အပိုင်း ၆ - ငါဟဲတပင်ရွှေထီး -နိုင်သောအရှုံး နှစ်ပြည်စားမင်းနဲ့ ဟံသာဝတီမဟာမိတ်များ

အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

မြန်မာသက္ကရာဇ် ၈၉၆ ခု တပင်ရွှေထီးသက်တော် ၁၉နှစ်မှာ တောင်ငူတပ်တွေ ဟံသာဝတီကို ကျူးကျေ်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ တပင်ရွှေထီးဟာ စစ်‌ရေးညီလာခံကျင်းပပြီး စစ်ပွဲအတွက် ထောက်ပံ့ရေးလမ်းကြောင်း၊ အင်းဝနဲ့ပြည်ရဲ့စစ်အင်အားနေရာချထားပုံနဲ့ ရည်ရှည်စစ်ပွဲဖြစ်လာခဲ့ရင် ကြုံတွေ့ရနိုင်တဲ့တိုင်းပြည်အခြေအနေတွေကို မှူးကြီးမတ်ရာတွေနဲ့ဆွေးနွေးတိုင်ပင်နေပါတယ်။ တပင်ရွှေထီးရဲ့သဘောကတေ့ာ စစ်အင်အားအကုန်သုံးပြီး တစ်ခါထဲဟံသာဝတီကို အကြီးစားထိုးစစ်ဆင်နွှဲဖို့ပဲဖြစ်ပါတယ်။ သို့ပေမယ့်စစ်ရေးတာဝန်ခံဖြစ်တဲ့ ကျော်ထင်နော်ရထာက တပင်ရွှေထီးကို ယခုအခါ ဟံသာဝတီဟာ ကျွန်ုပ်တို့စစ်ပြင်နေတာကို ကြိုပြင်ဆင်တဲ့အနေနဲ့  အမတ်ကြီးဗညားလောနဲ့ဗညားကျန်းဦးဆောင်ပြီး ‌ရှေးကထက် စစ်သည်ဗိုလ်ပါတွေကို စုရုံးထားရှိပါတယ်။ ဒါအပြင် နိုင်ငံရပ်ခြားက ကုလားဖြူ၊ ကုလားနက်တို့နဲ့ မိတ်ဆွေဖွဲ့ပြီး ပူးပေါင်းတိုက်ခိုက်ရန် အသင့်စီမံထားတာကို အထောက်တော်တွေပေးတဲ့ သတင်းအရ သိရှိရပါသည်ဘုရား။  သို့ကြောင့် ဟံသာဝတီတပ်တွေရဲ့ ရဲမက်အင်အား၊ စုဖွဲ့နေရာချထားပုံနဲ့ လက်နက်ပစ်အားတို့ကိုသိရှိရအောင် ရှေ့ပြေးစစ်ချီသင့်ပါသည်ဘုရား။ အခြေအနေကို အတိအကျသိရမှသာ ပင်မတပ်ကိုလှုပ်စေလိုပါသည်ဘုရားလို့ လျှောက်တင်ပါတယ်။

တပင်ရွှေထီးဟာ ကျော်ထင်နော်ရထာရဲ့လျှောက်ထားချက်ကိုသဘောတူတဲ့အတွက် တိုက်ဆင်၄၀၊ စစ်မြင်း၄၀၀ ၊စစ်သူရဲ လေးသောင်းတို့နဲ့ ပထမဆုံးထိုးစစ်ကို စစ်ချီပါတယ်။ ရှေ့‌ပြေးတပ်ကို တပင်ရွှေထီးကိုယ်တိုင်ဦးဆောင်ပြီး ရန်သူ့မြို့တော်ဖြစ်တဲ့ ဟံသာဝတီကို စစ်ဦးတန်းထိုးပါတယ်။ ဘုရင်ကိုယ်တိုင်ဦးစီးတဲ့တိုက်ပွဲမှာ ရဲစွမ်းသတ္တိပြချင်ကြတဲ့တပ်မှူးတွေများသလို တပင်ရွှေထီးကိုယ်တိုင်ကလည်း ဒီအရေးကို မြန်မြန်အောာင်နိုင်ချင်နေပါတယ်၊ ဒါကြောင့်  ဟံသာဝတီရောက်တာနဲ့ တပ်နေရာအတိအကျမတည်ပဲ မြို့ကိုတန်းလုပ်ကြံကြပါတယ်။

ဟံသာဝတီမြို့စောင့်တပ်ကို အမတ်ကြီးဗညားလောနဲ့ ဗညားကျန်းတို့ကဦးစီးပါတယ်။ တောင်ငူရဲ့ထိုးစစ်ကို သူတို့တွေးမိထားပြီးသားဖြစ်တဲ့အတွက် ခံတပ်ကို အခိုင်အမာတည်ခြင်း ကျုံးတူးခြင်အပြင် စာနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ အလုံအလောက်စုဆောင်းထားခဲ့တာဖြစ်ပါတယ်။ မြို့ရိုးက သူရဲပြေးတွေမှာ အမြောက်စိန်‌ပြောင်းတွေနဲ့ နေရာလွတ်မကျန် ချိန်ရွယ်ထားပြီး အမြင့်ကနေ ရန်သူကိုပစ်အားနဲ့အသာဆီးယူထားဖို့ရည်ရွယ်ပတယ်

