ဘုရားမကြိုက်သောသစ္စာပန်းနှစ်ပွင့်

အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

ဘုန်းလက်ရုံးအစွမ်းတုံးတဲ့ဘုရင်တွေသာ မဟာမိတ်ဖွဲ့တဲ့ထုံးတမ်းကို အားကိုးကြပါသည်ဘုရား ၊ ဘုရင်ဖြစ်ပြီးတိုင်းနိုင်ငံလောဘသေးရင် ပျက်စီးတတ်ကြောင်းပါဘုရား

တောင်ငူ-ဟံသာဝတီစစ်ပွဲကြီးအပြီး  ‌ပ‌ဒေသရာဇ်နိုင်ငံတွေကြားမှာ တောင်ငူဟာ ဘုံရန်သူဖြစ်လာခဲ့ပါတယ်။ မင်းကြီးညိုလက်ထက်က အနှစ်နှစ်အလလစုဆောင်းခဲ့တဲ့တိုင်းပြည်ဘဏ္ဏာတွေ ခမ်းခြောက်လုနီးနီးဖြစ်သွားသလို မိမိထက်စစ်အင်အားသာလွန်တဲ့ဟံသာဝတီကိုတိုက်တာဖြစ်တဲ့အတွက် မည်သို့ပင်စစ်နိုင်စေကာမူ တောင်ငူရဲမက်တွေအကျအဆုံးများပြားခဲ့ပါတယ်၊ဒါကြောင့်တပင်ရွှေထီးဟာ တိုင်းပြည်ပြန်လည်ဦးမော့နိုင်ရေးအတွက် မဖြစ်မနေရုံးကန်ရမယ့်အခြေအနေကို ဆိုက်ရောက်လာပါတယ်။  ကေတုမတီနန်းတွင်းမှာ စစ်အတွင်းဆုံးရှုံးခဲ့ရမှု့ လက်ကျန်ရဲမက်အင်အား ပြည်တွင်းစာနပ်ရိက္ခာဖြည့်တင်းရေးနဲ့ ဆန်ရေစပါးထွက်ရှိမှု့တို့အတွက် အတွင်းဝန်တွေနဲ့ ညီလာခံဟာ အကြားမလပ်ရှိနေပါတယ်။ တပင်ရွှေထီးဟာ ဟံသာဝတီဘုရင်သုရှင်တကာရွတ်ပိထက် ၅နှစ်ပိုငယ်တယ်တဲ့အပြင် အခုလိုတိုင်းပြည်အခက်အခဲက အလျင်အမြန်နိုးထနိုင်ဖို့ဆိုတာဟာ  တိုင်းရေးပြည်ရာအတွေ့အကြုံများတဲ့အထိန်းတော်ကြီးတွေရဲ့လုပ်ဆောင်နိုင်စွမ်းကသာ နိုင်ငံရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးတော့မှာ ဖြစ်ပါတယ်။

ပဒေသရာဇ်နိုင်ငံတွေထဲမှာ ယခင်ကတည်းကအချင်းချင်းရန်ဆောင်တိုက်ခိုက်မှုတွေရှိခဲ့ကြပေမယ့် ယခုလိုကျူးကျေ်စစ်ပွဲမျိုးဟာ အင်းဝကိုရှမ်းတွေသိမ်းပြီးနောက်ပိုင်း အလတ်ဆတ်ဆုံးဖြစ်သလို တောင်ငူအင်အားကြီးထွားလာမှာကို ပတ်ဝန်းကျင်နိုင်ငံတွေ စိုးရိမ်လာကြပါတယ်။ ဒါကြောင့် အင်းဝ၊ ဟံသာဝတီနဲ့ပြည်တို့ဟာ သူတို့အရင်ကသဘောတူညီမှု့ရရှိထားပြီးသားဖြစ်တဲ့ စစ်ရေးမဟာမိတ်ဖွဲ့စည်းမှု့ကိုအမြန်အသက်သွင်းပြီး တောင်ငူကို ဝိုင်းဝန်းပိတ်ဆို့မှု့တွေလုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ဒီမဟာမိတ်ဖွဲ့စည်းမှု့မှာ ရှေ့တန်းကဦးစီးဦးရွက်ပြုနေသူကတော့ ပြည်ဘုရင်ပဲဖြစ်ပါတယ်။  ပြည်ဘုရင်ဟာ ဟံသာဝတီဘုရင်သုရှင်တကာရွတ်ပိနဲ့ယောက်ဖတော်တဲ့အပြင် သူမူလကတွေးထားသလို တောင်ငူနဲ့ဟံသာဝတီ နှစ်ဖက်လုံးအသေအကြေနှစ်ရှည်စစ်ဖြစ်ပြီး ပျက်စီးသွားကြတာမျိုးမဖြစ်ပဲ ဟံသာဝတီသာ ဒီကစားပွဲကထွက်သွားရလုနီးနီးဖြစ်သွားပါတယ်။ အကယ်၍ ဟံသာဝတီသာကျရှုံးသွားခဲ့ရင် သူတစ်ယောက်တည်း တပင်ရွှေထီးကိုမနိုင်နိုင်ဘူးဆိုတာ အသေအချာသိသွားတဲ့အတွက် ဒီမဟာမိတ်ဖွဲမှု့ဟာ သူ့အတွက်အသက်ကယ်ဆေးဖြစ်သလို ခဲတစ်လုံးထဲနဲ့ငှက်နှစ်ကောင်ထိမှာဖြစ်ပါတယ်။ ဆိုတော့ ဟံသာဝတီနန်းတွင်းမှာရော ဘယ်လိုအခြေအနေရှိပါသလဲ

