ပလ္လင်တစ်ခု မင်းလေးပါး - အပိုင်း၅- ငါဟဲ့တပင်‌ရွှေထီ

အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

 ဝိုင်းထားတဲ့ ဟံသာဝတီတပ်တွေကို အရေးမစိုက်ကြလေနဲ့ ငါ့နားကိုတည့်တည့်ထွင်း  ပြီးတာနဲ့ ဒင်းတို့ကိုငါနင်းပြီးထွက်မယ်

တပင်ရွှေထီးနဲ့ရွှေလည်စွဲစစ်သူရဲတွေ ရွှေမော်ဓောဘုရားကို ဆိုက်ရောက်လာကြပါပြီ။ တောင်ငူကထွက်လာကတည်းက ကြီးမားတဲ့အတားအဆီးတစ်စတစ်လေတောင်မတွေ့ရပဲ ရန်သူ့နယ်မြေကိုရောက်ရှိခြင်းဖြစ်ပါတယ်။ စစ်အင်အားအတောင့်တင်းဆုံးဖြစ်တဲ့ဟံသာဝတီကို ခြေချတာနဲ့ ကြီးမားတဲ့တန်ဖိုးတစ်ခုပြန်ပေးဖို့ စပြီးစျေးခေါ်လိုက်တယ်ဆိုတာကို ကျော်ထင်နော်ရထာကောင်းကောင်းကြီးသဘောပေါက်လိုက်ပါတယ်။ 

မူလ‌ေရွှ‌ေမာ်‌ေဓာဘုရားမှာအစောင့်ရှိနေကြတဲ့ ဟံသာဝတီတပ်သားတွေဟာ လွတ်ရာအရပ်ကို‌ေထာက်လှမ်းပြီး စစ်ကူကိုစောင့်နေကြပါတယ်။ဘုရားပေါ်မတက်ခင် ကျော်ထင်နော်ရထာက ‌ရွှေလည်စွဲတွေကို  မင်းတရားရွှေထီးနားထွင်းမင်္ဂလာပြုနေချိန်မှာ ချမှတ်ထားပြီးတဲ့တာဝန်အတိုင်း ဘုရားကိုအထပ်ထပ်ကာရံထားရမယ်။ ဟံသာဝတီတပ်တွေ စစ်အင်အားအလုံးအရင်းနဲ့ချီတက်လာခဲ့ရင်လည်း မိမိတာဝန်ရှိတဲ့နေရာမှာပဲ နောက်ဆုံးအချိန်ထိကာကွယ်ရမယ်။ မင်္ဂလာအမှု့ကိုတစ်စုံတစ်ရာ မနှေးဖင့်စေနဲ့လို့ အမိန့်ချပါတယ်။ ရွှေလည်စွဲတွေလည်း တညီတည်းသံတူနာခံပြီးတဲ့နောက် တပင်ရွှေထီး၊ ဘုရင့်နောင်နဲ့အမတ်လေးကျိပ်တို့ဟာ ကုန်းတော်ရင်းမှာမြင်းကိုရပ်ပြီး ရွှေမော််ဓောဘုရားပေါ်တက်လာကြပါတယ်။

တပင်ရွှေထီးဟာ သူငယ်ငယ်ကတည်းကဖူးချင်တဲ့ရွှေမော်ဓောဘုရားကို မျက်ဝါးထင်ထင်ဖူးမြင်ရတဲ့အတွက် ရိုသေစွာလက်အုပ်ချီပြီး ဘုရားကိုလက်ယာရစ်သုံးပတ်ပူဇော်ပါတယ်။ အခါတော်ပေးပုဏ္ဏားတွေရဲ့ အကြံပေးချက်အရ မင်္ဂလာနေရာဖြစ်တဲ့မွေးနံဗုဒ္ဓဟူးထောင့်ရောက်တဲ့အခါ နားထွင်းမင်္ဂလာပြုဖို့ရပ်ပါတယ်။