တပင်ရွှေထီး ဟံသာဝတီကိုစရောက်ကတည်းက အင်အားအလုံးအရင်းနဲ့ ၇ရက်လုံး မြို့ရိုးကို ဝိုင်းပြီးလုပ်ကြံကြပါတယ်။ သို့ပေမယ့် ဟံသာဝတီအမြှောက်တွေအောက်မှာ တောင်ငူတပ်တွေ အတုံးအရုံးကျဆုံးနေပါတယ်။ ဒါ့အပြင် ဗညားလောနဲ့ ဗညားကျန်းက မြို့ရိုးမှာ ဖိဖိစီးစီးခုခံနေတဲ့အတွက် တပင်ရွှေထီးအခြေအနေမလှဖြစ်နေပါတယ်။ သို့ပေမယ့် တပ်မတစ်ခုကိုတော့ နောက်ချန်ထိုင်ထားပြီး ဟံသာဝတီသားတွေ မြို့ရိုးကအပြင်ထွက်လာပြီး တောင်ငူတပ်တွေကိုတိုက်တာနဲ့ ထွက်တိုက်ဖို့ အတွက် ခြုံခိုထားစေစေတယ်။ ကာလသာကြာပေမယ့် အခြေအနေမထူးခြားတဲ့အတွက် တပင်ရွှေထီးဟာ ကေတုမတီနန်းတော်ဆီ ပြန်လည်ဆုတ်ခွာကြပါတယ်။ ခွာစစ်ကိုသိသိသာသာကြီးဆုတ်ခွာခဲ့ကြပေမယ့် မျှော်လင့်ထားသလို ဟံသာဝတီတပ်က နောက်ကလိုက်မတိုက်တဲ့ အတွက် ဒီတစ်ခေါက်စစ်ချီတဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ရန်သူ့အင်အား၊ စစ်ဗျူဟာတွေကိုမသိရဘဲ တောင်ငူတပ်တွေအထိနာသွားပါတယ်။

ရန်သူ့တပ်တွေဆုတ်ခွာသွားတဲ့အခါ ဟံသာဝတီမှာပျော်ပွဲရွှင်ပွဲတွေကျင်းပကြပါတယ်။ တောင်ငူတပ်တွေ ငါတို့ကိုရှုံးသွားကြပြီ ခွေးပြေးဝက်ပြေးပြေးကြပြီဆိုပြီး အောင်ပွဲခံကြပါတယ်။တစ်တိုင်းပြည်လုံးပျော်နေကြတဲ့ ဒီအပျော်ဟာ အမြဲဖြစ်ရင်ကောင်းမယ်လို့တွေးကြပေမယ့် ဒီကောင်တွေနောက်အနှေးနဲ့အမြန်ပြန်လာဦးမယ် ဆိုတာကို‌တော့ ဗညားလောရော ဗညားကျန်းပါ တထစ်ချသိနေကြပါတယ်။

မြန်မာသက္ကရာဇ် ၈၉၇ ခုနှစ် တောင်ငူသားတပင်‌ရွှေထီး ဟံသာဝတီကိုဒုတိယအကြိမ်စစ်ချီလာပါပြီ။ ဒီတစ်ခါမှာတော့ အထိုင်ချတိုက်ဖို့အတွက် တိုက်ဆင် ၆၀၊ စစ်မြင်း ၈၀၀ နဲ့ အတူ ရဲမက်အင်အားခြောက်သောင်းပါဝင်ပါတယ်။ မှန်းထားတာထက် အများကြီးစောရောက်လာသလို စစ်အင်အားကလည်းများပြားလာတဲ့အတွက် ဟံသာဝတီတပ်တွေ သွေးလန့်ကြပေမယ့် ပထမပွဲကတည်းက အနိုင်ပိုင်းထားနိုင်တဲ့ အမတ်ကြီးဗညားတို့အစွမ်းကို အထူးကိုးစားပြီး ပမာမခန့်လုပ်နေကြပါတယ်။

