ဘုရားကျွန်တော်မျိုးကြားသိခဲ့ရသည်မှာ အနိုင်အရှုံးကိုဂရုမထား အရှင့်ခေါင်းကိုသာ အရယူဖို့ ကြိမ်းဝါးနေကြကြောင်းပါဘုရား

အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

ဘုရင့်အိမ်တော်ကစုဝေးပွဲအပြီးရွေးချယ်လိုက်တဲ့စစ်သူရဲတွေ ဟံသာဝတီနယ်စပ်ကိုဖြတ်ကျော်လာကြပါပြီ။အမတ်၂ဦးခေါင်းဆောာင်တဲ့စစ်သူရဲ၃၂ယောက်ပါတောင်ငူသံအဖွဲ့  ဟံသာဝတီနယ်စပ်ကျေးရွာတွေကိုရောက်လာကြတဲ့အခါ ငါတို့သံအဖွဲ့ဟာ နင်တို့ဘုရင်နေတဲ့ ဟံသာဝတီနန်းတော်ကိုသွားမှာဖြစ်တယ် ၊ ငါတို့ကိုကောင်းကောင်းတည့်ခင်းဧည့်ခံကြစေစေ ဆိုကာ ရွာသားတွေပေါ် ပြင်းပြင်ထံထံးဆက်ဆံကြပါတယ်။ ကျေးလက်ကဟံသာဝတီသားတွေလည်း လွန်ဆန်ခြင်းမပြုကြပဲ တောင်ငူသံအဖွဲ့ကိုခိုင်းသမျှလုပ်ပေးကြပေမယ့် အခြေအနေဟာ ပိုဆိုးသထက်ဆိုးလာကြပါတယ်။ သံတမန်အဖွဲ့ဆိုတာမျိုးဟာ ရည်မွန်တဲ့အမတ်တွေဦးဆောင်ကြပြီး ဦးတည်ရာအရပ်ကို တန်းတန်းမတ်မတ် အမြန်ခရီးဆက်ကြတာမျိုးဖြစ်ပေမယ့် ဒီတောင်ငူအဖွဲ့ကတော့ ရုပ်ရည်ခက်ထန်တဲ့သူတွေချည်းပါသလို တစ်ရွာဝင်တစ်ရွာထွက် သူပုန်ဓါးပြတွေလိုရန်ဆောင် ဆက်ဆံနေပါတယ်။ ဟံသာဝတီသားတွေလည်း တစ်ရွာပြီးတစ်ရွာငြိမ်ခံနေကြပေမယ့် သုံးရွာမြောက်ရောက်တဲ့အခါမှာတော့  ငြိမ်ခံမနေကြတော့ဘဲ နင်တို့လဲတောင်ငူဘုရင့်ကျွန် ငါတို့လည်းဟံသာဝတီဘုရင့်ကျွန် ကျွန်ကျွန်ခြင်းအတူတူ ဒင်းတို့ကဒီလိုလူပါးဝရသလားလို့ကြိမ်းဝါးကာ တောင်ငူသံအဖွဲ့ကိုဝိုင်းရိုက်ကြပါတယ်။ သံအဖွဲ့နဲ့လုံးထွေးသက်ပုတ်တဲ့အခါ နဂိုကတည်းကစစ်သူရဲတွေဖြစ်တဲ့အတွက် တစ်ဦးချင်းယှဥ်ရာမှာ ရွာသားတွေအထိနာကြပါတယ်။ သို့ပေမယ့်အစပိုင်းကတည်းငုံခံနေခဲ့ကြတဲ့ ရွာသားတွေအားလုံးဝိုင်းချကြတဲ့အခါ ရန်ပွဲကဘတစ်ပြန်ကျားတစ်ပြန်ရှိကြပေမယ့် အချိန်ကြာလာတဲ့အခါ တောင်ငူသားတွေဒဏ်ရာဒဏ်ချက်တွေ များလာပါတယ်။ သို့ပေမယ့် သူတို့ကိုခေါင်း‌ဆောင်တဲ့အမတ်ရဲ့အချက်ပြမှု့ကိုသာ စောင့်နေကာ ပေတေခံချနေပါတယ်။ အနီးပတ်ဝန်းကျင်ကရွာသားတွေအားလုံးရောက်ရှိလာကြတဲ့အခါ ပရိတ်သတ်ဗိုလ်ပါစုံသွားပြီဖြစ်တဲ့အတွက် တောင်ငူအမတ်ဟာ သူ့အဖွဲ့ကိုလျို့ဝှက်အချက်ပြလိုက်ပါတယ်။ တောင်ငူသံအဖွဲ့တွေ လည်း ရုတ်တရတ်အော်ဟစ်ငိုယိုကြပြီး ကစဥ့်ကလျားနဲ့ ပါလာတဲ့ပစ္စည်းတွတွေပစ်ချကာ တောင်ငူဘက်ကိုထွက်ပြေးကြပါတယ်။ တချိန်လုံးရန်ဆောင်တိုက်ခိုက်နေတဲ့တောင်ငူသားတွေကို ဒီပွဲမှာအနိုင်တီးလိုက်ရတဲ့အတွက် ရွာသားတွေ ဝမ်းသာအားရအော်ဟစ်ကြွေးကြော်ကြပါတယ်။ထွက်ပြေးသွားတဲ့ တောင်ငူသားတွေရဲ့အထုတ်အပိုးတွေကိုစစ်ဆေးကြည့်တဲ့အခါ ဘုရင့်ဆီဆက်သဖို့လက်ဆောင်ပဏ္ဏာတွေနဲ့အတူ ယွန်းကျည်ထောက်တစ်ခုကို တွေ့ရှိသွားကြပါတယ်။ တိုင်းရေးပြည်ရာနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် ရွာသားတွေ မင်းနေပြည်တော်ဖြစ်တဲ့ ဟံသာဝတီနန်းတော်ကိုပို့ဆောင်ဆက်သကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံး ဟံသာဝတီပြည့်ရှင်သူ့ရှင်တကာရွတ်ပိရှေ့တော်ရောက်လာကာ ဘုရင်ကိုယ်တိုင် ဒီယွန်းကျည်တော်ကိုသေချာဖွင့်ကြည့်ပါတယ်။ အဲဒိနောက် မဆိုင်းမတွဘဲ ဗညားလောနဲ့ဗညားကျန်းကို ခုချက်ချင်းဖမ်းခေါ်ကြစေလို့ နန်းစောင့်တပ်ကို ဒေါသတကြီးအမိန့်ပေးပါတယ်။ ဆိုတော့ ယွန်းကျည်တောက်ထဲမှာ ဘာပါပါသလဲ