အခြားတစ်ဘက်မှာ သူ့ရှင်တကာရွတ်ပိရဲ့အမိန့်အရ ဗညားလောနဲ့ဗညာကျန်းရဲ့ဟံသာဝတီတပ်တွေဟာ ဘုရားနားကိုတိုးလျိုချဉ်းကပ်လာကြပါပြီ။ တပင်‌ရွှေထီးကိုဖမ်းဖို့ပတ်ဝန်းကျင်ကမြို့စားတပ်တွေကလည်း ရွှေမော်ဓောဘုရားကို စီနင်းဖို့အသင့်ရောက်ရှိနေကြချိန်ဖြစ်ပါတယ်။

ပတ်ဝန်းကျင်တစ်ခုလုံးဟစ်ကြွေးသံ မြင်းဟီသံတွေကျယ်လောင်လာတဲ့အချိန် အမတ်တစ်ဦးဟာပြာပြာသလဲပဲ ဟံသာဝတီမွန်တပ်တွေ အများကြီးဘုရားကိုဝိုင်းနေကြပါပြီဘုရား  တပင်ရွှေထီးကိုလာလျှောက်ပါတယ်

တပင်ရွှေထီးဟာ စေ့စေ့ကြည့်ပြီး လက်သုံးတော်ဓားကိုကျစ်ကျစ်ပါအောင်ဆုတ်ကာ သူတို့နိုင်ငံထဲ အတင်းကျော်နင်း၍ချီတက်ခဲ့သည်ဘဲ ၊ ဘာကြောင့်မဝိုင်းဘဲနေမလဲ၊ ဒီအကြောင်းကို မောင်မင်းအရေးလုပ်လုပ်လို့ ငါ့ဆီလျှောက်တင်မနေနဲ့၊ ကိုယ့်နေရာကိုပြန်ပြီးကြပ်မတ်လေလို့ ငေါက်ငမ်းလွှတ်ပါတယ်။

အဲဒိနောက် တပင်ရွှေထီးဟာ လက်သုံးတော်ဓားကိုချပြီး ဝိုင်းလာတဲ့ဟံသာဝတီတပ်တွေကိုအရေးမစိုက်လေနဲ့ ငါ့နားကိုတည့်တည့်ထွင်း နားထွင်းပြီးတာနဲ့ ငါကိုယ်တော် ဒင်းတို့တပ်ကိုနင်းပြီးထွက်မယ်လို့ကြုံးဝါးပါတယ်

မင်္ဂလာပုဏ္ဏားတွေလည်း ထုံးတမ်းအစဥ်အလာအတိုင်း နားကိုဖောက်ပြီးတဲ့နောက် ဆံတော်ကိုရှင်းပြီး ဦးသျှောင်အသစ်ထုံးပေးကြပါတယ်။

မင်္ဂလာအမှု့ပြီးစီးသွားတဲ့အခါ တပင်ရွှေထီးဟာ ဘုရားကိုဦးသုံကြိမ်ချကာဆုတောင်းပါတယ်။

ဘုရားတပည့်တော်သည် အရှင့်ဘုန်းရိပ်ကိုခိုလှုံ၍ ငယ်စဉ်ကတည်းကကြံစဉ်ရင်းရှိတဲ့အတိုင်း နားထွင်းမင်္ဂလာ  ဦးသျှောင်ထုံးမင်္ဂလာတို့ကို အောင်မြင်စွာဆောင်ရွက်ရလေပြီ၊ တပည့်တော်သည် ရာမညတိုင်းမွန်သုံးရပ်ကိုအုပ်စိုး၍ ရွှေမော်ဓောဘုရားကို အစဉ်မပြတ် ပူဇော်ဝပ်လျှိုးရှိခိုးဆည်းကပ်ရပါလို၏ဘုရား

ထိုကဲသို့ဆုတောင်းပြီးတဲ့နောက် ပထဝီမြေကြီးဟာ ပြင်းစွာသောမြည်သံနဲ့တုန်လှုပ်ပါတယ်။ ဝိုင်းထားတဲ့ ဟံသာဝတီတပ်တွေလည်း ငလျင်ကြောင့် ကြောက်လန့်တကြားနဲ့ ဖရိုဖရဲဖြစ်ကုန်ကြပါတယ်။