တပင်‌ရွှေထီးရဲ့တောင်ငူတပ်ဟာ ဟံသာဝတီမြို့တော်ရဲ့မြောက်ဘက်မှာရှိတဲ့ ကျပ်ကတိုးအရပ်မှာ စခန်းအထိုင်ချပါတယ်။ ဒီတစ်ကြိမ်အပိုင်သိမ်းဖို့စီစဥ်ထားတဲ့အတွက် တပင်ရွှေထီးဟာ ဆင်တပ်၊မြင်တပ်တွေနဲ့ မြို့ကိုအတင်းထိုးစစ်ဆင်ပါတယ်။ ဟံသာဝတီဟာ ပထမပွဲမှာ ဝှက်ဖဲအဖြစ်သိမ်းထားတဲ့ လက်နက်ဆန်းတွေအပြင် နိုင်ငံခြားကြေးစားတပ်တွေနဲ့ပါ ညှပ်တိုက်ပါတယ်။ သို့ပေမယ့် ဟံသာဝတီရဲ့အဓိကပင်မစစ်အင်အားကိုတော့ မြို့ပြင်မထွက်စေပဲ မြို့တွင်းကပဲ တောင်ငူတပ်ကို အမှည့်ခြွေနေပါတယ်။ တပင်ရွှေထီးဟာ သူ့ရဲ့တောင်ငူတပ်နဲ့ ၃လတိုင် ဒလဆက်တိုက်စစ်ဆင်ခဲ့ပေမယ့် ဟံသာဝတီရဲ့ လိပ်ခံစစ်ဗျူဟာကို တိုးမပေါက်ဖြစ်နေပါတယ်။ အဲဒီနောက် တပင်ရွှေထီး သေသေပတိတွေနဲ့စုဝေးပြီး  ဒီတစ်ကြိမ်လည်းရှိစေဦးတော့ သင်းတို့ဟံသာဝတီ ငါ့လက်ကလွတ်ရိုးလား လို့ကြုံးဝါးကာ တပ်တော်ကို ကေတုမတီနန်းတော်ဆီပြန်ဆုတ်စေပါတယ်။

ဟံသာဝတီရဲ့စစ်ဗျူဟာကတော့ တပင်‌ရွှေထီးလာတိုက်တဲ့အခါတိုင်း တစ်နိုင်ငံလုံးက စစ်သူရဲကောင်းတွေနဲ့ ဆင်ကောင်းမြင်းကောင်းတွေကို မြို့တော်ဖြစ်တဲ့ဟံသာဝတီမှာစုစည်းကာ တောင်ငူတပ်ကို အင်းအားပြုံးတီးပြီး စစ်ပမ်းသွားအောင်လုပ်တာပဲဖြစ်ပါတယ်။ တပင်‌ရွှေထီး ဒုတိယအကြိမ်လာတိုက်တဲ့အခါ ပထမအကြိမ်ထက်စစ်အင်အားပိုများလာသလို ဟံသာဝတီဘက်ကလည်း ဝှက်ဖဲအဖြစ်ထားတဲ့ နိုင်ငံခြားသားကြေးစားစစ်သည်တွေအပြင် ဖျက်အားပြင်းလက်နက်အသစ်အဆန်းတွေကို ထုတ်သုံးစွဲခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ တောင်ငူတပ်တွေဆုတ်ခွာသွားကြပေမယ့် ဟံသာဝတီလည်းအတော်ချိနဲ့သွားပါတယ်။

နောက်ပြီးထူးချက်ချက်တစ်ခုအနေနဲ့ တပင်ရွှေထီးဆုတ်ခွာပြီးတဲ့ နောက်မှာ ဟံသာဝတီမှာ ပြည်ပျက်နိမိတ်ကြီးတွေဖြစ်လာခဲ့ပါတယ်။ ဒါတွေကတော့ ဟံသာဝတီမြို့တော်တွင် ညအခါ ကြယ်များမိုးရွာသကဲ့သို့ ၇ရက်ပတ်လုံးကြွေကြခြင်း၊ ကုန်းနှင့်တောင်ပို့များ နေ့ခြင်းညခြင်းတစ်နေရာမှတစ်နေရာသို့ ရွေ့သွားကြခြင်း၊ နယ်စပ်ရှိ နယ်နိမိတ်ကျောက်တိုင်များ အလိုအလျောက်လဲပြိုကြခြင်း၊ ပဲခူးမြစ်ရေသည် ကြည်လင်ရာမှ နောက်ကျိပြီး ညှီနံထွက်လာခြင်းတို့ပဲဖြစ်ပါတယ်။

ဟံသာဝတီဘုရင်သုရှင်တကာရွတ်ပိဟာ ဒီတစ်ခေါက်စစ်ပွဲအောင်နိုင်တာထက် အမတ်ကြီး ဗညားလောနဲ့ဗညားကျန်းတို့အပေ် ခံစားချက်ပြင်းထန်နေပါတယ်။ အကြောင်းကတော့ တစ်ချိန်လုံးခံတပ်ထဲကမထွက်ဘဲ ခုခံနေတာဟာ သူ့ရဲ့ဂုဏ်သိက္ခာထိခိုက်စေတယ်လို့ယူဆတဲ့အပြင် ရွှေမော်ဓောဘုရားမှာကတည်းက နားရွက်တံတွေးစွတ်ခဲ့တဲ့ တပင်ရွှေထီးကို ကောင်းကောင်းကြီးဆုံမျင်နေပါတယ်။ နောက်ပြီး သုရှင်တကာရွတ်ပိဟာ နန်းတော်မှာ စစ်ဗျူ ဟာကျွမ်းကျင်တဲ့ အမတ်ကြီးဗညားတို့ဘက်ထက် စစ်ထွက်တိုက်ပြီး စစ်သည်တွေရဲ့စစ်တိုက်ချင်စိတ်ကိုနှိုးဆွပေးရမယ်ဆိုတဲ့ အမတ်တွေရဲ့စကားကို ပိုပြီးအလေးပေးလာပါတယ်။