ဦးရီးတော်များသို့ထံသို့ကြားစာ

တူတော်တောင်ငူဘုရင်ကြားအပ်ပါသည် ဦးရီးတော်ကြီးများ

ဦးရီးတော်တို့ထံက လျှောက်တင်လိုက်သည့်စာအတိုင်း ဟံသာဝတီကိုအလိုပြည့်ခဲ့ပါလျှင် ဦးရီးတော်ဗညားလောကို ဟံသာဝတီမြို့စား ဦးရီးတော်ဗညားကျန်းကို မုတ္တမမြို့စားခန့်ကာ လေးလေးစားစားသူကောင်းပြုပါမည်။ တူတော်၏အကြံတော်များ အလွယ်တကူအောင်မြင်စေရန် လျှောက်တင်လိုက်သောစာအတိုင်း ဖြောင့်ဖြောင့်မှန်မှန် အမှု့တော်ကိုထမ်းကြလိမ့်မည်ဟု ယုံကြည်တော်မူပါသည်

တောင်ငူဘုရင်

တပင်ရွှေထီး လို့ပါရှိပါတယ်။

သူ့ရှင်တကာရွတ်ပိဟာ နန်းညီလာခံကိုမူးမတ်တွေ ရုတ်တရတ်ဆင့်ခေါ်ကာ ချက်ချင်းနန်းစောင့်တပ်နဲ့ဝိုင်းထားလိုက်ပါတယ်။ ညီလာခံကို အမတ်ကြီးဗညားလောနဲ့ဗညားကျန်းရောက်လာကြတဲ့အခါ သူ့ရှင်တကာရွတ်ပိက သံလျက်ကိုကိုင်ပြီး ငါကတော့အထိန်းတော်ကြီးများရယ်လို့အထူးမြှောက်စားပြီး တိုင်းပြည်ရေးရာအလုံးစုံကို လွှဲပုံတော်မူခဲ့တယ်၊ အခုတော့ကြည့်စမ်း ငါ့မျက်နှာကိုမထောက် တောင်ငူဘုရင်တပင်ရွှေထီးရဲ့ ကျွန်တော်မျိုးခံနေကြတယ် ငါ့နိုင်ငံတော်မှာနေ ငါ့ရီက္ခာစားပြီး တပင်ရွှေထီးရဲ့သူလျိုလုပ်နေကြတယ်ပေါ့ သို့ကလောက်မိုက်တွင်းနက်တဲ့ အထိန်းတော်ကြီးနှစ်ယောက်ကို ဘယ်လိုစီရင်သင့်တယ်ဆိုတာ လျှောက်တင်ကြစမ်း လို့အမိန့်ရှိပါတယ်။

ဘုရင့်ရဲ့အမျက်ကပြင်းထန်နေကြောင်းသိတဲ့အတွက် ဘယ်အမတ်ကမှပြန်လျှောက်ထားဝင့်ကြဘဲ ငြိမ်နေကြပါတယ်။အထိန်းတော်ကြီနှစ်ပါးဟာ လက်အုပ်ချီပြီး အထင်လွှဲတော်မမူပါနဲ့ဘုရား ကျွန်တော်မျိုးများသည် ဘယ်သောအခါမှ မှောက်မှောက်မှားမှား မကြံစည်ရိုးမှန်ပါတယ် ယုံတော်မမူပါလျှင် ရွှေမော်‌ဓောဘုရားမှာ သစ္စာရေတိုက်တော်မူပါ စဥ်းစားဆင်ခြင်တော်မူစေလိုကြောင်းပါဘုရား ‌တောင်ငူဘုရင် တပင်ရွှေထီးဟာ ရာဇပရိယာယ် အလွန်ကြွယ်ပြီး မာယာလှည့်ဖျားအလွန်များပါတယ် ရာဇမာယာဖြင့် ကိန်းဆင်ပြီး ရွှေနန်းရှင်ဘုရားနှင့် ကျွန်တော်များကို တိုက်ခိုက်သော ပရိယာယ်ဖြစ်ပါသည်ဘုရား သတိထားတော်မူပါဘုရား အထင်လွဲတော်မူပါလျှင်ဟံသာဝတီပြည်ကြီး ပျက်စီးဘို့ကြုံရပါလိမ့်မည်ဘုရား

သူ့ရှင်တကာရွတ်ပိ- ရာဇဝတ်ကောင်ဆိုတာ မှန်ရာကိုဘယ်အခါမှ ထုတ်ဘော်ပြောလေ့မရှိဘူး ။ တူတော်တပင်ရွှေထီးက ဦးရီးတော်များကို ရွှေသစ္စာပန်းနှစ်ပွင့်ပေးသနားတော်မူလိုက်တယ် ဟုတ်လား ရွှေသစ္စာပန်းနှစ်ပွင့်ပေးတဲ့အလုပ်ဟာ သစ္စာရေတိုက်လိုက်တာနဲ့အတူတူပဲ ဘယ်လိုများလျှောက်တင်ကြဦးမတုံး