တပင်ရွှေထီးဟာ ကုန်းတော်ပေါ်ကရာဇမာန်အပြည့်နဲ့ဆင်းလာပြီး စီးတော်မြင်းပေါ်ရောက်တာနဲ့ လက်သုံးတော်ဓားကိုဆန့်ပြီး တောင်ငူဘုရင်တပင်ရွှေထီး ဘုန်းကြီးသူငါဖြစ်သည်၊ ငါ့မျက်နှာနှင့်ဆိုင်၍ ဘယ်သူစစ်ပြိုင်ဝံ့မည်နည်း အဲလိုသုံးကြိမ်သုံးခါကြုံးဝါးပြီးနောက် သတ္တရုဇေယျမြင်းကိုဇက်ကုန်လွှတ်ပြီး ဝိုင်းထားတဲ့ဟံသာဝတီတပ်တွေဆီကိုိုရှေ့ဆုံးကတစ်ဟုန်ထိုးဝင်တိုက်ပါတယ်။ ဘုရင့်နောင်နဲ့ ရွှေလည်စွဲတွေလည်း တပင်ရွှေထီးနောက်ကထပ်ကျပ်မကွာလိုက်ကာ ဘုရားကိုဝိုင်းထားတဲ့လူတံတိုင်းကို မြင်းနဲ့အတင်းဖောက်ထွက်ကြပါတယ်။

အလွန်မြန်တဲ့အရှိန်နဲ့ဝင်လာပြီး ဝိုင်းထားတဲ့မိမိတပ်ကိုဖောက်ထွက်နေအပြင် ကောလဟာလလို့သာထင်ထားတဲ့တပင်ရွှေထီးရဲ့ဘုန်းတန်ခိုးကို အမတ်ကြီးနှစ်ဦးလုံး မျက်ဝါးဝါးထင်ထင်မြင်လိုက်ရပါတယ်။ အတင်းဖောက်နေတဲ့တပင်ရွှေထီးတပ်ကို တောက်လျှောက်ပိတ်ဆို့ကြပေမယ့် တပင်ရွှေထီးကအရေးမမှူ့ သလို ရွှေလည်စွဲတွေကခေသူတွေမဟုတ်ကြတဲ့အတွက် ဟံသာဝတီနယ်စပ်ကိုကျော်ပြီး တောင်ငူဘက်ကိုလွတ်သွားကြပါတယ်။ နောက်ကလိုက်လာတဲ့ အမတ်ကြီး၂ဦးလည်း ရန်သူ့နယ်မြေထဲမှာ တောင်ငူတပ်တွေ ချုံခိုပြီးမိမိတို့တပ်ကိုတိုက်နိုင်တယ်လို့ ယူဆတဲ့အတွက်  သုရှင်တကာရွတ်ပိဆီကိုသာ ပြန်ဆုတ်လာခဲ့ကြပါတယ်။ နောင်တချိန်မလွဲမသွေကြုံရမယ့် တောင်ငူနဲ့ဟံသာဝတီအရေးကိုကြိုတွေးမိကြသော်လည်း ဒီထိန်းမရတဲ့နွားသိုးကို နားဖားကြိုးရအောင်ထိုးမယ်လို့ ၂ယောက်လုံးအပိုင်တွက်ထားကြပါတယ်