တဖက်မှာလည်း တပင်ရွှေထီးဟာ သူအကြိမ်ကြိမ်လုပ်ကြံပေမယ့် အခါတိုင်းရှုံးနေတဲ့အတွက် ညီလာခံမှာ ဟံသာဝတီကိုအစမ်းချီပြီး နှစ်ကြိမ်လုပ်ကြံတာ မြို့တွင်းမှာပဲခုခံကြတယ်၊ ငါတို့ကိုထွက်မတိုက်။ ဒီတစ်ခါစစ်အင်အားအများကြီးသုံးပြီး အင်ကြီးအားကြီးနဲ့ ဖိစီးလုပ်ကြံတော်မူမယ်လို့ မိန့်တော်မူပါတယ်။

မူးမတ်သေနာပတိတွေဟာ ဘုရင့်စကားကို အားပါးတရရှိကြပေမယ့် ကျော်ထင်နော်ရထာကတော့ တစ်မျိုးလျှောက်ပါတယ်။ ယခုလို ဟံသာဝတီမြို့တော်ဟာ တိုးဖောက်မရအောင်ဖြစ်နေခြင်းမှာ တခြားကြောင့်မဟုတ်ပါဘုရား။ ဗညားလောနဲ့ဗညားကျန်းတို့ဟာ ရာမညတိုင်းမွန်သုံးရပ်မှာရှိတဲ့ အမြို့မြို့က လက်ရုံးကောင်းတဲ့ စစ်သည်ရဲမက်တွေကိုခေါ်ယူပြီး မြို့တော်အတွင်းမှာ လက်နက်ရိက္ခာအပြည့်အစုံဖြည့်ဆည်းထားလို့ဖြစ်ပါတယ်။ ဟံသာဝတီရဲ့အင်အားဟာ မင်းနေပြည်တော်မှာသာစုနေပြီး ကျွန်တော်မျိုးတို့ကလည်း မြို့တော်ကိုသာဖိတိုက်ခဲ့ပါသည်ဘုရား။ နောင်တစ်ကြိမ်စစ်ချီတဲ့အခါ မြို့တော်ကိုမတိုက်ပဲကျန်တဲ့ မြို့ရွာတွေကိုလုပ်ကြံသင့်ပါသည်ဘုရား။ အမြစ်တွေဖြစ်တဲ့ ရာမညတိုင်းအားလုံးဖြတ်တောက်လိုက်လျှင် ပင်စည်ဖြစ်တဲ့ ဟံသာဝတီကို အလွယ်ရနိုင်ကြောင်းပါဘုရား လို့လျှောက်ပါတယ်။

ကျော်ထင်နော်ရထာရဲ့ အစီအမံအတိုင်း သက္ကရာဇ် ၈၉၈ ခုနှစ်မှာ တောင်ငူတပ်တွေဟံသာဝတီကို တတိယအကြိမ်စစ်ချီကြပါတယ်။ တပင်ရွှေထီးကိုယ်တိုင်ဦးစီးပြီး တိုက်ဆင်၂၀၀ စစ်မြင်း၈၀၀ စစ်သူရဲ ၇သောင်းပါဝင်ပါတယ်။ရှေ့တန်းစစ်ဦးစီးချုပ်အဖြစ် ကျော်ထင်နော်ရထာကိုခန့်ပြီး နောက်ချန်တပ်ကို အထိန်းတော်ကြီးသတိုးဓမ္မရာဇာကိုဦးစီးစေပါတယ်။ တောင်ငူရဲ့မြို့တော် ကေတုမတီစံနန်းကိုတော့ ယုံကြည်ကိုးစားရတဲ့ အမတ်ကြီးမင်းရဲသိင်္ခသူကိုမြို့စောင့်တပ်မှူးအဖြစ် ခန့်အပ်ထားခဲ့ပါတယ်။