တောင်ငူ-ဟံသာဝတီစစ်ပွဲမှာ ဟံသာဝတီရဲ့ဂုဏ်သတင်းကျဆင်းသွားတဲ့အတွက် သူ့ရှင်တကာရွတ်ပိရဲ့ဒေါသဟာ အထွတ်အထိပ်‌ရောက်နေပါတယ် ။ဟံသာဝတီဘက်ကမြို့စားအများအပြားဟာ တောင်ငူတပ်ကို အသာတကြည်လက်နက်ချခဲ့တဲ့အတွက် နန်းညီလာခံမှာ မူးမတ်‌တွေရဲ့ တခဲနက်ထောက်ခံမှုရရှိဖို့ သူ့ရှင်တကာရွတ်ပိလိုအပ်နေပါတယ်။ ညီလာခံရဲ့အဆုံးအဖြတ်ဟာ နိုင်ငံရဲ့ရှေ့ရေးနဲ့သက်ဆိုင်နေတဲ့ပေမယ့် မှူးကြီးမတ်ရာတွေရဲ့စကားစစ်ထိုးပွဲကတေ့ အနာဂတ်ထက် ဘယ်သူကြောင့်စစ်ရှံးရတယ်ဆိုတာကိုသာ ငြင်းခုံနေကြပါတယ်။ မူလကတည်းကစစ်တိုက်ဖို့ကိုလိုလားတဲ့စစ်ရေးအမတ်တွေရဲ့သဘောကတော့ ဟံသာဝတီဟာ တပင်ရွှေထီးရဲ့မထိမဲမြင်တုပမှု့ကို လက်သင့်ငြိမ်ခံမနေဘဲ စစ်ရေးနဲ့တောင်ငူကို အမြန်ဆုံးလက်တုန့်ပြန်သွားသင့်တယ်လို့ဆိုပါတယ်။ အမတ်ကြီးဗညားလောနဲ့ဗညားကျန်းတို့ကတော့ မူးမတ်တွေဟာ တိုင်းပြည်ရဲ့အခြေအနေမှန်ကိုမြင်အောင်ကြည့်သင့်တယ်လို့ဆိုပါတယ်။ တပင်ရွှေထီး ဒလဆက်သုံးကြိမ်ကျူးကျော်ခဲ့တဲ့အတွက် ဟံသာဝတီရဲ့စီပွားရေးဟာ အနာပြန်ကျက်ဖို့အချိန်ယူရမှာဖြစ်သလို တောင်ငူသားတွေလာတိုက်ခဲ့တုန်းက အလွယ်အညံခံခဲ့ကြတဲ့ မြို့စားနယ်စားတွေကို ဥပါတံမျဥ်နဲ့ဖယ်ရှားပြီးဟံသာဝတီရဲ့အခြေခံအုတ်မြစ်တွေကို  ခိုင်ခံအောင်တည်ဆောက်သင့်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ဟံသဝတီဟာ တောင်ငူနဲ့စစ်ပွဲကိုမရွေးဘဲချစ်ကြည်ရေးယူသင့်တယ်လို့ ဘုရင့်ဆီတင်ပြကြပါတယ်။ ဟံသာဝတီဘုရင်သုရှင်တကာရွတ်ပိက အမတ်ကြီးဗညားတို့ရဲ့ အစီအစဥ်ဟာ အမြဲတမ်းခံစစ်ကိုသာအသားပေးနေသလို စစ်ရေးသေနာပတိတွေရဲ့အဆိုကလည်း မျိုးချစ်စိတ်သာပြင်းထန်နေပြီး ရေရှည်စစ်ပွဲအတွက် ရေရာတဲ့အစီအစဥ်မရှိဘူးလို့ ယူဆပါတယ်။ ဒါကြောင့် သူဟာ အမတ်ကြီးဗညားတို့ရဲ့ချစ်ကြည်ရေးကမ်းလှမ်းမှု့ကိုခွင့်ပြုကာ တောင်ငူကိုအချိန်စွဲထားမှာဖြစ်ကာ အခြားတစ်ဖက်မှာတိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့ဖို့နဲ့ စစ်အင်အားတိုးချဲ့ဖို့ကို တိတ်တဆိတ်ဆောင်ရွက်ပြီး တပင်ရွှေထီးကို နဂါးမှန်းသိအောင်အမောက်ထောင်ပြမယ်လို့ ကြိမ်းပါတယ်။

ဘုရင့်ရဲ့တရားဝင်အမိန့်ကထွက်လာပြီဖြစ်တဲ့အတွက် ဟံသာဝတီသံအမတ်တွေ  ချစ်ကြည်ရေးယူဖို့လက်ဆောင်ပဏ္ဍာတွေနဲ့ တောင်ငူကေတုမတီနန်းတော်ဆီ ထွက်ခွာဖို့ပြင်ဆင်ကြပါတယ်။သံခရီးစဥ်ကို ခွင့်ပြုပေးလိုက်တယ်ဆိုပေမယ့် ဘုရင်ရွေးချယ်လိုက်တဲ့အမတ်တွေဟာ သဘောထားတင်းမာတဲ့စစ်ရေးအမတ်တွေဖြစ်နေပါတယ်။ ဒါကြောင့်အမတ်ကြီးဗညားလောနဲ့ဗညားကျန်းတို့ဟာ သံအမတ်လဲပေးဖို့ ဘုရင့်ဆီဦးတိုက်လျှောက်ကြပေမယ့် သုရှင်တကာရွတ်ပိကတော့ ဒီသံအဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ဟာ တောင်ငူနဲ့ချစ်ကြည်ရေးယူဖို့မဟုတ်ပဲ အချိန်ဆွဲဖို့သက်သက်သာဖြစ်တဲ့အတွက် အမတ်ကြီးဗညားတို့ရဲ့လူစားလဲဖို့အစီအစဥ်ကိုမျက်ကွယ်ပြုနေပါတယ်။ အခြေအနေဟာ အတိမ်းအစောင်းမခံတာကို အမတ်ကြီးတွေသိသွားတဲ့အတွက် တပင်ရွှေထီးရဲ့အထိန်းတော်ကြီးတွေဖြစ်တဲ့မင်းရဲသိင်္ခသူနဲ့သတိုးဓမ္မရာဇာတို့ဆီ. သူတို့သံအမတ်ငယ်တွေကို မိတ်ဘက်သံတမန်အဖြစ် တစ်ခါတည်းလိုက်ပါခွင့်ရဖို့ ဘုရင်ဆီတောင်းဆိုပါတယ်။ သုရှင်တကာရွတ်ပိဟာ တိုတိုနဲ့ပြတ်ပြတ်ခွင့်ပြုလိုက်တဲ့အတွက် ဒီချစ်ကြည်ရေးခရီစဥ်မှာ ကွယ်ဝှက်ထားတဲ့ရည်ရွယ်ချက်တွေရှိနေတယ်ဆိုတာကို အမတ်ကြီးတွေသဘောပေါက်သွားပါတယ်။ နောက်ပြီး ဘုရင်ရဲ့သံအမတ်တွေနဲ့ အမတ်ကြီးဗညားတို့ရဲ့သံအမတ်ငယ်တွေဟာ တိုင်းပြည်ရဲ့အကျိုးကိုအတူထမ်းရွက်နေတာဖြစ်တဲ့အပြင် အကယ်လို့ ဘုရင်သံအမတ်တွေရဲ့ချစ်ကြည်ရေးအစီအစဥ်မအောင်မြင်ခဲ့ရင် သံအမတ်ငယ်တွေနဲ့ တပင်ရွှေထီးရဲ့အထိန်းတော်ကြီးတွေဖက်ကနေ ရအောင်နား‌ဖောက်ဖို့ ရည်ရွယ်ပါတယ်။ ဟံသာဝတီအတွက် လိုအပ်နေတဲ့အချိန်ကိုရအောင်ဆွဲပေးဖို့ အမတ်ကြီးဗညားလောတို့က သံအမတ်ငယ်တွေကိုအထူး မှာကြားပြီး အရေးကိစ္စအားလုံးပြီးစီးသွားတဲ့အခါ ဟံသာဝတီသံအဖွဲ့ တောင်ငူကေတုမတီနန်းတော်ဆီ ဘုရင့်စာချွန်လွှာနဲ့အတူ လက်ဆောင်ပဏ္ဏာတွေသယ်ဆောင်လာခဲ့ကြပါတယ်။

