့လျှောက်တင်ပါတယ်
နန်းညီလာခံမှာခစားနေတဲ့ ကျော်ထင်နော်ရထာက သူဆောင်ထားတဲ့လှံကိုပြကာ ပြုံးပြီး သည်လှံဟာ ကျွန်ုပ်၏သွေးကိုသောက်တဲ့လှံပါဘဲ ဟံသာဝတီနိုင်ငံတွင်းမှာရှိတဲ့ လက်နက်အားလုံးမှာ သည်လှံဟာ သတ္တိအရှိဆုံးဖြစ်တယ် စစ်ပွဲမှာ ရှေးဦးစွာ သတိပေးဘော်ရတဲ့ သည်လှံကို ကျွန်ုပ်အမြဲဆောင်ထားပါတယ် သတိပေးတဲ့ အမတ်ကြီးကိုလဲ အထူးကျေးဇူးတင်လျက်ပါဘဲ သည်လှံချက်ကြောင့်သည်ဘဝအသက်မှာဖြင့် မေ့နိုင်တော့မှာမဟုတ်ပါဘူး လို့ဆိုပါတယ်
ကျော်ထင်နော်ရထာရဲ့စကားကို ဟံသာဝတီမှူးမတ်တို့ကြားတဲ့အခါ ဒီစစ်သူရဲဟာ သူရသတ္တိနဲ့ပြည့်စုံရုံမျှမက မြင့်မြတ်တဲ့နှလုံးသားနဲ့ဲ့ည်းပြည့်စုံပါပေတယ် ငါတို့အထင်သေးမိသည်မှာ အလွန်ကြီးမှားယွင်းခဲ့တာဘဲလို့ တွေးမိကြပါတယ်
ထိုအခါ တပင်ရွှေထီး က သြော် ကျော်ထင်နော်ရထာကို လှံနှင့်လွှတ်တာ သည်အမတ်ကြီးကိုး တမင်ရည်စူးပြီး လှံနှင့်လွှတ်တာလား လို့အမေးတော်ရှိပါတယ်
သမိန်ပရူ - မှန်လှပါဘုရား တမင်ရွေးချယ် ၍ လွှတ်ခြင်းဖြစ်ပါကြောင်းပါ ဘုရားကျွန်တော်၏သဘောမှာ ငါလဲဟံသာဝတီဘက်ကသူရဲကောင်းတစ်ယောက် ကျော်ထင်နော်ရထာလည်း တောင်ငူဘက်က သူရဲကောင်းတစ်ယောက် သူရဲကောင်းအချင်းချင်း မိမိတို့အစွမ်းကိုစမ်းလို၍ လှံနှင့်လွှတ်ခြင်းဖြစ်ပါသည် ဘုရား၊ ကျွန်တော်မျိုးရည်ရွယ်ရင်းလှံကိုလွှတ်စဥ်က လွန်စွာအားရခြင်းဖြစ်ပါသည်ဘုရား လို့လျှောက်တင်ပါတယ်
ထိုအခါတပင်ရွှေထီးကပြုံးပြီး သည်လိုစစ်ရေးကာလမှာ အသက်ကိုအရင်းစိုက်ပြီး ကိုယ့်နိုင်ငံကိုကာကွယ်တဲ့အတွက် အပြစ်မဆိုထိုက်ပါပေဘူး နောင်တော်ကျော်ထင်နော်ရထာကလဲ လှံနဲ့လွှတ်တဲ့အတွက် ကျေးဇူးတင်နေလေရဲ့ လို့မိန့်ပါတယ်၊
နန်းညီလာခံငြိမ်သက်ကာ ဘုရင့်အဆုံးအဖြတ်ကိုစောင့်နေကြချိန်မှာ ကျော်ထင်နော်ရထာက ဘုန်းတော်ကြီးလှသောဘုရား၏ မိန့်တော်ချက်အတိုင်းပင် ကျွန်တော်မျိုးလဲ ကျေးဇူးတင်ကြောင်းမှန်လှပါသည်။ သမိန်ပရူကဲ့သို့ စိတ်နေစိတ်ထားမျိုးဟာ အလွယ်တကူ မယိမ်းမယိုင်ခိုင်ခံတည်ကြည်ပါတယ် အရှင့်ဖဝါးတော်အောက်သို့ခိုလှုံလာပြီဖြစ်တဲ့အတွက် သမိန်ပရူကို ထိုက်ထိုက်လျောက်လျောက် ချီးမြှောက်သင့်ပါသည်ဘုရား လို့လျှောက်ပါတယ်