ကျော်ထင်နော်ရထာဦးစီးတဲ့ရှေ့ပြေးတပ်ဟာ တပင်ရွှေထီးရဲ့ပင်မတပ်စစ်မချီခင်ကတည်းက ရန်သူ့ဟံသာဝတီနယ်မြေကို အရင်ရောက်နေခဲ့တာဖြစ်ပြီဂ ဟံသာဝတီတပ်တွေအခြေအနေကို ကင်းထော်စုံစမ်းတာတွေ၊ ကနဦးမြေပြင်အခြေအနေကိုစစ်ဆေးခြင်းတွေကို ပြုလုပ်နေပါတယ်။ ခေါင်းကိုချန်ပြီး ကျန်တဲ့ကိုယ်အင်္ဂါတွေကိုတိုက်မယ်ဆိုတဲ့စစ်ဗျူဟာက အကယ်လို့ ရန်သူကကြိုသိပြီးချောင်ပိတ်ဖမ်းတာမျိုး၊ စစ်ဦးမှာအနှိမ်ခံရတာမျိုးဖြစ်သွားရင် ဒီဗျူဟာက လုံးဝပျက်စီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျော်ထင်နော်ရထာကိုယ်တိုင် ရှေ့ပြေးတပ်ကို ဦးဆောင်တာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်ဟံသာဝတီကို တောင်ငူတပ်တွေစစ်ချီတဲ့အခါ ခါတိုင်းနဲ့မတူတဲ့ တိတ်ဆိတ်ခြင်းမျိုးကို ကျော်ထင်နော်ရထာခံစားမိနေပါတယ်။ ဒါကြောင့်စစ်သည်အားလုံးကိုပျံ့ကြဲနေရာ ရုတ်တရတ်စုစည်းပြီး အသင့်အနေထားနဲ့  စစ်ဦးတည်ရာအရပ်ကိုညင်သာစွာချဥ်းကပ်နေပေမယ့် ကောလိယအရပ်ကိုရောက်တဲ့အခါ အသင့်စောင့်နေတဲ့ သုရှင်တကာရွက်ပိကိုယ်တိုင်ဦးဆောင်တဲ့ ဟံသာဝတီရဲ့ ပင်မတပ်ကြီးနဲ့ ပက်ပင်းကြီးတွေ့ကြပါတယ်။ 

ဟံသာဝတီနဲ့ တောင်ငူတပ်တွေထိပ်တိုက်တွေ့တဲ့အခါ ကျော်ထင်နော်ရတာက ပြုံးစစရှိပါတယ်။ ဘာင့်လဲဆိုတော့ ခါတိုင်းသူတို့လုပ်ကြံတဲ့အခါ ဟံသာဝတီဟာတစ်ချိန်လုံး လိပ်ခွံလိုဗျူဟာကိုသုံးနေတဲ့အတွက် အရာမထင်ခဲ့ပေမယ့် ဒီတစ်ခေါက်ခေါင်းကိုမတိုက်ဘဲ ကိုယ်ကိုတိုက်ပါမယ်ဆိုကာမှ သုရှင်တကာရွတ်ပိနဲ့ ထိပ်တိုက်လာတွေ့နေပါတယ်။ 

ရှေ့ပြေးတပ်တွေရဲ့တပ်စုဖွဲ့ပုံက ရန်သူနယ်မြေထဲမှာလျင်မြန်စွာစစ်ကစားနိုင်ဖို့ရည်ရွယ်တဲ့အတွက် အများစုဟာ မြင်းစီးစစ်သူရဲတွေပါဝင်ပါတယ်။ ရဲမက်အင်အားကတော့ ကင်းထောက်အိုးစားတပ်ရင်းတွေလောက်လည်းမနဲသလို ပင်မတပ်လောက်လဲ အင်အားမရှိပါဘူး။ ပဒေသရာဇ်နိုင်ငံတွေအလိုက် စစ်အင်အားစုဖွဲ့ပုံမတူကြတဲ့အတွက် ဒီနေရာမှာပြောချင်တာက အခုတိုက်ပွဲဟာ အင်အားမမျှဘူးလို့ဆိုလိုတာဖြစ်ပါတယ်။

အခြေအနေကပိုအလေးသာသလို စစ်အင်အားလည်းများတဲ့အတွက် ဟံသာဝတီက တောင်ငူတပ်ကို ဝိုင်းပြီး အပိတ်တိုက်ပါတယ်။ ဒီလိုချုံခိုတိုက်တဲ့အခါ တောင်ငူတပ်တွေထွက်ပြေးပြီး စစ်ဦးပဲ့သွားမယ်လို့ထင်ပေမယ့် အခြေအနေက ရုတ်တရတ်ပြောင်းလဲသွားပါတယ်။ အကြောင်းကတော့ ကျော်ထင်နော်ရထာရဲ့တောင်ငူတပ်ဟာ ထွက်ပေါက်ရှာပြီးမပြေးဘဲ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိဆီ တန်းတန်းကြီး ဇွတ်ဖောက်ဝင်လာနေလို့ပဲဖြစ်ပါတယ်။ ကျော်ထင်နော်ရကတော့ ဒီလိုအခွင့်အရေးနောက်မရနိုင်ဘူးလို့သိတဲ့အတွက် အခုတိုက်ပွဲမှာ သုရှင်တကာရွတ်ပိကို အမိဖမ်းတော့မှာဖြစ်ပါတယ်။ အင်အားကအသာစီးရထားပေမယ့် ဟံသာဝတီတပ်ဟာ တောင်ငူတပ်ကို ဝိုင်းရံထားခဲ့အတွက် စစ်သည်တွေပျံကျဲနေပါတယ်။ ကျော်ထင်နော်ရထာရဲ့ မြင်စီးစစ်သူရဲတွေဟာ ဘုရင်ကိုသတ်ဖို့ကိုယ်ရံတော်တပ်တွေစီ မြင်းနဲ့အတင်းနင်း‌လာနေတဲ့အတွက် သုရှင်တကာရွတ်ပိလည်း ချက်ချင်းနန်းတော်ကို တပ်ပြန်ဆုတ်ရပါတယ်။ ဘုရင်ကိုမရလိုက်ပေမယ့် စစ်လက်ရုံးဖြစ်တဲ့အမတ်ကိုရလိုက်သလို စစ်သုံ့ပန်းအများအပြားနဲ့ လက်နက်ဆင်မြင်းတွေကိုပါ တောင်ငူတပ်ကသိမ်းလိုက်နိုင်ပါတယ်။