အထိန်းတော်ကြီးများ- သတိထားတော်မူပါဘုရား ကျွန်တော်မျိုးတို့ကို သတ်လိုလျှင်သတ်ပါ၊ ကျွန်တော်တို့သေခြင်းဟာ အရေမကြီးကြောင်းပါ သို့ပေမယ့်တိုင်းနိုင်ငံတော်ကြီးပျက်စီးမည့်အရေးကိုသာ မျှော်တွေးစိုးရိမ်မိပါသည်ဘုရား အမျက်လွှမ်းမိုးတဲ့အခါ မှန်ရာကိုမသိနိုင်ကြောင်းပါ အလျင်တဆောပြုရင် မှားယွင်းတတ်ပါသည်ဘုရား ဒီစာလွှာဟာ တပင်ရွှေထီး ဟံသာဝတီပြည်ကြီးကို ပျက်စီးဖို့ကြံတဲ့ ပရိယာယ်အမှန်ဖြစ်ကြောင်းပါ ခုနှစ်ရက်မျှလောက် စဥ်းစားတော်မူပါဘုရား ခုနှစ်ရက်ကျော်လို့မှအထင်တော်မပြောင်းလွဲခဲ့ရင် အရှင့်စိတ်တော်အတိုင်း သတ်တော်မူပါဘုရား

သူ့ရှင်တကာရွတ်ပိ-ဆင်ကောင်ကြီးတွေ့ပေါ့ဘဲ ဆင်ခြေရာကို ဘယ်မှာရှာဖို့လိုအုံးမလဲ အထိန်းတော်နှစ်ယောက်မရှိတဲ့နဲ့ဘဲ ငါ့နိုင်ငံတော်ကြီးပျက်စီးရတော့မှာတဲ့လား ဒီအသက်နဲ့ဟံသာဝတီမြို့စားကြီး မုတ္တမမြို့စားကြီး ဖြစ်ခွင့်ငါမပေးနိုင်ဘူး နောင်ဘဝရောက်မှ မြို့စားကြီးလုပ်ကြပေတော့ အထိန်းတော်ကြီးများကို သွားမြဲလမ်းတိုင်းသွားစေ လို့ အမိန့်ချကာ ညီလာခံသဘင်က ထသွားပါတယ်

နန်းစောင့်တပ်ဟာ ဘုရင့်အမိန့်အရ ချက်ချင်းပဲ  အမတ်ကြီးဗညားလောနဲ့ဗညားကျန်းကို နန်းညီလာခံက ဆွဲခေါ်ကာ သုသာန်သင်္ချိုင်းကိုခေါ်ဆောင်လာကြပါတယ်။ နောက်ဆုံး အာဏာပါးကွက်သားက ကွပ်မျက်ခါနီးအချိန် အမတ်ကြီးတွေဟာ သူ့ရှင်တကာရွတ်ပိရှိတဲ့နန်းတော်ကိုအရိုသေပေးကာ ဘုရားကိုရည်မှန်းပြီးဝပ်ပြုကြပါတယ်။ အဲဒိနောက် ဟံသာဝတီရဲ့နေဝန်းကြီး ပျက်ကွယ်သွားကာ အလင်းနည်းတဲ့နေ့ရက်တွေ ရောက်လာခဲ့ပါတယ်၊

အမတ်ကြီးဗညားလောနဲ့ဗညားကျန်းတို့ဟာ ဘုရင့်အထိန်းတော်ကြီးတွေဖြစ်တဲ့အပြင် တိုင်းသူပြည်သားတွေချစ်ခင်ကြတဲ့ လူထုခေါင်းဆောင်တွေဖြစ်ကြပါတယ်။ မြို့စားနယ်စားတွေအပေါ်မေတ္တာနဲ့ဆက်ဆံသလို ဟံသာဝတီဘုရင့်တပ်တော်မှာလည်းတပ်မှူးတွေရဲ့ အများဆုံးထောက်ခံမှု့ကိုရရှိထားခဲ့ပါတယ်။ အမတ်ကြီးတွေ မတရားစွပ်စွဲခံရတဲ့အပြင် ဘုရင်က စုံစမ်းစစ်ဆေခြင်းမပြုပဲချက်ချင်းကွပ်မျက်လိုက်တဲ့အတွက် ဟံသာဝတီတစ်ပြည်လုံးတုန်ခါသွားသလို တိုင်းပြည်ရဲ့အောက်ခြေအုတ်မြစ်တွေ မြေပေါ်တက် လေသံနားစွင့်လာစေပါတယ်။ ရွှေနန်းရှင်ဟာ တပင်ရွှေထီးရဲ့ထောက်ချောက်ကိုစဥ်းစားဆင်ခြင်နိုင်စွမ်းမရှိသလို သူ့နားကပ်နေတဲ့ အထက်ဖားအောက်ဖိအမတ်တွေရဲ့ စကားကိုသာ နားဝင်နေတဲ့အတွက် အထိန်းတော်ကြီးနှစ်ဦးရဲ့ဘက်တော်သားအမတ်တွေ လျို့ဝှက်စုဝေးကြပြီး သွေးသစ်လောင်းဖို့ပြင်ဆင်ကြပါတယ်။ သူ့တို့ပိုင်စားတဲ့မြို့ရွာတွေက ခါးပိုက်ဆောင်တပ်ဖွဲ့တွေကို ချက်ချင်းတိတ်တဆိတ်ဆင့်ခေါ်ကာ အခွင့်သင့်တာနဲ့ သူ့ရှင်တကာရွတ်ပိကိုလုပ်ကြံတော့မှာဖြစ်ပါတယ်။