တပင်ရွှေထီးဟာ စစ်ဦးစီးကျော်ထင်နော်ရထာရဲ့လျှောက်တင်ချက်ကို သဘောကျတဲ့အတွက် သမိန်ပရူကို ဟံသာဝတီတပ်ဦးစီးအဖြစ်ရာထူးပေးပြီး ဟံသာဝတီတပ်တွေကို အသစ်ဖွဲ့စည်းစေပါတယ်။
တပင်ရွှေထီးဟံသာဝတီကိုသိမ်းပိုက်ပြီးတဲ့အခါ သစ္စာရှိမှူးမတ်တွေကို မြို့ရွာတွေချီးမြှင့်မြှောက်စားသလို တောင်ငူနဲ့ဟံသာဝတီကျောသားရင်သားမခွဲဘဲ အုပ်ချုပ်တာကြောင့်
တိုင်းသူပြည်သားတွေရဲ့ထောက်ခံမှူ့ကိုတဖြည်းဖြည်းရရှိလာပါတယ်။
သမိုင်းကျမ်းစာတွေကိုလေ့လာကြည့်တဲ့အခါ
တပင်ရွှေထီး ဟံသာဝတီကိုအောင်နိုင်တဲ့အကြောင်းကို ဗျူဟာ စက္ကိပျို့မှာ ဒီလိုရေးဖွဲ့ထားတာကိုတွေ့ရပါတယ်
တောင်ငူရွှေမြို့-
စိတ်တွင်မရွှင်မပြုံးတည်း
အခြားတစ်ဘက်မှာ ဟံသာဝတီကို
တပင်ရွှေထီးအုပ်ချုပ်နေတာကို မကျေနပ်တဲ့သူတွေရှိနေပါတယ်။ ထိုသူတွေကတော့ မုတ္တမြို့စား
စောဗညားနဲ့ မော်လမြိုင်မြို့စားဗညားဦးတို့ဖြစ်ပါတယ်၊ စောဗညားဟာ သူ့ရှင်တကာရွတ်ပိရဲ့နှမ
တလကမူနဲ့လက်ဆက်ထားတာဖြစ်တဲ့ ဘုရင်နဲ့ယောက်ဖတော်သလို စောဗညားရဲ့ညီမဟာလည်း မော်လမြိုင်စားဗညားဦးရဲ့မိဖုရားဖြစ်ပါတယ်။
ဆိုတော့ ဒီနှမပေးယောက်ဖတွေဟာ တောင်ငူလက်အောက်ကိုမခိုဝင်ကြဘဲ သူ့ရှင်တကာရွတ်ပိရဲ့အချိန်းအချက်ရတာနဲ့
တပင်ရွှေထီးကို နှစ်ဘက်ညှပ်တိုက်တိုက်မှာဖြစ်ပါတယ်။ စောဗညားအပိုင်စားတဲ့မုတ္တမမြို့ဟာ သင်္ဘောဆိပ်ကမ်းမြို့ဖြစ်တဲ့အပြင် နိုင်ငံရပ်ခြားကုန်သည်တွေနဲ့ဆက်ဆံရေးကောင်းမွန်တဲ့အတွက်
ခေတ်မှီဖျက်အားပြင်းလက်နက်အသစ်အဆန်းတွေ အများအပြားပိုင်ဆိုင်ထားသလို ရေတပ်မှာလည်း နောက်ဆုံးပေါ်စွမ်းရည်မြင့်တိုက်လှေတွေအများအပြားပါဝင်ပါတယ်။နောက်ပြီး ဟံသာဝတီကို တပင်ရွှေထီးသိမ်းတာကိုမကျေနပ်တဲ့
ဟံသာဝတီသားတွေ မုတ္တမမြို့ကိုခိုဝင်ကျတဲ့အတွက် စောဗညားဟာ တဖြည်းဖြည်း လူသူလက်နက်အင်အားတောင့်တင်းလာပါတယ်။
တပင်ရွှေထီး စစ်အင်အားအလုံးအရင်းနဲ့
ဟံသာဝတီကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့် အခြေအနေဟာတစ်ဖြည်းဖြည်းနဲ့ ဖိုခနောက်မီးဖိုပေ်က အိုးလိုဖြစ်လာပါတယ်။