သုရှင်တကာရွတ်ပိဟာ သူချုံခိုတိုက်တာ မအောင်မြင်တဲ့အပြင် ဆင်ကောင်းမြင်းကောင်းတွေကို ဆုံးရှုံးသွားတဲ့အတွက် အတော်အထိနာတဲ့တိုက်ပွဲတစ်ပွဲဖြစ်သွားခဲ့ပါတယ်။ သို့ပေမယ့် သူ့မှာ စစ်ဗျူဟာကျွမ်းကျင်တဲ့ အမတ်ကြီးဗညားလောနဲ့ဗညားကျန်းတို့ကျန်ရှိနေတဲ့အပြင် လက်နက်ရိက္ခာအလျံပယ်ကျန်နေသေးတဲ့အတွက် ဆင်ပိန်သော်လည်း ကျွဲထက်တော့ဝသေးတဲ့အခြေအနေဖြစ်ပါတယ်။ နောက်ပြီး ဟံသာဝတီရဲ့မြို့တော်ရဲ့ခံစစ်ကို တောင်ငူတပ်တွေထပ်ပြီးချိုးဖောက်နိုင်စရာမရှိလို့တွေးတဲ့အတွက် သူ့ရှင်တကာရွတ်ပိက ဟံသာဝတီကကျန်ရှိတဲ့မြို့စားတွေကို မြို့စောင့်စစ်သည်တွေကိုထပ်ပို့ဖို့ အမိန့်ပေးပြီး ခံစစ်အတွက် အစွမ်းကုန်ပြင်ဆင်ကြပါတယ်။

တောင်ငူရဲ့ရှေ့ပြေးတပ်က ပွဲဦးထွက်လက်စွမ်းပြသွားတဲ့အပြင် လက်နက်သုံ့ပန်းတွေ အများအပြားဖမ်းမိတဲ့အတွက် တပင်ရွှေထီးဟာ ကျော်ထင်နော်ရထာကို လွန်စွာအားရတဲ့ပြီး သူနားထွင်းပွဲတုန်းကစီးခဲ့တဲ့ သတ္တရုဇေယျမြင်းကိုချီးမြှင့်ပါတယ်။ အဲဒိနောက် တောင်ငူရဲ့ပင်မတပ်နဲ့ပေါင်းပြီး ဟံသာဝတီကိုစစ်ချီကြပါတယ်။ စစ်အင်အားအလုံးအရင်းနဲ့ချီတက်လာတာဖြစ်တဲ့အပြင် ကနဦးချုံခိုတိုက်ခိုက်တာကလည်း မအောင်မြင်တဲ့အတွက် ဟံသာဝတီတပ်တွေ ဒီတစ်ခေါက်တောင်ငူရဲ့ထိုးစစ်ကိုမခံနိုင်တော့မှာကို အောက်ခြေကရဲမက်တွေ သံသယရှိလာကြပါတယ်။ သို့ပေမယ့် နောက်ထပ်စစ်ကူတွေရောက်လာတဲ့အချိန်ထိသာတောင့်ခံထားနိုင်ရင် ရပြီလို့တွေးထားကြပါတယ်။

တောင်ငူတပ်ဟာ စစ်အင်္ဂါအပြည့်အစုံနဲ့ စစ်သည်တွေခင်းကျင်းထားကာ တပင်ရွှေထီးကိုယ်တိုင်စစ်ဦးစီးလုပ်ပါတယ်။ သုရှင်တကာရွတ်ပိကတော့ သူ့ရဲ့စစ်လက်ရုံးပါသွားတဲ့အတွက် ရင်ထဲမချိပေမယ့် ဒီဇာတ်ထုပ်ဟာ သူတို့အကြိမ်ကြိမ်ကထားပြီးသားဖြစ်တဲ့အတွက် ဒီတစ်ကြိမ်လည်း အမတ်ကြီးဗညားလောနဲ့ ဗညားကျန်းတောင့်ခံနိုင်လောက်မယ်လို့ မျှော်လင့်ထားပါတယ်။