စာချွန်မှာရေးထားတာက 

ရာမညတိုင်း ဟံသာဝတီပြည်ကြီးကိုအစိုးရသော ပဏ္ဍိတသူရ ပ၀ရဓမ္မရာဇာကြားအပ်ပါသည်။

ဇေယျဓတ်ဓနတိုင်း ကေတုမတီမြို့ကြီးကို အစိုးရတော်မူသော ဘုရင်မင်းတရားရွှေထီး - 

ရာမညတိုင်းနှင့်ဇေယျဝတ်ဓနတိုင်းသည် ရှေးဘိုးလောင်းတော်ကစ၍ ရေကိုတားသော်ကွဲခြားခြင်းမရှိသကဲ့သို့ မီးမသေရေမနောက်ဖြစ်ခဲ့သည်။ ယခု ညီတော်နောင်တော်တို့လက်ထက်မှာလည်း ရှေးနည်းအတိုင်းနှစ်ပြည်တစ်ပြည် ရွှေစင်ရွှေသားတစ်ပြားတည်းကဲ့သို့ဖြစ်မှ တိုင်းသူပြည်သားတို့ချမ်းသာ၍ သာသာနာ‌တော်လည်း ထွန်းကားနိုင်မည်

သို့ဖြစ်၍ ညီတော်မင်းတရားရွှေထီးက သမဂ္ဂသမောဒါနတရားကို နှလုံးတော်၌ထားပြီး မပြားမကွဲရွှေတစ်ပြားတည်းကဲ့သို့ဖြစ်အောင် ကျင့်တော်မူစေလိုကြောင်း ကြားရောက်အပ်ပါသည် ညီတော်မင်းတရားရွှေထီး

(ပဏ္ဍိတသူရ ပဝရသုဓမ္မရာဇာ)

သူ့ရှင်တကာရွတ်ပိ လို့ပါရှိပါတယ်

ဟံသာဝတီကရောက်လာတဲ့ သံအမတ်တွေ ကေတုမတီနန်းတော်ကိုရောက်လာတဲ့အခါ နန်းတွင်းကိုချက်ချင်း အခစားမဝင်ရပဲ သံအမတ်တွေတည်းခိုတဲ့နားနေဆောင်မှာ အရင်နေရာချထားပေးပါတယ်။ အရေးကိစ္စတစ်စုံတစ်ရာထူခြားပြီဆိုတာသိရတဲ့အတွက် တပင်ရွှေထီး ကျော်ထင်နော်ရထာနဲ့ ထိပ်တန်းစစ်ဦးစီးတွေဘုရင့်အိမ်တော်မှာ တံခါးပိတ်အစည်းအဝေးပြုလုပ်ပါတယ်။ တပင်‌ရွှေထီးရဲ့သဘောကတော့ တောင်ငူဟာ ကျူးကျေ်စစ်ပွဲကြီးတွေအကြိမ်ကြိမ်ဆင်နွှဲ့ခဲ့တဲ့အတွက်  စာနပ်ရိက္ခာနဲ့ဓနအင်အားပြန်လည်ဖြည့်တင်းဖို့ကို ဦးစားပေးဆောင်ရွက်ဖို့ လျာထားပါတယ်။ ဆိုတော့ ကျော်ထင်နော်ရထာနဲ့စစ်ဦးစီးတွေရဲ့သဘောထားကရောဘယ်လိုရှိပါသလဲ။