ပဒေသရာဇ်နိုင်ငံတွေအင်အားကြီးထွားလာခြင်းနဲ့အတူ အပြိုင်အဆိုင်စစ်အင်အားတိုးချဲ့တာတွေကြောင့် နိုင်ငံတစ်လွှမ်း စစ်ငွေ့စစ်ရိပ်တွေနဲ့ ကျပ်ခိုးရိုက်နေပါပြီ။ဒါကြောင့် မလွဲမသွေကြုံရမဲ့စစ်ပွဲအတွက် ကေတုမတီနန်းတော်မှာ တပင်ရွှေထီး မှူးကြီးမတ်ရာတွေနဲ့ညီလာခံကျင်းပနေပါတယ်။ အရေးကြီးညီလာခံဖြစ်တဲ့အတွက် ရဲမက်အစောင့်အကြပ်များသလို မူးမတ်တွေရဲ့သဘောထားကလည်း တင်းမာလျက်ရှိပါတယ်။ အထိန်းတော်ကြီး သတိုးဓမ္မရာဇာနဲ့  အထိန်းတော်ကြီးစည်သူကျော်ထင်တို့ ဦးဆောင်တဲ့မူးမတ်တွေကတော့ တောင်ငူတပ်ဟာ စစ်အင်အားအလုံးအရင်းနဲ့ အင်းဝကိုတစ်ရှိန်ထိုးသိမ်းပိုက်သင့်တယ်လို့ ဘုရင့်ဆီတင်သွင်းကြပါတယ်။ အကြောင်းကတော့ အင်းဝမှာ မကြာသေးခင်ကရှမ်းတွေ သိမ်းပိုက်တာခံထားရတဲ့အပြင် ရှမ်းတပ်တွေရဲ့အုပ်ချုပ်မှု့ကိုမလိုလားတဲ့အင်းဝသားတွေများပြားတဲ့အတွက် ပုန်ကန်ကြပြီး ပြည်တွင်းစစ်ဖြစ်နေသလို သိုဟန်ဘွားရဲ့ရှမ်းတပ်တွေလည်း အုပ်ချုပ်မှု့ပျက်ယွင်းနေပါတယ်။ နောက်ပြီးရှမ်းဘုရင်သိုဟန်ဘွားနဲ့ တိုင်းပြည်ကိုပူးတွဲအုပ်ချုပ်နေတဲ့မင်းကြီးရန်နောင်ဟာလည်း တပင်‌ရွှေထီးတို့အပေါ်လိုလားနှစ်ဝင်တဲ့အတွက် အကယ်လို့ အင်းဝကိုသာ မိမိတို့တိုက်မယ်ဆိုရင် အတွင်းအပြင်ညှပ်တိုက်မှာဖြစ်တဲ့အတွက် ဒီအရေးဟာမြေကြီးလက်ခတ် လွဲစရာအကြောင်းမရှိလို့ဆိုကြပါတယ်။

ညီလာခံရဲ့အတင်းမာဆုံးအပိုင်းမှာတော့ ကျော်ထင်နော်ရထာဘွဲ့ခံရှင်ရဲထွတ်နဲ့ စစ်ဘက်ရေးရာသေနာပတိတွေကတော့ ဒီမုချအောင်နိုင်မယ့်စစ်ဗျူဟာကို ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။ ကျော်ထင်နော်ရထာတို့ဘက်ရဲ့သဘောထားကတော့ တောင်ငူတပ်ဟာ အင်းဝကိုလုံးဝတိုက်မှာမဟုတ်ပါဘူး။ ပဒေသရာဇ်နိုင်ငံတွေထဲမှာ စစ်အင်အားအကြီးဆုံးဖြစ်တဲ့အပြင် မဟာမိတ်တပ်တွေရဲ့ စစ်ဦးစီးခေါင်းဆောင်ဖြစ်တဲ့ ဟံသာဝတီကိုတိုက်ဖို့ဖြစ်ပါတယ်။ ဟံသာဝတီဟာ ပင်လယ်ထွက်ပေါက်ကိုပိုင်ဆိုင်ထားတဲ့အတွက် စီးပွားရေးတောင့်တင်းသလို နိုင်ငံရပ်ခြားကကုန်သည်တွေနဲ့ ဖျက်အားပြင်းအမြှောက်စိန်ပြောင်းအသစ်အဆန်းတွေကို မှာယူတပ်ဆင်ထားပြီး ၎င်းတို့ထဲမှာ  ဥရောပက‌ကြေးစားစစ်သည်တွေပါ ပါဝင်နေပါတယ်။ ကျော်ထင်နော်ရထာက ဟံသာဝတီဟာ ပြည်နဲ့စစ်ရေးမဟာမိတ်ဖြစ်သလို စစ်ဒဏ်ကိုအချိန်ကြာကြီးခံနိုင်စေတဲ့ စားနပ်ရိက္ခာဓနအားတင့်တင်းတယ်ဆိုတာဟာ အမှန်ပဲဖြစ်တယ်။ အကယ်လို့ တောင်ငူရဲ့ပင်မတပ်ဟာ အင်းဝကိုထိုးစစ်ဆင်မယ်ဆိုရင် အင်းဝအမှန်ကျဆုံးမှာဖြစ်တယ်။ သိုပေမယ့် ကျုပ်တို့ရဲ့မြို့တော်ဖြစ်တဲ့ တောင်ငူဟာ လက်ကျန်စစ်သည်အနည်းငယ်နဲ့ မြို့စောင့်တပ်သာကျန်ရစ်မှာဖြစ်တဲ့အတွက် ပြည်နဲ့ဟံသာဝတီသာ တောင်ငူကိုတိုက်ရင်ခဏတွင်းပဲ ကျုပ်တို့ရဲ့မဟာဗျူဟာနေရာကို ဆုံးရှုံးသွားမှာဖြစ်တယ်။ မည်သို့ပင်အင်အားကြီးမားကာ နယ်မြေသစ်တွေပိုင်စေကာမူ အမြစ်ပြတ်သွားတဲ့သစ်ပင်ဟာ ဆက်ပြီးမရှင်သန်နိုင်ဘူး