ဆိုတော့ဟံသာဝတီခဏထားပြီး တောင်ငူဘက်ကိုပြန်သွားရအောင်ဗျာ

ဟံသာဝတီကိုလွှတ်လိုက်တဲ့ တောင်ငူသံအဖွဲ့ ကေတုမတီနန်းတော်ကိုပြန်ရောက်ပြီး မဆိုင်းမတွဘဲ အမတ်ကြီးဗညားတို့ကွပ်မျက်ခံရတဲ့အတွက် တပင်ရွှေထီးဟာ မူလအစီအစဥ်အတိုင်း နန်းညီလာခံဆင့်ခေ်ကာ  ငါတို့ဒီစစ်ပွဲအတွက် အချိန်အတေ်ကြာပြင်ဆင်ခဲ့တယ် ဒီနေ့အချိန်အခါကျရောက်လာခဲ့ပြီ ငါ့အမိန့်ချတဲ့အတိုင်း စစ်သူရဲတွေဆင့်ခေါ်ကာ တပ်တွေစုဖွဲ့ကြစေ လို့အမိန့်ပေးပါတယ်။ တပင်ရွှေထီးရဲ့အမိန့်အရ တုရင်ရာဇာ၊ တုရင်ဗလ၊ စစ်တုရင်္ဂသူ၊ တုရင်ယော်ဓါ တို့ဟာ မြင်းတပ်ကိုဦးစီးတဲ့ တပ်မှူးတွေဖြစ်ပြီး ရှေ့တန်းစစ်ဦးစီးချုပ်ကျော်ထင်နော်ရထာရဲ့ အမိန့်ကိုနာခံရမှာ ဖြစ်ပါတယ်။ ပေါင်းလောင်းမြစ်ကစုန်ဆင်းလာမဲ့ တောင်ငူ‌ရေတပ်ကိုတော့ ဘယကျော်သူကဦးဆောင်မှာဖြစ်ပြီး တိုက်လှေတွေနဲ့အတူ ရိက္ခာတင်လှေတွေအများအပြားပါဝင်ပါတယ်။ ရှေ့ပြေးတပ်ဖွဲ့တွေရဲ့နောက်မှာ ပင်မတပ်ချီတက်မှာဖြစ်ပြီး တပင်ရွှေထီးကိုယ်တိုင်ဦးဆောင်မှာဖြစ်ပါတယ်။ တောင်ငူရဲ့စစ်အင်အားကိုကြည့်မယ်ဆိုရင် ကုန်းတပ်မှာ တိုက်ဆင် ၁၂၀ စစ်မြင်း၈၀၀ နဲ့ စစ်သူရဲ၇၀၀၀၀ တိုက်ပွဲဝင်မှာဖြစ်ပြီး ရေတပ်မှာ တိုက်လှေနှစ်ရာ စစ်သူရဲ၁၀၀၀၀နဲ့ ရိက္ခာလှေတွေပါဝင်ပါတယ်။

ဟံသာဝတီကိုကျူးကျော်ဖို့ တောင်ငူတပ်တွေစစ်ချီလာပြီဖြစ်တဲ့အတွက် သူ့ရှင်တကာရွတ်ပိ အရေးပေါ်ညီလာခံတစ်ခု နန်းတွင်းမှာကျင်းပပါတယ်။ ယခင်ထိုးစစ်တွေထက်များပြားတဲ့စစ်အင်အားနဲ့ တောင်ငူတပ်တွေချီတက်လာတာဖြစ်တဲ့အပြင် ခါတိုင်းနန်းညီလာခံမှာ ခေါင်းအေးအေးနဲ့ဗျူဟာခင်းပေးတဲ့အမတ်ကြီးဗညားလောနဲ့ ဗညားကျန်းကလည်း သူသတ်လို့သေခဲ့ပါပြီ။ အမတ်ကြီးတွေရှိစဥ်က ပမာမခန့်ရှိခဲ့တဲ့အလိုတော်ရိမူးမတ်တွေဟာ ဒီစစ်ပွဲမှာသူတို့ကောင်းကောင်းကြီးလက်စွမ်းပြနိုင်တယ်လို့ အထင်ရှိတဲ့အတွက်ဘုရင့်ဆီ သူ့ထက်ငါ အလုအယက်လျှောက်တင်ကြပါတယ်။ သို့ပေမယ့် လျှောက်တင်လာတဲ့အမတ်တွေမှာ၂ဘက်ကွဲနေပါတယ်။ ပထမအဖွဲ့ကတော့ မိမိတို့ဟံသာဝတီဟာ တောင့်တင်းခိုင်မာတဲ့မြို့နံရံကြီးတွေရှိတဲ့အပြင် အရေအတွက်အားဖြင့်လည်း တောင်ငူတပ်ထက်အများကြီးသာပါတယ်။ နောက်ပြီးတောင်ငူသားတွေရဲ့ထိုးစစ်ကို ခုခံလာတာဟာ အကြိမ်ကြိမ်ရှိခဲ့ပြီဖြစ်တဲ့အတွက် ဒီစစ်ပွဲမှာသာသူတို့ဦးဆောင်ခွင့်ရရင် အေးအေးဆေးဆေးနဲ့ပြီးစီးသွားမှာဖြစ်တယ်လို့ လျှောက်တင်ကြပါတယ်။

ဒုတိယအဖွဲ့ကတော့ မြို့ရိုးနဲ့စစ်အင်အားဟာ ဘာမှစာမဖွဲ့လောက် ဒီစစ်တပ်ကိုဦးစီးနိုင်တဲ့စစ်ခေါင်းဆောင်သာအရေးကြီးတယ်လို့ဆိုပါတယ်။ ယခင်စစ်ပွဲတွေမှာကောင်းကောင်းခုခံနိုင်ခဲ့တာဟာ အမတ်ကြီးဗညားတို့ကြောင့်သာဖြစ်ပြီး အမတ်ကြီးတွေလည်းလွန်ခဲ့ပြီဖြစ်တဲ့အတွက် စစ်တိုက်တဲ့နည်းလမ်းဟာ ရွေးချယ်ဖို့မသင့်၊ တောင်ငူနဲ့ချစ်ကြည်ရေးယူသင့်တယ်လို့ဆိုကြပါတယ်။