တေင်ငူတပ်တွေရဲ့စစ်ဗုံတွေတီးပြီး စစ်သူရဲတွေရဲ့ညာသံပေးတိုက်ပွဲခေါ်သံတွေကြောင့် ဟံသာဝတီခံစစ်အရင်‌လောက်မတက်ကြွနိုင်ဖြစ်နေပါတယ်။ အကြီးအကျယ်ညာသံပေးအပြီး တပင်ရွှေထီးဟာ တောင်ငူတပ်ကို ဟံသာဝတီကဆုတ်ပြီး ဒဂုန်ကိုအပြင်းချီပါတယ်။ သုရှင်တကာရွတ်ပိလည်း တောင်ငူတပ်တွေဘာလုပ်ဖို့ကြံနေတယ်ဆိုတာမသိမတဲ့အတွက် မြို့ရိုးကိုအသေပိတ်ပြီးသာ စောင့်နေပါတယ်။ ဒီတိုက်ပွဲမှာ ကျော်ထင်နော်ရထာဟာ ရန်သူ့စစ်အင်အားကိုပြုံးတီးလိုက်နိုင်သလို တပင်ရွှေထီးက ဟံသာဝတီတပ်တွေရဲ့ တိုက်ချင်ခိုက်ချင်စိတ်ကိုဖျက်စီးပြီး မိမိတို့တပ်တွေအပေါ်ကြောက်ရွံထိတ်လန့်လာအောင် စီတ်ဓာတ်စစ်ဆင်ရေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒဂုန်ကိုရောက်တဲ့အခါ တပင်ရွှေထီးဟာ ဆံတော်ရှင်ကိုဖူးပြီး အနောက်ဘက်မှာ ပင်မတပ်ကိုခံတပ်တည်စေပါတယ်။တောင်ငူတပ်တွေ ဒဂုန်ကိုသိမ်းပြီးသွားပြီလို့ကြားတာနဲ့ သံလျင်၊ ဒလအပါအဝင်အခြားဟံသာဝတီခံတပ်မြို့တွေ မြို့တံခါးပိတ်ကာ အလန့်တကြားရှိနေကြပါတယ်။ ရဲမက်စစ်သည်အားလုံးအသင့်အနေအထားရာက်တဲ့နဲ့ တပင်ရွှေထီးက အခုငါတို့ဒဂုန်မြို့ကိုစီးမိပြီ၊ ဒီကနေ ပုသိမ်၊မြောင်းမြ၊ ခဲပေါင်၊ ဒေးပသွယ်စတဲ့ ဟံသာဝတီနိုင်ငံတွင်းမှာရှိတဲ့ မြို့ရွာအပေါင်းအား အစုစုခွဲပြီး ချီတက်သိမ်းသွင်းကြလော့၊ ထိုသို့တိုက်ရာမှာ ပြည်သူကိုမညှင်းဆဲရ၊ ပြည်သူ့ပစ္စည်းကိုရိက္ခာမှတစ်ပါး ထိပါးလုယက်ခြင်းမရှိစေနဲ့၊  သားပျိုသမီးပျိုများကို ထိပါးကျူးလွန်ခြင်းမရှိစေနဲ့၊ ကျောင်းကန်ဘုရားစေတီတန်ဆောင်းဇရပ်စတဲ့ ဘာသာရေးအဆောက်အဦးတွေကို ထိပါးဖျက်ဆီးခြင်းမပြုကြနဲ့၊ ပြန်တိုက်တဲ့မြို့ရွာတွေက စစ်နဲ့ဆိုင်တဲ့ ဆင်မြင်းစစ်သည် လက်နက်ကိရိယာတွေကို သိမ်းယူကြစေ လို့ အမိန့်ချပါတယ်။

တပင်ရွှေထီးရဲ့အမိန့်တော်ကိုကြားတဲ့အခါ တပ်မှူးဗိုလ်ပါအားလုံးသံတူနာခံပြီး ဗျူဟာအတိုင်း တပ်ဖွဲ့အလိုက် စစ်ချီကြပါတယ်။ တပင်ရွှေထီးဟာ ဒဂုန်မှာ နောက်ချန်စစ်သည်တွေနဲ့ကျန်ခဲ့ပြီး နေ့တိုင်းဆံတော်ရှင်ကို ရှိခိုးဝတ်ပြုကာ ဟံသာဝတီတိုင်း မွန်သုံးရပ်ကိုအောင်မြင်ပြီးတာနဲ့ ဒဂုန်ဆံတော်ရှင်ကို ပြုပြ်မွန်းမံမယ်လို့ အဓိဌာန်ချပါတယ်။

အမြို့မြို့အရွာရွာကို စစ်ချီသွားကြတဲ့ တောင်ငူတပ်တွေ တပင်ရွှေထီး ဖဝါးအောက်ပြန်လည်ခစားတဲ့အခါ သိမ်းယူထားတဲ့ ဆင်မြင်းလက်နက်တွေကိုဆက်သပြီး ရာမညတိုင်း၃ရပ်ကို တိုက်ခိုက်သိမ်းယူရသည်မှာ အလွန်လွယ်ကူပါသည်ဘုရား၊ အရှင့်၏ဘုန်းတော်က စစ်မချီခင်ကပင် ပျံ့နှံနေပြီဖြစ်သဖြင့် အမည်ကြားရုံနဲ့တင် ဝပ်လျိုးအညံခံကြပါသည်ဘုရား