 အင်းဝက မင်းကြီးရန်နောင်ဟာ မူလကတည်းက ကျုပ်တို့တောင်ငူကိုလိုလားတယ်ဆိုတာ ဆင်ကောင်းမြင်းကောင်းစစ်သူရဲကောင်းတွေ တောင်ငူလက်အောက်ခိုဝင်စေခဲ့တာတွေဟာ ထင်ရှားတဲ့သာဓကပဲဖြစ်တယ်။ဒါအပြင် သိုဟန်ဘွားရဲ့ရှမ်းတပ်ဟာ စစ်ရေးကာလမှာ တောင်ငူကိုမထိပါးရအောင် မင်းကြီးရန်နောင်ကာကွယ်ပေးနိုင်စွမ်းရှိကြောင်းကို သူလျိုတွေနဲ့ စာအဆက်အသွယ်ရထားပြီးသားဖြစ်တယ် လို့ဆိုပါတယ်။

ကျော်ထင်နော်ရထာရဲ့ အဆိုကိုကြားတဲ့အခါ ညီလာခံတစ်ခုလုံးတိတ်ဆိတ်သွားတဲ့အပြင် တပင်ရွှေထီးလည်း အလွန်နှစ်ထောင်းအားရတဲ့အတွက် ပြုံးပြီး နောင်တော်ကျော်ထင်နော်ရထာရဲ့ လျှောက်တင်ချက်ဟာ သင့်တော်မှန်ကန်တယ်လို့ မိန့်ပါတယ်။

 ဒီလိုနဲ့ ညီလာခံသိမ်းခါနီးအချိန် ဆက်သားတစ်ဦးဟာ စာချွန်ကိုကိုင်ပြီး ဘုရင့်ဆီအဆောတလျင်ဆက်သပါတယ်။ ဒီစာလွှာကို အင်းဝက မင်းကြီးရန်နောင် သူလျှိုတွေနဲ့ပို့လိုက်တာဖြစ်ပြီး အကြောင်းအရာကတော့ မကြာသောအချိန်မှာ အင်းဝ ၊ ဟံသာဝတီနဲ့ ပြည်တို့ဟာ စစ်ရေးမဟာမိတ်တွေအဖြစ်ပူးပေါင်းတော့မယ့်အကြောင်း ပါရှိပါတယ်။