တရားတော်အလိုအားဖြင့် မဟာမိတ်ဖွဲ့တာကို မကောင်းဘူးလို့ထင်ရန်မရှိကြောင်းပါဘုရား၊ သို့ရာမှာ ဘုရင်ဆိုသည်မှာ မဟာမိတ်သဘောကိုသာအားကိုးပြီးရန်အမျိုးမျိုးကင်းအောင် ကွင်းရှောင်နေဖို့မဟုတ်ပါဘုရား၊ ဘုရင်အဖြစ်ရောက်လာကတည်းက ဘုန်းလက်ရုံးအစွမ်းကိုစကြာဝဠာခမ်းတိုင်အောင်ချဲ့မယ်ဆိုတဲ့စိတ်များကို အမြဲလက်ကိုင်ထားရပါမယ်၊ ဘုန်းလက်ရုံးအစွမ်းတုံးတဲ့ဘုရင်များသာ မဟာမိတ်ဖွဲ့တဲ့အလေ့မျိုးကိုအားကိုကြပါတယ်ဘုရား ဘုရင်ဆိုတာ မေတ္တာသက်သက် တဘက်သတ်အသုံးမပြုသင့်ကြောင်းပါ၊ မေတ္တာကိုအားကိုးလွန်းအားကြီးရင် ညံရာကျပြီး ရာဇမာန်သက်သက်ကို အသုံးပြုလွန်းရင် နိုင်ငံကမုန်းပြီး ဆုံးရုံးပျက်စီးတတ်ပါသည်ဘုရား။ ရာဇမာန်ကိုလက်က်ျာ၊ မေတ္တာကိုလက်ဝဲ အရိပ်အခါကြည့်ခါ ရာဇမာယာနဲ့သင့်တော်အောင်ဆောင်ရွက်သင့်ကြောင်းပါ။

နီတိကျမ်းများမှာ ဘုရင်ဖြစ်လျက် တိုင်းနိုင်ငံလောဘသေး၍ မေတ္တာသွေးအားကြီးလျှင် ပျက်စီးတတ်တယ်၊ ရဟန်းဖြစ်လျက် ပစ္စည်းလောဘကြီးလျှင် ပျက်စီးတတ်တယ် လို့အသေအချာမှာထားပါတယ်ဘုရား။ အရာဌာနအားလျော်စွာ အသုံးပြုသင့်ပါသည်ဘုရား လို့ ကျော်ထင်နော်ရထာက လျှောက်တင်ပါတယ်။

တောင်ငူရဲ့အားသာချက်ဟာ ရှေ့တန်းစစ်သူရဲတွေဖြစ်ပြီး ဘယ်အခြေအနေမှာမဆို လျင်မြန်စွာစစ်ကစားကာ ရန်သူကိုလက်ဦးမှု့ရယူနိုင်စွမ်းရှိပါတယ်။ ဟံသာဝတီရဲ့အားသာချက်ကတော့ မြို့ရိုးသဖွယ်ဖြစ်တဲ့ အမတ်ကြီးဗညားလောနဲ့ဗညားကျန်းဟာ ဘယ်လိုထိုးစစ်မျိုးကိုမဆို တန်ပြန်စစ်ကစားနိုင်စွမ်းရှိသလို ဟံသာဝတီရဲ့စီးပွားရေးဟာလည်း အုတ်မြစ်ခိုင်မာတဲ့အတွက် စစ်ပွဲကြာလာတာနဲ့အမျှ ရန်သူကိုတစ်ပတ်ခြင်းရစ်ခါ အဆုံးမှာအကုန်မြိုမယ့် မြွေနဂါးမျိုးဖြစ်နေပါတယ်။

ကျော်ထင်နော်ရထာရဲ့လျှောက်တင်ချက်အပြီး ဘုရင့်အထိန်းတော်ကြီးတွေက တပင်ရွှေထီးကို အခုလိုလျှောက်တင်ပါတယ်။

ဟံသာဝတီမှာ အထိန်းတော်ကြီးဗညားလောနဲ့ဗညားကျန်းနှစ်ယောက်သာ သြဇာအာဏာနဲ့ ပညာဂုဏ်ကြီးသူများဖြစ်ပါသည်ဘုရား။စစ်မှု့ရေးရာမှာလည်း သူတို့စီမံကွပ်ကဲသမျှ ဘုရင်ကဆောင်ရွက်ရခြင်းသာဖြစ်ပါတယ်။ ဒီအထိန်းတော်နှစ်ဦးကို ဟံသာဝတီက ဥပါယ်တမျဥ်နဲ့ ဖယ်ရှားနိုင်ခဲ့သော် သို့နည်းမဟုတ် စိတ်ဝမ်းမညီကွဲပြားစေခဲ့သော် ဟံသာဝတီဟာ အခွံမရှိတဲ့လိပ်လိုဖြစ်သွားပါလိမ့်မယ်။ အဲအချိန်မှသာ ဓားမကျိုးလှံမကျိုး အလွယ်သိမ်းယူနိုင်မည်ဖြစ်ကြောင်းပါဘုရား 

တပင်ရွှေထီးရဲ့ဘုရင့်အိမ်တော်ကစုဝေးပွဲအပြီး ဘုရင့်အမိန့်တော်နဲ့ ဟံသာဝတီသံအမတ်တွေကို ကေတုမတီနန်းတော်မှာလက်ခံတွေ့ဆုံကြပါတယ်။ ဟံသာဝတီသံတွေဟာ သုရှင်တကာရွတ်ပိရဲ့စာချွန်လွှာနဲ့အတူ လက်ဆောင်ပဏ္ဏာတွေကို တပင်‌ရွှေထီးဆီဆက်သကြပါတယ်။ သံတမန်အရေးကိစ္စများကောင်းစွာလျှောက်တင်ပြီးတဲ့နောက် ဟံသာဝတီသံအမတ်တွေက တပင်‌‌ရွှေထီးဟာ သူတို့ထင်ထားသလိုရိုင်းစိုင်းပြီးစိတ်ထင်ရာလုပ်မယ့်ပုံမဟုတ်ပဲ လိုသလိုကျုံးသွင်းလို့ရနိုင်တယ်လို့ထင်စပြုလာကြပါတယ်။ ဟံသာဝတီရဲ့ရွှေရည်စိမ်ရည်ရွယ်ချက်ဖြစ်တဲ့ စစ်ပြေငြိမ်းဖို့ကိစ္စကလည်း အလွယ်တကူချောမွေ့မယ့်သဘောရှိတာကို သတိထားမိလာကြပါတယ်။

ကနဦးစစ်ရေးကိစ္စများဆွေးနွေးပြီးတာနဲ့ တပင်ရွှေထီးက ဦးရီးတော်ကြီးဗညားလောနဲ့ဗညားကျန်တို့ရော ကျန်းမာချမ်းသာကြရဲ့လားလို့ သံအဖွဲ့ကို အမေးတော် ရှိပါတယ်။