တောင်ငူက ပင်မတပ်ကိုနှုတ်ယူလာခဲ့တဲ့အတွက် ကေတုမတီနန်းတော်မှာ မြို့စောင့်တပ်သာရှိပြီး အင်အားတောင်တင်းခြင်းမရှိပါဘူး။ တောင်ငူစစ်အင်အားအကုန်နီးပါး ရောက်ရှိနေတဲ့ ဟံသာဝတီနန်းတော်ဟာ သူ့ရှင်တကာရွတ်ပိ.၊ ပြည်ဘုရင်နဲ့အင်းဝစားသိုဟန်ဘွားတို့ရဲ့သုံးပြည်ထောင်ပူးပေါင်းစစ်အင်အားကို ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်သလို အောက်ပိုင်းမှာကလည်း မုတ္တမမြို့စားရဲ့မီးပွားဟာ တဖြည်းဖြည်းအရှိန်ကြီးလာနေပါပြီ။
ကျူးကျော်စစ်ထိုးဖို့ချီတက်လာတဲ့တောင်ငူတပ် ချောင်ပိတ်မိနေနေကို သဘောပေါက်သွားတဲ့အတွက် တပင်ရွှေထီးနန်းတော်မှာ မှူးမတ်သေနာပတိတွေကို ဆင့်ခေါ်ပြီးနညီလာခံကျင်းပပါတယ်။ တပင်ရွှေထီးရဲ့သဘောကတော့
တနွယ်ငင်တံစဥ်ပါဖြစ်နေတဲ့ အောက်ပိုင်းကမုတ္တမမြို့စားကို အရင်ရှင်းချင်ပါတယ်၊ပြီးမှသာ
စစ်အင်အားကိုပြန်လည်ဖွဲ့စည်းပြီး သူ့ရှင်တကာရွတ်ပိတို့ရဲ့မင်းသုံးပါးထိုးစစ်ကို ခံစစ်အပြည်နဲ့ကာကွယ်မယ်လို့တွေးထားပါတယ်။
ဆိုတော့ မှူးမတ်သေနာပတိတွေရဲ့သဘောကရောဘယ်လိုရှိပါသလဲ။
အထိန်းတော်ကြီးသတိုးဓမ္မရာဇာကလျှောက်တင်သည်က ဟံသာဝတီကိုအောင်မြင်တော်မူသည်မှာ များစွာမကြာသေးပါ နိုင်ငံတော်ပိပြားသည်ဆိုသော်လည်း စိတ်ချရသည်တိုင်အောင်ငြိမ်ဝပ်သည်ဟု ကျွန်တော်မျိုးမထင်ပါ သို့ပါ၍တစ်နှစ်တစ်ဝါ ဟံသာဝတီမြို့တော်မှာ ဗိုလ်ပါအင်အားကြီးသထက်ကြီးအောင် ဖြည့်တင်းတော်မူသင့်ကြောင်းပါ လက်နက်ရိက္ခာတွေ မြို့တွင်းမှာအလုံအလောက်စုဆောင်းပြီး မြို့ရိုးမြို့တာတွေကို ခိုင်လုံသည်ထက်ခိုင်လုံအောင် ပြင်ဆင်တော်မူသင့်ပါသည်ဘုရား တကယ်လို့မုတ္တမနဲ့ပြည်က ဟံသာဝတီကိုစစ်ချီလာခဲ့ရင်လည်း လွယ်ကူစွာဖြိုဖျက်နိုင်ပါမည်ဖြစ်ပါသည် မိုးကျွတ်မှသာ မုတ္တမကို ချီတက်လုပ်ကြံရန်သင့်တော်ကြောင်းပါဘုရား လို့လျှောက်တင်ပါတယ်
ဆိုတော့ စစ်ဦးစီးကျော်ထင်နော်ရထာရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲ အထိန်းတော်ကြီးရဲ့လျှောက်တင်ချက်ဟာ ပါးနပ်တဲ့စစ်ရေးဖြစ်တဲ့အပြင် ကျိုးကြောင်းဆီလျော်တဲ့အတွက် ကျွန်ုပ်မပယ်ပါ။ ဟံသာဝတီဘုရင်ဟာ သူ့မြို့တော်မှာ မခံဝံ့တဲ့တဲ့အတွက် ပြည်ဘုရင်နဲ့ပေါင်းရန် ထွက်ခွာသွားပြီဖြစ်တယ်၊ စစ်မှု့ရေးရာဆိုသည်မှာ နိုင်တဲ့အခါတစ်ဟုန်ထိုး ဖိ၍တိုက်သင့်ပါတယ် စစ်ဦးဘီလူးပါဆိုသည့်အတိုင်း တပ်ဦးမှာဘီလူးပါသကဲ့သို့ နိုင်စရှိသောစစ်များဟာ နိုင်ဖန်များလေ့ရှိကြောင်းပါ။ ယခုအချိန်မှာ ပတ်ဝန်းကျင်နိုင်ငံတွေဟာ ကျွန်ုပ်တို့တောင်ငူတပ်ကို ရင်ဆိုင်ရန်ထိပ်လန့်တုန်လှုပ်နေချိန်ဖြစ်တဲ့အတွက် စစ်ရေးကိုဆိုင်းငံ့ရန် အချိန်မဟုတ်ကြောင်းပါ။ ကျွန်ုပ်တို့တောင်ငူတပ်ဟာ ဟံသာဝတီဘုရင်သူ့ရှင်တကာရွတ်ပိကို ရဖို့ပြည်ကိုစစ်ချီသင့်ပါသည်ဘုရား အကယ်လို့ သူ့ရှင်တကာရွတပိ ပြည်ဘုရင်နဲ့ အင်းဝကရှမ်းတွေ သုံးပြည်ထောင်စုပေါင်းနေခဲ့ရင်လည်း ကျွန်ုပ်တို့ပြန်ဆုတ်ပြီး မုတ္တမကိုသိမ်းသင့်ကြောင်းပါဘုရား
ဒီတစ်ကြိမ်တောင်ငူတပ်တွေစစ်ချီတဲ့အခါ ရေကြောင်းကုန်းကြောင်းနဲ့
အင်ကြီးအားကြီး ချီတက်သင့်ကြောင်းပါဘုရား ဘုန်းတော်ကြီးတော်မူသော မင်းတရားက ရေကြောင်းကချီတက်ပါ။
ဘုရားကျွန်တော်မျိုးတို့က ကုန်းကြောင်းကချီတက်ပါမည်။ ရန်သူဟာ စုစည်းနေတဲ့အပြင် စစ်ဗျူဟာဘယ်လိုခင်ကျင်းထားတယ်ဆိုတာမခန့်မှန်းနိုင်တာကြောင့် ကုန်းကြောင်းရေကြောင်းချီတက်ရာမှာမလှမ်းမကမ်းချီတက်သင့်ပါသည်ဘုရား။
ဟံသာဝတီရဲ့ဘုရင်ရဲ့ပင်မကျောရိုးတပ်ဖြစ်တဲ့ ဗညားဒလနဲ့မင်းရဲအောင်နိုင်တို့တပ်ကို ကျွန်တော်မျိုးနောက်ကအမှီလိုက်တိုက်ပါမည်ဘုရားလို့
လျှောက်တင်ပါတယ်။
ကျော်ထင်နော်ရထာရဲ့ရှေးပြေးတပ်ဟာ အင်မတန်လက်စလက်နသေသပ်တဲ့အတွက် ဒီလိုကျင်းထဲကြပ်ထဲရောက်နေတဲ့အချိန်မှာကောင်းကောင်းကြီး လက်စွမ်းပြနိုင်တယ်လို့ တပင်ရွှေထီးယုံကြည်ပါတယ်၊ ဒါကြောင့်နန်းညီလာခံမှာ ကျော်ထင်နော်ရထာရဲ့အဆိုကို လက်ခံအတည်ပြုကာ ချက်ချင်းတပ်တွေကိုစုဖွဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်။
ဒီနန်းညီလာခံကချလိုက်တဲ့အမိန့်ဟာ သမိုင်းမှာအကြီးကျယ်အခမ်းနားဆုံး
နောင်ရိုးတိုက်ပွဲကြီးရဲ့ နိဒါန်းအစဖြစ်တယ်ဆိုတာကို တပင်ရွှေထီးရော ကျော်ထင်နေ်ရထာပါ သိကြမှာမဟုတ်ပါဘူး
ဆိုတော့ နောက်အပိုင်းမှာပြန်တွေ့ကျပါမယ်ခင်ဗျာ
ကြည့်ရှု့ပေးတဲ့အတွက် အားလုံကိုကျေးဇူးအများကြီးတင်ပါတယ်
YHNL
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို ရုပ်သံကြည့်ရှု့လိုပါက You Tube မှာ Video တင်ပေးထားပါတယ်။
![]() |
နန်းစောင့်လှံ ငါဟဲ့တပင်ရွှေထီး အပိုင်း၉ |