 ဒီလိုအငြင်အခုံဖြစ်နေတဲ့နန်းညီလာခံမှာ ဆိတ်ဆိတ်နေတဲ့ တတိယအဖွဲတစ်ဖွဲရှိနေပါတယ်။ ထိုသူတွေကတော့ ယခင်အမတ်ကြီးဗညားတို့နောက်ကခစားသူတွေဖြစ်ပြီး သူ့ရှင်တကာရွတ်ပိအပေါ်မကျေနပ်မှု့တွေများကြပေမယ့် ဒီအရေးမှာတော့ အတွင်းရေးထက်အပြင်ရေးက အရေးကြီးလာပြီဆိုတာကို ကောင်းကောင်းသဘောပေါက်သူတွေဖြစ်ကြပါတယ်။ ဒါကြောင့် ပြင်ပရန်ဖြစ်တဲ့တောင်ငူကို သူ့ရှင်တကာရွတ်ပိဘယ်လိုရအောင်ဖြေရှင်းမလဲဆိုတာကသာ သူတို့ရဲ့သစ္စာခံမှု့ကိုဆက်လက်တည်ရှိစေမှာဖြစ်ပါတယ်။ အကယ်၍ဘုရင်ကသာ သူတို့ကိုတာဝန်ပေးအပ်မယ်ဆိုရင် ရေကုန်ရေခမ်းအသက်ပေးကာကွယ်မယ်လို့ဆုံးဖြတ်ထားကြပါတယ်။ ဆိုတော့ သူ့ရှင်တကာရွတ်ပိ ဘယ်လိုဆုံးဖြတ်မှာပါလဲ

တပင်ရွှေထီးကတဲ့ဇာတ်မှာ သူလုံးလုံးလျားလျားကြီးဝင်သွားခဲ့တဲ့အတွက် နိုင်ငံရဲ့အထိန်းတော်ကြီးတွေ ဆုံးရှုံးသွားတာကို အကြီးအကျယ် နောင်တရနေပါတယ်။ သို့ပေမယ့် လွန်ခဲ့ပြီဖြစ်တဲ့အတွက် ဒီအရေးမှာ သူ့ဆုံးဖြစ်ချက်ကသာ မှားယွင်းခဲ့ရင် ဟံသာဝတီရဲ့အနာဂတ် ပြောင်းလဲသွားတေ့ာမှာဖြစ်ပါတယ်။ အနားကနေ တစ်ချိန်လုံးတိုက်မယ်တကဲကဲဖြစ်နေတဲ့အမတ်တွေကြည့်တဲ့အခါ စစ်ရေးပရိယာယ်မှာ နှံနှံစပ်စပ်သိပုံမပေါ်ဘဲ ဓားတပြင်ပြင်လုပ်နေတယ်လို့ယူဆပါတယ်။ နောက်ပြီး လာတိုက်တဲ့တပင်ရွှေထီးနဲ့ အညံ့ခံချစ်ကြည်ရေးယူရအောင် သူ့ရှင်တကာရွတ်ပိကမပျော့ညံ့သလို ရဲမက်အင်အားကလည်း တောင်ငူတပ်ထက်အများကြီးသာတဲ့အတွက် သူလိုအပ်နေတာဟာ စစ်ရေးဗျူဟာ ကောင်းကောင်းနားလည်ပြီး သူ့တပ်ကိုကောင်းကောင်းစီမံနိုင်တဲ့သူဆိုတာကို သဘောပေါက်သွားပါတယ်။ စစ်ဗျူဟာပိုင်းမှာကျွမ်းကျင်သလို ယခင်ကတည်းကစစ်ရေးအတွေ့အကြုံကောင်းကောင်းရှိထားပြီးသား အမတ်ကြီးဗညားတို့လက်အောက်ခံစစ်သူကြီးတွေကို နေရာပေးဖို့တွေးထားပါတယ်။