အမတ်ကြီးတွေရဲ့သံတမန်ငယ်တွေလည်း အရှင့်ဘုန်းတော်ကြောင့် ကျန်းကျန်းမာမာရှိကြောင်းပါဘုရား။ ဦးရီးတော်နှစ်ပါးဟာ ရာဇာဓိရာဇ်မင်းလက်ထက်တော်က လဂွန်းအိမ်နဲ့ အမတ်ဒိန်ကဲ့သို့ အရာရာမှာ ကျွမ်းကျင်လိမ္မာကြောင်းပါ၊ ကျွန်ုပ်တို့သခင် ဟံသာဝတီရွှေနန်းရှင်လည်း ငယ်စဥ်ကတည်း အားကိုးရင်းရှိတဲ့အတိုင်း တိုင်းရေးပြည်ရာအလုံးစုံကို ယုံကြည်စွာအပ်နှင်းထားပါသည် ဘုရား လို့လျှောက်တင်ကြပါတယ်

အဲဒိနောက် တပင်ရွှေထီးက ဟံသာဝတီနောင်တော် ရွှေနန်းရှင်သာ အားကိုးတာမဟုတ်ပါဘူး သည်တောင်ငူဘုရင်လည်း ဦးရီးတော်နှစ်ပါးကို အားကိုးလျက်ပါဘဲ နှစ်ပြည်တစ်ပြည်မဟာမိတ်ဖြစ်ကြပြီဆိုရင် ဦးရီးတော်များကို မြှောက်စားဖို့အသင့်ရှိတော်မူတယ်။တူတော်တောင်ငူဘုရင်က အထူးသဖြင့် မေးမြန်းတော်မူကြောင်းကို ဟံသာဝတီရောက်တဲ့အခါ အကြောင်းကြားပါလို့ မိန့်ပါတယ်

ဟံသာဝတီသံအမတ်တွေလည်း ဝမ်းသာအားရပဲပြန်လည်လျှောက်တင်ကြပြီးတဲ့နောက် တပင်ရွှေထီးဟာ အတွင်းဆောင်ကိုပြန်ကြွသွားပါတယ်။ တပင်ရွှေထီးဟာ ဒီတစ်ကြိမ်သာ ဟံသာဝတီဘုရင့်သံအမတ်တွေနဲ့ အမတ်ကြီးဗညားတို့ရဲ့သံတမန်အငယ်တွေကိုအတူ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် နောက်နေ့များမှာတော့ ကေတုမတီနန်းတွင်းမှာ ကွဲပြားတဲ့အခင်းအကျင်းတွေ ဖြစ်ပေ်လာခဲ့ပါတယ်။

 အကြောင်းကတော့ တပင်ရွှေထီးဟာ  ဒီသံတမန်အခင်းအကျင်းမှာကျောရိုးသဖွယ်ဖြစ်တဲ့ ဘုရင့်သံအမတ်ကြီးတွေကို အရေးတယူမဆက်ဆံတော့ပဲ အမတ်ကြီးဗညားလောနဲ့ ဗညားကျန်းသံအမတ်ငယ်တွေကိုသာ မကြာခဏရှေ့တော်ကိုအခစားဝင်စေသလို တောင်ငူရဲ့စစ်ရေးသေနာပတိတွေကလည်း သံအမတ်ငယ်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံကြပါတယ်။သံအမတ်ငယ်တွေ နန်းတော်ကိုအခစားဝင်တိုင်း တပင်ရွှေထီးက  ဆုတော်လာဘ်တွေအများအပြား မကြာခဏချီးမြှင့်ပါတယ်။

အဲလိုကြိမ်ဖန်များစွာ သံအမတ်ငယ်တွေကိုသာ သီးသန့်အပါးတော်ခေါ် တွေ့ဆုံကာ ဆုလာဘ်များစွာချီးမြှင့်နေတာကို ဟံသာဝတီဘုရင့်သံအမတ်တွေသိသွားကြပါတယ်။ တကယ်ဆိုရင် နှစ်နိုင်ငံချစ်ကြည်ရေးမဟာမိတ်ဖွဲ့ရာမှာ အဓိကကျောရိုးဖြစ်တဲ့ ငါတို့ကိုသာ အရေးယူတော်မူထိုက်တယ် အထိန်းတော်တွေရဲ့သံငယ် သံတမန်အငယ်တွေကို အရေးယူဖို့ရာမထိုက် အကြောင်းကိစ္စထူးဖို့ရာရှိမယ်လို့ တေးထားကြပါတယ်။ အမတ်ကြီးဗညားရဲ့သံအမတ်ငယ်တွေလည်း တောင်ငူနဲ့ ဟံသာဝတီ ဒီလိုအတိမ်းအစောင်းမခံတဲ့နှစ်ပြည်ထောင်အရေးမှာ ကျောရိုးဟာမလှုပ်စွမ်း နံရိုးသာလှုပ်နိုင်စွမ်းတယ်လို့ အထင်ရှိကာ သံတမန်ကြီးတွေအ‌ပေါ်ပမာမခန့်ရှိကြပါတယ်။ နောက်ပြီး ဒီချစ်ကြည်ရေးအပြီး ပြည်တော်ပြန်ဝင်တာနဲ့ တပင်ရွှေထီးပေးတဲ့ဆုလာဘ်တွေအပြင် ငါတို့ဘုရင်က ဘွဲ့ ထူးရာထူးတွေနဲ့ ချီးမြှင့်မြှောက်စားတော့မယ်ဆိုတဲ့အတွေးနဲ့  ကေတုမတီနန်းတော်မှာ ပျော်ပျော်ကြီး ကျေနပ်နေကြပါတယ်။