တပင်ရွှေထီးဟာ အားရတဲ့အတွက် ဗိုလ်မင်းတပ်မှူးတွေကို ဆုလာဘ်တွေချီးမြှင့်ပြီး အင်းဝဘုရင်မင်းခေါင်နဲ့ဟံသာဝတီဘုရင်ရာဇာဓိရာဇ်တို့လက်ရာမှာ သူတစ်ပြန်ငါတစ်ပြန် အနိုင်အရှုံးမထွက်ပဲစစ်ပမ်းခဲ့ကြတယ်။ ယခု ငါ့လက်ထက်တော်တွင်ကား ဤမျှလွယ်ကူတဲ့အတွက် ငါ့၏ဘုန်းရှိန်ကံရှန်ကြောင့်ဖြစ်မယ်လို့ ယုံကြည်တော်မူတယ်။ တစ်ခေါက်စစ်ချီရာမှာ ဟံသာဝတီသားတွေ ငါ့လက်တွင်းက ဒင်းတို့မလွတ်နိုင်ကြောင်း အသိပေးလိုက်တာပဲဖြစ်တယ်။ သိုပေမယ့် မိုးကျပြီဖြစ်တဲ့အတွက် စစ်မပမ်းခင် နေပြည်တော်ကိုပြန်ပြီး မိုးခိုတော်မူမယ်လို့မိန့်ပါတယ်။

ဘုရင့်အမိန့်ရတာနဲ့ တောင်ငူတပ်တွေမြို့ရွာအနှံကဆုတ်ခွာခဲ့ကြပါတယ်။ ကေတုမတီနန်းတော်ကိုပြန်တဲ့လမ်းမှာ ဟံသာဝတီမြို့တော်ကို တောင်ငူရဲ့ပင်မတပ်ကဖြတ်ပြန်ပါတယ်။ ဟံသာဝတီမြို့ရိုးထဲမှာ မြို့စောင့်တပ်အပြင် မြို့ရွာတိုင်းကစုထားတဲ့ စစ်သူတွေရောက်ရှိနေပါတယ်။ဒါ့အပြင် စစ်ကူရောက်လာတဲ့ပြည်တပ်တွေကိုပါ ချုံခိုထားစေတဲ့အတွက် သုရှင်တကာရွတ်ပိဟာ ရွှင်လန်းတက်ကြွစွာနဲ့ စစ်ပြန်တေင်ငူတပ်ကို နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့ပြင်ထားပါတယ်။ သို့ပေမယ့် တပင်‌ရွှေထီးဟာ ဟံသာဝတီကို ဟန်ပြသာတိုက်ခိုက်ပြီး နန်းတော်ကိုအတင်းစစ်ပြန်ဆုတ်ခဲ့ပါတယ်။

တပင်‌ရွှေထီး ဟံသာဝတီကိုတိုက်နေချိန်မှာ ပြည်စားသတိုးမင်းစောဟာ တစ်ချိန်လုံးကေတုမတီနန်းတော်ကို မထိတထိစစ်ချီတိုက်ခိုက်သလို ကုန်ကူးသန်းရောင်းဝယ်ရေးကိုလည်း နောက်ယှက်နေခဲ့ပါတယ်။ စစ်ရေးမဟာမိတ်ဖြစ်တဲ့ဟံသာဝတီကိုတော့ စစ်ကူနောက်ကျမှပေးပြီး တောင်ငူကို နောက်ဆံတင်းရအောင် တစ်ချိန်လုံးနှောက်ယှက်ပြီး တပင်ရွှေထီးတို့ကို တိုင်းပြည်စီးပွားရေးချိနဲ့အောင် အမှည့်ခြွေနေခဲ့တာဖြစ်ပါတယ်။

မည်သို့ပင်စစ်နိုင်စေကာမူ ရန်မီးနှစ်ဘက်ညှပ်နေတဲ့ တပင်ရွှေထီး၊ ဘယ်လောက်ပဲစစ်တိုက်ခံရပစေ အမြဲတမ်း ခေါင်းပြန်ထောင်နိုင်တဲ့ ဟံသာဝတီဘုရင်သုရှင်တကာရွတ်ပိ၊ ရှမ်းပြည်ရော အင်းဝကိုပါပိုင်တဲ့ သိုဟန်ဘွားနဲ့ နှစ်ပြည်စား ပြည်ဘုရင်သတိုးမင်းစောတို့ရဲ့  ပလ္လင်လုပွဲကဘယ်၍ ဘယ်ပုံဆက်ဖြစ်မှာပါလဲ

နောက်အပိုင်းမှာြပန်တွေ့ကြပါမယ်ခင်ဗျား

ကြည့်ရှု့ပေးတဲအတွက်အားလုံးကို ကျေးဇူးတင်ပါတယ်

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.


နိုင်သောအရှုံး နှစ်ပြည်စားမင်းနဲ့ ဟံသာဝတီမဟာမိတ်များ - ငါဟဲတပင်ရွှေထီး အပိုင်း ၆


Previous Post Next Post