သို့ပေမယ့် သူ့ဘေးနားကအမတ်တွေပြောစကားအရ အမတ်ကြီးဗညားတို့ကွပ်မျက်ခံရမှု့နဲ့ပတ်သတ်ပြီး လူသူလက်နက်စုစည်းနေကြတယ်လို့ဆိုတဲ့အတွက် သူ့ရှင်တကာရွတ်ပိ ဒီနည်းလမ်းကိုလည်း ‌ရွေးချယ်လို့မရဘဲရှိနေနေတယ်။ တပင်ရွှေထီးရဲတောင်ငူတပ်လာတိုက်တဲ့အခါ အကွဲကွဲအပြဲပြဲဖြစ်ရတာထက် အသိုက်ကိုပေးပြီး ရွှေဥကိုယူသွားမယ်လို့တွေးပါတယ်။ ဒါကြောင့် ဟံသာဝတီကလူသူလက်နက်ရိက္ခာတွေနဲ့ ရွှေငွေရတနာတွေကိုယူကာ နန်းတော်ကိုစွန့်ခွာဖို့အမိန့်ချပါတယ်။ သူ့ရှင်တကာရွတ်ပိရဲ့ အမိန့်မှာပါတာက အဲမွန်တရာ၊ သမိန်စည်သူ၊ သမိန်သံကျယ်၊ ပိုက်နရဲ၊ ညီဂံဂေါင်း၊ အဲနရဲ တို့ဟာ ရေတပ်ကိုဦးစီးရမယ့်တပ်မှူးတွေဖြစ်ကာ ကြည်းတပ်ကိုတော့ ဗညားဒလ၊ မင်းရဲအောင်နိုင်၊ အဲဗြဲသီး၊ ရဲသင်ရံ၊ ပိုက်ကမြင် တို့တပ်မှူး၅ဦးကအုပ်ချုပ်မှာဖြစ်ပါတယ်။စစ်အင်အားအရေအတွက်ကိုကြည့်မယ်ဆိုရင် ရေတပ်မှာ စစ်လှေ၇၀၀ နဲ့စစ်သူရဲ၄၀၀၀၀ပါဝင်ပြီး ကြည်းတပ်မှာ တိုက်ဆင် ၂၀၀၊ စစ်မြင်း၈၀၀ နဲ့စစ်သူရဲ၈၀၀၀၀ပါဝင်ပါတယ်။ စစ်အင်အားအရ ဟံသာဝတီဟာ တောင်ငူတပ်တွေတပ်အများကြီးသာလွန်နေပေမယ့် သူ့ရှင်တကာရွက်ပိကတော့ အသေးအဖွဲစွန့်စားမှု့မျိုးတောင်လုပ်မှာ မဟုတ်ပါဘူး၊ သူ့ယောက်ဖဖြစ်တဲ့ ပြည်ဘုရင်ဆီ စစ်သည်ရဲမက်အများအပြားနဲ့ချီတက်ပူးပေါင်းမှာဖြစ်ပြီး အမတ်ကြီးဗညားတို့စီစဥ်ခဲ့ကြတဲ့ သုံးပြည်ထောင်စစ်ရေးသဘောတူညီချက်ကိုအသက်သွင်းတော့မှာဖြစ်ပါတယ်။ဒိသဘောတူညီချက်အရ အင်းဝဟာလည်း စစ်ပွဲမှာတိုက်ရိုက်ပါဝင်လာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အင်းဝ၊ပြည်၊ဟံသာဝတီ ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုဟာ တောင်ငူကို တစ်ဟုန်ထိုးစစ်ချီပြီး စိစိညက်ညက်ကြေအောင် အမှုန့်ခြေပစ်မှာဖြစ်ပါတယ်။

ဟံသာဝတီနန်းတော်မှာ စစ်သည်ရဲမက်မှူးမတ်ဗိုလ်ပါအကုန်လုံး မြို့တော်ကဆုတ်ခွာဖို့ပြင်နေကြချိန်မှာ တစ်စုတစ်ဖွဲကတော့ သီးသန့်စုဝေးနေကြပါတယ်။ထိုသူတွေကတော့ စစ်သူရဲသမိန်ပရူဦးစီးတဲ့တပ်မှူးတစ်ချို့ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဟာ အမိမြေဖြစ်တဲ့ဟံသာဝတီကစွန့်ခွာပြီး ပြည်ကိုဆုတ်တာဟာ အင်မတန်သရဲဘောကြောင်တဲ့လို့ယူဆတဲ့အတွက် ဒီမူးမတ်စစ်သူရဲတွေဟာ သီးခြားအစီအစဥ်တစ်ခုကိုပြင်ဆင်နေကြပါတယ်။

သူ့ရှင်တကာရွတ်ပိဟာ  စားနပ်ရိက္ခာရွှေငွေရတနာတွေသယ်ဆောင်ပြီး ခွာစစ်ချီဖို့အဆင်သင့်ဖြစ်တာနဲ့ အချိန်မဆိုင်းပဲ ပြည်ကိုအတင်းနှင်ပါတယ်။ နောက်ပါစစ်သည်ရဲမက်တွေ အစုအဖွဲ့လိုက်အသီးသီးဆုတ်ခွာနေကြပေမယ့် ခရီးတစ်ထောက်ရောက်တဲ့အခါ ကြည်းတပ်နဲ့ရေတပ်ကရဲမက်ဗိုလ်ပါအချို့ပျောက်ဆုံးနေတာကို သက်ဆိုင်ရာတာဝန်ရှိတပ်မှူးတွေသိရှိသွားကြပါတယ်။ ဘုရင့်ထံအလျင်အမြန်သတင်းပို့ကြပေမယ့် သူ့ရှင်တကာရွတ်ပိကတော့ ဒီကောင်တွေတောင်ငူတပ်ကို တိုက်ရမှာကြောက်လို့ပြေးကြပြီလို့ယူဆကာ ပြည်ကိုအလျင်အမြန်ရောက်ဖို့ လမ်းမှာ တောင်ငူတပ်နဲ့ထိပ်တိုက်မတွေ့ဖို့ကိုသာ စိတ်ပြင်းပြနေပါတယ်