တပင်ရွှေထီးဟာ ဟံသာဝတီသံအဖွဲ့ကို အချိန်အတန်ကြာအောင် ကေတုမတီနန်းတော်မှာ နေထိုင်စေပြီးတဲ့နောက် သုရှင်တကာရွတ်ပိဘုရင်ဆီကို များစွာသော လက်ဆောင်ပဏ္ဏာတွေနဲ့အတူ သဝဏ်လွှာတစ်ဆောင်ထည့်ပေးလိုက်ပါတယ်။ တပင်ရွှေထီးရဲ့စာလွှာမှာပါတာက 

ဇေယျဝတ်ဓနတိုင်း ကေတုမတီတောင်ငူမြို့ကြီးကို အစိုးရသောညီတော်တပင်ရွှေထီးကြားအပ်ပါသည်။

နောင်တော်၏ သဝဏ်လွှာတွင်ပါရှိသည့်အတိုင်း နှစ်ပြည်တစ်ပြည် ရွှေပြားကဲ့သို့ဖြစ်စေချင်စိတ်များလည်း ညီတော်၏သန္တာန်၌ အမြဲပင်ရှိပါသည်။ တိုင်းသူပြည်သား အများချမ်းသာ၌သာသနာတော်ပွင့်လင်းကြောင်း ညီတော်လည်းအလိုရှိပါသည်။ သို့ဖြစ်ပါ၍ နောင်တော်ဘုရင်၏အလိုဆန္ဒအတိုင်း ပြည့်ဝလိမ့်မည်ဟူ၍ ညီတော်က မျှော်လင့်လျက်ရှိပါသည်

ကေတုမတီတောင်ငူဘုရင်

တပင်ရွှေထီး လို့ပါရှိပါတယ်

ပြည်တော်ပြန်မဲ့ ဟံသာဝတီသံအဖွဲ့ကို ထိုက်သင့်တဲ့လက်ဆောင်ဆုလာဘ်တွေချီးမြှင့်ပြီးတဲ့နောက် စစ်တုရင်အရုပ်တစ်ခုကို တပင်ရွှေထီးရှေ့တိုးလိုက်ပါတယ်။ ဟံသာဝတီသံအဖွဲ့ တောင်ငူကထွက်ခွာခါနီးအချိန် ရုတ်တရက် အမတ်ကြီးဗညားတို့ရဲ့သံအမတ်ငယ်တွေကို နန်းတော်ကို ဆင့်ခေါ်လိုက်ပါတယ်။ သံအမတ်ငယ်တွေ နန်းတော်ကိုရောက်တာနဲ့ အထူးပြင်ဆင်ထားတဲ့ရွှေသစ္စာပန်းနှစ်ပွင့်ကို လက်တော်နဲ့ကိုင်ကာ ဦးရီးတော်ကြီးနှစ်ဦးလက်ကို ဒီသစ္စာပန်းနှစ်ပွင့် တူတော်တောင်ငူဘုရင်က ပေးသနားတော်မူလိုက်ကြောင်းပြောကြားကြပါ၊ ဦးရီးတော်များကိုလည်း အားကိုးတော်မူကြောင်းလည်း ပြောကြားကြပါလို့အမိန့်ရှိကာ သီးခြားပြင်ဆင်ထားတဲ့ဆုလာဘ်တွေကို ချီးမြှင့်လိုက်ပါတယ်။

 ဟံသာဝတီဘုရ့င်သံအမတ်ကြီးတွေ တပင်ရွှေထီးနဲ့ တွေ့ဆုံတဲ့အခါ ဟံသာဝတီနယ်စစ်မှာ ချထားတဲ့ရဲမက်လျော့ချထားရေးသဘောတူညီချက် တခြားစစ်ရေးကန့်သတ်ချက်တွေအတွက်  တိကျတဲ့အဖြေမရရှိခဲ့ကြပါဘူး။ သို့ပေမယ့် တပင်ရွှေထီး အမတ်ကြီးဗညားတို့ရဲ့သံတွေနဲ့ မကြာခဏတွေ့ဆုံနေတာဟာ ယခင်ကတည်းကရင်းနှီးတဲ့ဆက်ဆံရေးမျိုး ရှိနှင့်ထားပြီးသားဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါ့အပြင် ခုလိုပြန်ခါနီးအချိန်မှာတောင် သီးခြားအခေါ်တော်ရှိတယ်ဆိုတေ့ တောင်ငူဘုရင်နဲ့အမတ်ကြီးဗညားတို့ဟာ လျိုဝှက်သဘောတူညီမှု့တွေလုပ်နေတယ်လို့ ယူဆကြပါတယ်။

တောင်ငူကေတုမတီနန်းတော်က ဟံသာဝတီသံအဖွဲ့ထွက်ခွါသွားကြတဲ့အခါ အပြန်လမ်းဟာ အသွားခရီးလို မြိုင်ဆိုင်တဲ့ ဟန်ချက်တွေချို့ယွင်းပြီး တိတ်ဆိတ်နေခဲ့ပါတယ်။ ဘုရင့်သံအမတ်ကြီးတွေ ဟံသာဝတီကိုပြန်ရောက်တာနဲ့ခက်ထန်တဲ့မျက်နှာတွေနဲ့ သုရှင်တကာရွတ်ပိစံနန်းဆီ ချက်ချင်းအခစားဝင်ပါတယ်။ သံအမတ်ကြီးတွေရောက်ပြီး မဆိုင်းမတွဘဲ ဘုရင့်အမိန့်နဲ့ နန်စောင့်တပ်ချက်ချင်းစုဖွဲ့နေရာယူကြပြီး ကိုယ်ရံတော်တပ်ဖွဲ့တွေ ဘုရင့်နန်းဆောင်အဝင်အထွက်ကို ပိတ်ဆို့လိုက်ပါတယ်။ အမတ်ကြီးဗညားလောနဲ့ဗညားကျန်းဟာ သံအဖွဲ့ပြန်ရောက်တဲ့သတင်းကြားကြားချင်း နန်းတော်ကို အခစားဝင်ကြပေမယ့် နန်းစောင့်တပ်ကတော့ အဝင်မခံပဲရှိပါတယ်။ အခြေအနေထူးခြားပြီလို့သိတဲ့အတွက် သူတို့လွှတ်လိုက်တဲ့သံအမတ်တွေကို ချစ်ကြည်ရေးခရီးစဥ်အကြောင်း စုံစမ်းကြပါတယ်။ တောင်ငူဘုရင်ဟာ မိမိတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အကြောင်း အထိန်းတော်ကြီတွေကို ရင်းရင်းနှီးနှီးဦးရီးတော်လို့ခေါ််ဝေါ််ကာ ရွှေသစ္စာပန်းနှစ်ပွင့်နဲ့အတူ ဆုတော်လာဘ်တော်တွေအများကြီး ချီးမြှင့်တဲ့အကြောင်းဝမ်းသာအားရလျှောက်နေကြပေမယ့် သူတို့အကြီးအကျယ် မှားသွားပြီဆိုတာကို အမတ်ကြီးတွေ ချက်ချင်းသဘောပေါက်သွားကြပါတယ်၊

ခရီးကရောက်ရောက်ခြင်း သူလွှတ်လိုက်တဲ့သံအဖွဲ့ နန်းဆောင်ကိုချက်ချင်းအခစားဝင်တာဟာ ချစ်ကြည်ရေးကိုတောင်ငူဘက်ကလက်မခံဘူးလို့ အထင်ရှိပေမယ့် သံအမတ်ကြီးတွေလျှောက်တဲ့စကားကြောင့် သူ့ရှင်တကာရွတ်ပိ စွံ့အသွားပါတယ်။ သံအမတ်ကြီးတွေလျှောက်တင်တာက တောင်ငူဘုရင်တပင်ရွှေထီးဟာ သံတမန်အရေးအရာကို ကောင်စွာနားလည်ဟန်မရှိ ကျွန်တော်မျိုးတို့သံကြီးတမန်ကြီးများကို လေးလေးစားစားအထူးပြုရမှာကို အလေးမပြုဘဲ အထိန်းတော်ဗညားလော ဗညားကျန်းတို့ သံဖက်လွှတ်တဲ့ သံငယ်သံတမန်ငယ်တွေကိုသာ လေးလေးစားစားပြုတယ် ကျွန်တော်မျိုးတို့ကို သတိမေ့လျော့သလိုပြုပြီး သံတမန်ငယ်တွေကိုသာ မကြာခဏ အပါးတော်ခေါ်ပြီး ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံကာ ဆုတော်လာဘ်တွေကိုချီးမြှင့်တယ် နောက်ပြီး အထိန်းတော်ကြီးနှစ်ဦးကို ဦးရီးတော်ဆိုတဲ့ဝေါဟာရနဲ့ တရင်းတနှီးခေါ်ဝေါ်သုံးစွဲသလို ပြန်ခါနီးမှာလည်း သံငယ်တွေကို အပါးတော်ခေါ် ကာ ရွှေသစ္စာပန်းနှစ်ပွင့်နဲ့ပေးပြီး အချိန်းအချက်လုပ်ဟန်တူတယ် လို့လျှောက်တင်ကြပါတယ်။

သူ့ရှင်တကာရွတ်ပိဟာ ဒီကိစ္စဟာရိုးစင်းတဲ့အချင်းအရာမဟုတ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်ပါတယ်။ ဒါကြောင့်သူယုံကြည်ရတဲ့လူယုံတပ်မှူးတွေကို အမတ်ကြီးဗညားတို့ကိုစောင့်ကြည့်ဖို့အမိန့်ပေးပြီး ဟံသာဝတီနန်းတော်ရဲ့လုံခြုံရေးကိုလည်း တိုးမြှင့်ချထားပါတယ်။ နောက်ပြီးဒီချစ်ကြည်ရေးရဲ့အဓိကရည်ရွယ်ချက်ကို ချက်ချင်း အသက်သွင်းဖို့ တစ်ချက်လွှတ်အမိန့်ချပါတယ်။ စစ်အတွင်းပျက်ယွင်းသွားတဲ့ မြို့စားတွေရဲ့သစ္စာခံမှု့ကိုပြတ်ပြတ်သားသား စီရင်ကာ တောင်ငူကိုစစ်ချီဖို့ရဲမက်စုဆောင်းတာတွေ အပြင်းအထန်လုပ်ဆောင်စေပါတယ်။ သို့ပေမယ့် ဒီလိုစစ်အင်အားတိုးချဲတာဟာ ဟံသာဝတီနဲ့တောင်ငူချစ်ကြည်ရေးခေါင်းစဥ်အောက်က တိုင်းပြည်ပြည်လည်တည်ဆောက်ရေးဆိုတဲ့အခန်းကဏ္ဍအဖြစ်သာ တပင်ရွှေထီးတို့ကိုသိမြင်စေမှာဖြစ်ပါတယ်။

ဗညားလောနဲ့ ဗညားကျန်းဟာ သူကို ငယ်စဥ်ကတည်းက စောင်မကြည့်ရှု့လာတဲ့အထိန်းတော်ကြီးတွေဖြစ်တဲ့အပြင် ဘုရင်ဖြစ်လာတဲ့အခါမှာလည်း နိုင်ငံ့အရေးကိစ္စတွေမှာ ယုံကြည်အားထားရတဲ့အမတ်ကြီးတွေဖြစ်တယ် ငါ့ကိုသစ္စာဖောက်မှာမဟုတ် ။ ဒီအကြံဟာ တပင်ရွှေထီး ငါတို့ကိုသွေးကွဲအောင် တမင်လုပ်လိုက်တာပဲဖြစ်မယ်လို့ သူ့ရှင်တကာရွတ်ပိ တဖြည်းဖြည်းချင်း သဘောပေါက်သွားပါတယ်။