 ပြည်ကြီးသခင်ရှင်ဘုရင်နဲ့ ရဲမက်ဗိုလ်ပါတွေကင်းမဲ့ကာ အခွံကြီးကျန်ခဲ့တဲ့အတွက်  နိုင်ငံရဲ့အထွတ်အထိပ်ဘုရင့်နေထိုင်ရာ နန်းတော်ကြီးဟာ သုဿာန်တစပြင်ကဲ့သို့ ဂုဏ်ရှိန်ဝါကင်းမဲ့နေပါတယ်။ ရှင်ဘုရင်နဲ့ဟံသာဝတီရဲမက်တွေဆုတ်ခွာခဲ့တဲ့လမ်းကြောင်းဟာ ဖုန်အလိမ်းလိမ်းထနေရာက တဖြည်းဖြည်း ငြိမ်သက်သွားပါတယ်။ ပြည်သူပြည်သားတွေလည်း ကျားသနားမှနွားချမ်းသာတော့မယ့်အဖြစ်ကိုတွေးမိကာ ဝမ်းနည်းတကြီးရှိကြပါတယ်။ အချိန်တစ်လင့်ကြာတဲ့အခါ ရန်သူစစ်သည်ရဲမက်တွေနန်းတော်ကို ချဥ်းကပ်လာတာကိုတွေ့ရတဲ့အတွက် ဘေးလွတ်ရာအရပ်ကိုထွက်ပြေးတိမ်းရှောင်ကြပါတယ်။ သို့ပေမယ့်သေချာကြည့်တဲ့အခါ ဒီစစ်တပ်ဟာ ဟံသာဝတီအလံလွှင့်ထားတာကိုတွေ့ရတဲ့အတွက် ပြည်သူတွေဝမ်းရအပြေးအလွှားရောက်လာကြပါတယ်။ စစ်ဦးစီးမှာနေရာယူထားတာက စစ်သူရဲသမိန်ပရူဖြစ်ပြီး ပြည်ကိုထွက်ခွာယောင်ပြကာ စည်းရုံးသိမ်းသွင်းရတဲ့ဆင်မြင်းဗိုလ်ပါတွေနဲ့အတူ ဟံသဝတီနန်းတော်မှာ တောင်ငူတပ်ကိုခံတိုက်မှာဖြစ်ပါတယ်။ အနီးဝန်းကျင်မြို့ရွာတွေက လက်ကျန်ဆင်မြင်းဗိုလ်ပါတွေ နန်းတော်မှာစုရုံးကြတဲ့အတွက် အရေအတွက်အားဖြင့် တောင်ငူတပ်လောက်မများပေမယ့် အကုန်လုံးဟာ နန်းတော်ကိုအသေခံကာကွယ်မဲ့သူတွေချည်းဖြစ်ကြပါတယ်။

အခြားတစ်ဘက်မှာ တပင်ရွှေထီးရဲ့တောင်ငူတပ်ဟာ ဟံသာဝတီကိုတိုက်ဖို့စစ်ချီလာတာ ခရီးအတော်ပေါက်လာပါပြီ။ ကျော်ထင်နော်ရထာရဲ့ရှေ့ပြေးတပ်ဟံသာဝတီနယ်မြေထဲကို သုံးစခန်းလောက်ဝင်ရောက်လာတဲ့အခါ ပုံဖျက်ထားတဲ့သူလျိုတစ်ဦး မြင်းနဲ့အရောက်အခစားဝင်ပါတယ်။ အရေးကြီးသတင်းသယ်ဆောင်လာတဲ့အတွက် တပင်ရွှေထီးထံချက်ချင်းအခစားဝင်ပါတယ်။ ဒီနေရာမှာတစ်လက်စတည်းပြောလိုတာက တပင်ရွှေထီးဟာဘုန်းကံကြီးတဲ့မင်းဖြစ်တဲ့အပြင်  တစ်မိုးအောက်တစ်ယောက်သူ့ကိုဘယ်သူမှမယှဥ်နိုင်တာဟာ စစ်လက်ရုံး ကျော်ထင်နော်ရထာဘွဲ့ခံရှင်ရဲထွတ်ကြောင့်ဖြစ်ပါတယ်။ ရှင်ဲရထွတ် ဦးစီတဲ့ရှေ့ပြေးတပ်ဟာ ထိုခေတ်မှာစွမ်းရည်အပြည့်ဝဆုံးဆုံးတပ်ဖြစ်သလို သူ့ရဲ့သူလျိုတပ်တွေဟာ  တပင်ရွှေထီးကို တိုင်းနိုင်ငံအသီးသီးက အပ်ကျသံကိုတောင် ကြားနိုင်စွမ်းရှိစေပါတယ်။ ဒါကြောင့် မြန်မ့ာသမိုင်းမှာအကျယ်ပြောဆုံးနဲ့အင်အားအကြီးဆုံးအင်ပါယာကိုတည်ဆောက်ခဲ့တဲ့ ဘုရင့်နောင်အကြောင်းကို သမိုင်းမှတ်တမ်းတင်တဲ့နေရာမှာ သူလျိုတပ်ဖွဲ့တွေရဲ့အခန်းကဏ္ဏကိုမဖြစ်မနေဖော်ပြရမှာဖြစ်ပါတယ်။ 

တောင်ငူတပ်တွေ ဟံသာဝတီနယ်ထဲကိုရောက်တာနဲ့ သူ့ရှင်တကာရွတ်ပိပြည်ကိုတပ်ဆုတ်သွားတဲ့သတင်းကို သူလျိုတွေ တပင်ရွှေထီးဆီဆက်သထားပြီးသားဖြစ်ပါတယ်။ ဆိုတော့ ဒီသူလျိုကရော ဘာသတင်းစကားသယ်ဆောင်လာပါသလဲ။

အရှင့်ဘုန်းတော်အရှိန်ကို မခံဝံ့တဲ့အတွက် ချီတက်တော်မူလာပြီလို့ကြားကတဲ့က ဟံသာဝတီတပ်တွေ မြို့တော်မှာမနေဝံ့ဘဲ ပြည်ဘုရင်ရှိရာကို အဆောတလျင်ဆန်တက်သွားတဲ့အတွက် ရာမညတိုင်းတစ်ခုလုံး အုံးအုံးကြွက်ကြွက်နဲ့အထိတ်ထိတ်အလန့်လန့်ရှိနေကြကြောင်းပါဘုရား။ သို့ပေမယ့် မူးမတ်တစ်စုဦးဆောင်တဲ့ တပ်တစ်တပ်ကတော့ လိုက်မသွားဘဲ နန်းတော်မှာ တောင်ငူတပ်ကို ခုခံတိုက်ဖို့ကြံစည်ထားတဲ့အကြောင်း လျှောက်တင်ပါတယ်။