တောင်ငူဘုရင်တပင်ရွှေထီးပစ်လိုက်တဲ့လှံချက်ဟာ ဟံသာဝတီကိုဖောက်မဝင်နိုင်ပေမယ့် သေးငယ်တဲ့ြစ်ရာတစ်ခုကိုတော့ တိုင်းပြည်ရဲ့ မြို့ရိုးသဖွယ်အမတ်ကြီးတွေအပေါ် အရာထင်သွားပါတယ်။ အကြောင်းကတော့ ဗညားလောနဲ့ဗညားကျန်းဟာ  တပင်ရွှေထီးလာတိုက်တဲ့အခါတိုင်း ဘာကြောင့်ခံစစ်နဲ့ချည်းတိုက်နေခဲ့တာလဲ အသာစီးရထားတဲ့အခြေအနေမျိုးတွေမှာတောင် ရန်သူကိုအမြစ်ကမဖြတ်ပဲ ဘာလို့ကိုင်းတက်သင်နေတာလဲ ဒါမှမဟုတ် ရွှေမော်ဓောဘုရားမှာကတည်းက တပင်ရွှေထီးကို အသေမသတ်ပဲ တမင်လွှတ်ပေးခဲ့တာလား စတဲ့မေးခွန်းတွေဟာ သူ့ရှင်တကာရွတ်ပိခေါင်းထဲမှာအမြဲရှိနေသလို အဖြေကလည်း တစ်ခုတည်းပဲညွှန်ပြနေပါတယ်။

ဒီလိုခြစ်ရာဖြစ်နေတဲ့မြို့နံရံကို ဟံသာဝတီနန်းတွင်းမှာ ပြန်လည်ဖာထေးသူတွေရှိသလို အခုလိုနှစ်နိုင်ငံစစ်ရေးကာလမှာတောင် စင်ပြိုင်မှူးမတ်တွေကတေ့ ဒီလိုအက်ကြောင်းကြီးကို သူတို့ပထမဆုံးရှာတွေ့ခဲ့တာဖြစ်ပြီး မြို့ရိုးကိုအခြေကတူးဖြိုကာ အသစ်ပြန်တည်ဆောက်သင့်တယ်လို့ ဘုရင့်ဆီလျှောက်တင်ကြပါတယ်။ 

ဆိုတော့ အမတ်ကြီးဗညားလောနဲ့ဗညားကျန်းက ဘာလုပ်နေပါသလဲ

သူ့ရှင်တကာရွတ်ပိဆိုတာ အမတ်ကြီးတွေငယ်စဥ်ကတည်းကစောင့်ရှောက်လာတဲ့ ဘုရင်ဖြစ်တဲ့အတွက် သူတို့ရဲ့သစ္စာရှိမှု့ကို သံသယဝင်စရာအကြောင်းမရှိလို့ ယုံကြည်ကြပါတယ်။ သို့ပေမယ့် နန်းတော်မှာနဂိုကတည်းက အမတ်ကြီးဗညားတို့သြဇာလွှမ်းမိုးမှု့ကို မကျေနပ်နပ်တဲ့အမတ်တွေဟာ ဘုရင့်ဆီကိုဆက်တိုက်အခစားဝင်နေတဲ့အတွက် သူ့ရှင်တကာရွတ်ပိဆီ နားချဖို့ကြိုးစားကြပေမယ့် နန်းစောင့်တပ်ရဲ့တားဆီးခြင်းသာခံရပြီး အခွင့်မသာခဲ့ကြပါဘူး။ နောက်ပိုင်း နန်းညီလာခံမှာဘုရင်နဲ့တွေ့ခွင့်ရကြပေမယ့် သူ့ရှင်တကာရွတ်ပိဟာ မျက်နှာမသာယာသလို နှုတ်ထွက်ပြန်တမ်းများကလည်း ရက်စက်ပြတ်သားနေပါတယ်

ဟံသာဝတီနန်းတွင်းမှာ အစည်းပြေနေပြီ ဆိုတာကို တောင်ငူသူလျိုတွေထောက်လှမ်းရရှိသွားတဲ့အတွက် ကေတုမတီနန်းတော်ဆီချက်ချင်းသတင်းပို့ကြပါတယ်။ သတင်းဟာတိကျခိုင်မာတဲ့အတွက် တပင်ရွှေထီး ကျော်ထင်နော်ရထာနဲ့အတူလူယုံတော်စစ်ကဲကြီးတွေနဲ့ လျိုဝှက်အစီအစဥ်တစ်ခု ဘုရင့်အိမ်တော်မှာရေးဆွဲကြပါတယ်။ နေ့တွင်းချင်း လက်မရွံစစ်သူရဲတွေကိုရွေးချယ်သလို ယခင်စစ်ပွဲတွေမှာလက်စွမ်းပြခဲ့ကြတဲ့ တပ်မှူးနှစ်ဦးကိုသီးခြားဆင့်ခေါ်စေပါတယ်။ အရေးကိစ္စအားလုံးပြည့်စုံပြီးတဲ့နောက် တောင်ငူကေတုမတီနန်းတော်က သံတမန်အဖွဲ့ ဟံသာဝတီနန်းတော်ဆီ တစ်ရွေ့ရွေ့နဲ့ထွက်ခွာသွားကြပါတယ်။ တောင်ငူသံအဖွဲ့ကို အမတ်နှစ်ဦးကဦးစီးပြီး နောက်ပါစစ်သူရဲ၃၂ ဦးပါဝင်ပါတယ်။ တောင်ငူသံအဖွဲ့ကို သေချာစောင့်ကြည့်မယ်ဆိုရင် လက်ဆောင်ပဏ္ဏာတွေအများအပြားပါတဲ့အတွက် မနိုင်မနင်းရှိဟန်ပေ်သော်လည်း အမတ်နှစ်ဦးသယ်ဆောင်လာတဲ့ စာချွန်လွှာယွန်းကျည်ထောက်ကိုတေ့ လူအင်အားများများနဲ့ အဖိုးတန်လက်ဆောင်ပဏ္ဏာတွေထက် ပိုပြီး အစောင့်အရှောက်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်

နောက်အပိုင်းမှာ ပြန်တွေ့ကြပါမယ်ခင်ဗျာ

ကြည့်ရှု့ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်


YHNL


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို ရုပ်သံကြည့်ရှု့လိုပါက You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.


ဘုရားမကြိုက်သောသစ္စာပန်းနှစ်ပွင့် - ငါဟဲတပင်ရွှေထီး အပိုင်း၇


Previous Post Next Post