ထိုအခါ တပင်ရွှေထီးက တယ်တော်ကြတဲ့အမတ်တွေဘဲ သည်လိုအမတ်မျိုးကိုမှ နိုင်ငံအကျိုးဆောင်ရွက်တဲ့မူးမတ်အစစ်ကြီးတွေလို့ချီးမွှမ်းဂုဏ်ပြုထိုက်တယ်။ သူတို့ခင်ဗျာ လက်နက်အင်အားရောပြည့်စုံကြရဲ့လားလို့ အမေးတော်ရှိပါတယ်

သူလျိုတွေ- ဟံသာဝတီဘုရင်ထွက်တော်မူစဥ်က ဆင်မြင်းဗိုလ်ပါလက်နက်ကိရိယာမှန်သမျှ အကုန်သိမ်းယူသွားပါသည်ဘုရား ကျန်ရစ်ခဲ့တဲ့မူးမတ်တွေဟာ လျို့ဝှက်ထားရှိတဲ့ အချို့လက်နက်ကိရိယာတွေနဲ့ အနီးဝန်းကျင်ကလူသူရိက္ခာတွေကို စုဆောင်းထားကြကြောင်းပါဘုရား

တပင်ရွှေထီး- အခုငါကိုယ်တော်ချီတက်ရာမှာ ခုခံသူမရှိဘဲအလွယ်တကူမြို့သိမ်းတယ်ဆိုတဲ့စကား ကြားတော်မမူလိုဘူး လွယ်ကူတဲ့ပစ္စည်းကိုသိမ်းယူနိုင်ခြင်းဆိုတာ ဘယ်မှာအစွမ်းသတ္တိရှိတယ်လို့ ချီးမွှမ်းနိုင်မလဲ ခဲခဲယဥ်းယဥ်း အထန်အပြင်းတိုက်ခိုက်သိမ်းပိုက်ရတော်မူမှ အားရကျေနပ်တော်မူတယ် ကျန်ရစ်တဲ့မူးမတ်များ သူတို့အင်အားနဲ့ခုခံနိုင်ကြပါစေလို့ ရည်ရွယ်လျက်ပါဘဲ

အဲဒိနောက် သူလျိုကတစ်ဆက်တည်းလျှောက်တင်တာက ဘုရားကျွန်တော်မျိုးကြားသိခဲ့ရသည်မှာ ခံတိုက်လို့ရှုံးချင်ရှုံးပါစေ တောင်ငူဘုရင်ရဲ့ စစ်လက်ရုံး ကျော်ထင်နော်ရထာရဲ့ခေါင်းကို အရယူဖို့ ကြိမ်းဝါးနေကြကြောင်းပါဘုရား

သူလျိုရဲ့လျှောက်တင်ချက်ကို ကြားတဲ့အခါ တပင်ရွှေထီးက ပြုံးပြီး ရှင်ရဲထွက်တို့များ တယ်လဲနာမည်ကြီးနေပါ့ကလား ရာမညတိုင်းက ဟံသာဝတီသူရဲကောင်းတွေရှင်ရဲထွတ်ခေါင်းကို လိုချင်ကြသတဲ့ တယ်လဲအဖိုးတန်တဲ့ဦးခေါင်းပါကလားလို့ ဆိုပါတယ်

ထိုအခါ ကျော်ထင်နော်ရထာက လျှောက်တင်သည်မှာ သည်သတင်းကိုကြားရသည်မှာ အလွန်ဝမ်းမြောက်လှပါသည်ဘုရား ၊ရာမညတိုင်းတစ်ခုလုံးနဲ့ ရှင်ရဲထွတ်ဦးခေါင်းလဲလှယ်မည်ဆိုပါက ကျွန်တော်မျိုးဝမ်းမြောက်စွာလဲနိုင်ပါသည်ဘုရား၊ သို့ပေမယ့် ကျွန်တော်မျိုးဦးခေါင်းဟာ လူသားလက်နက်မဆိုထား သိကြားမင်းရဲ့ ဝရဇိန်လက်နက်တောင်ခွဲဖျက်မရနိုင်ဘူးလို့ ယုံကြည်ရင်းပြင်းထန်ပါသည်ဘုရား ဟံသာဝတီကိုအောင်နိုင်ပြီးတဲ့အခါ ဒီဦးခေါင်းလိုချင်တဲ့အမတ်တွေကို ဆုလာဘ်တွေ ပေးသနားကြတာပေါ့ဘုရား

အဲလိုတပင်‌ရွှေထီး ကျော်ထင်နော်ရထာနဲ့ သူလျိုအမတ်တွေ အပြန်အလှန်ပြောဆိုကြပြီးတဲ့နောက် တပင်ရွှေထီးဟာ တပ်တွေကိုစခန်းချရပ်နားစေစေ ပွဲသဘင်ကျင်းပတော်မူပါတယ်။

စစ်ရဲ့သဘောတရားမှာ အင်အားကြီးမားတဲ့ရန်သူကို တိုက်တဲ့အခါ အင်ပြည့်အားပြည့်အကုန် အသုံးချတိုက်ရသလို နည်းပါးတဲ့ရန်သူနဲ့ရင်ဆိုင်တဲ့အခါမှာလည်း သတိမလွတ်ဘဲ ရန်သူကို အင်အားအကုန်ထုတ်တိုက်ရပါတယ်။ ဆိုတော့ တပင်ရွှေထီးနဲ့ ကျော်ထင်နော်ရထာ အမှားတွေလုပ်မိနေပြီလား

နောက်အပိုင်းမှာပြန်တွေ့ကြပါမယ်ခင်ဗျာ

ကြည့်ရှု့ပေးတဲ့အတွက် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်

YHNL


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို ရုပ်သံကြည့်ရှု့လိုပါက You Tube မှာ Video တင်ပေးထားပါတယ်။

This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.
 လည်ကိုစင်း၍ ဦးခေါင်းကမ်းသည် - ငါ့ဟဲ့တပင်ရွှေထီး အပိုင်း၈



Previous Post Next Post