တပင်ရွှေထီးဟာ အစကတည်းကဟံသာဝတီကို ဦးစွာတိုက်ချင်တဲ့ဆန္ဒရှိတဲ့အပြင် ကျော်ထင်နော်ရထာရဲ့အင်အားအကြီးဆုံးရန်သူကိုစဖြိုတဲ့စစ်ဗျူဟာကို လွန်စွာသဘောကျပါတယ်။လက်အောက်ခံမြို့စားနယ်စားတွေကို တပ်လှန့်ခိုင်းပြီး အသင့်ပြင်ထားတဲ့ စစ်မှု့ထမ်းဥပဒေကို ချက်ချင်းအသက်ဝင်စေပါတယ်။ နဂိုကတည်းက စစ်ရေးလေ့ကျင့်ထားပြီးသား ရဲရ့င်တဲ့လူငယ်တွေဟာ အမြဲတမ်းတပ်အဖြစ် တပ်တွေစုဖွဲ့ကြသလို စစ်ဒဏ်ကိုကြံကြံခံနိုင်ဖို့ ကျေးလက်မြို့ရွာတွေမှာ ဒေသခံတပ်စုငယ်တွေဖွဲ့စည်းပြီး လိုအပ်တဲ့စစ်သည်အင်အား စဥ်ဆက်မပြတ်ရရှိအောင်လေ့ကျင့်စီစဥ်ကြပါတယ်။ တောင်ငူဟာဆန်ရေစပါးပေါများတဲ့အတွက် စားနပ်ရိက္ခာပြသနာမရှိပေမယ့် ရှေ့တန်းစစ်မျက်နှာမှာ တပ်တွေလျင်မြန်စွာစစ်ကစားနိုင်ဖို့  ထောက်ပံ့ရေးလမ်းကြောင်းအန္တရယ်ကင်းရှင်းဖို့အတွက် ဟံသာဝတီနယ်စပ် တောင်ငူခံတပ်မြို့တွေကို စားနပ်ရိက္ခာတွေ ကြိုတင်ပို့ထားကြပါတယ်။

တောင်ငူဘုရင်တပင်ရွှေထီး တိတ်တဆိတ်စစ်ပြင်နေတာကို ဟံသာဝတီရဲ့သူလျှိုတွေသိရှိသွားကြပါတယ်။ ဒါပေမယ့် ဟံသာဝတီ နန်းတွင်းကတော့ အင်းဝကိုသာ တောင်ငူသားတွေလုပ်ကြံဖို့ကြိုးစားနေတာဖြစ်မယ် ငါတို့ဟံသာဝတီကိုတော့ ဒင်းတို့မော်မကြည့်နိုင်ရာလို့ ဟစ်ကြွေးကြပါတယ်။ နန်းညီလာခံတစ်ခုလုံး ကျယ်လောင်တဲ့အတီးအမှုတ်တွေကြားမှာ ပျော်ရွှင်နေကြပေမယ့် ဆိတ်ဆိတ်နေတဲ့သူတွေကတော့ သုရှင်တကာရွတ်ပိဘုရင်ဆီကို ခပ်သုတ်သုတ်အခစားဝင်ကြပါတယ်။ ထိုသူတွေကတော့ စစ်ရေးအမတ်ကြီးတွေဖြစ်တဲ့ ဗညားလောနဲ့ ဗညားကျန်းတို့ပဲဖြစ်ကြပါတယ်။စစ်ရဲ့သဘောတရားအရ သတိလက်လွတ်မနေသင့်ကြောင်းနဲ့ ဒီငယ်ရွယ်တဲ့တပင်ရွှေထီးရဲ့တောင်ငူတပ်ဟာ မိမိတို့‌လောက်အင်အားမများပေမယ့် လျော့တွက်ထားလို့မရတဲ့စစ်တပ်ဖြစ်ကြောင်းလျှောက်တင်ကြပါတယ်။ သုရှင်တကာရွက်ပိကတော့ အကယ်၍ဟံသာဝတီကိုသာလာတိုက်ရင် ပြည်နဲ့ပေါင်းပြီး တောင်ငူကိုအမှုန့်ချေပစ်မယ်လို့ မိန့်ပါတယ်။ ဒါပေမယ့်သူပိုအရေးပေးတာကတော့ အင်းဝကို တပင်ရွှေထီးတပ်တွေတိုက်တာနဲ့ ဟံသာဝတီတပ်တွေ တောင်ငူမြို့ကိုသိမ်းနိုင်ရေးပြင်ဆင်ဖို့ကိုသာ အထူးဂရုစိုက်ဖို့အလေးပေးမိန့်ပါတယ်။ စစ်ရေးပရိယာယ်ကြွယ်တဲ့ အမတ်ကြီးတွေဖြစ်ကြသလို ရွှေမော်ဓောဘုရားမှာ တပင်ရွှေထီးရဲ့လက်ရုံးရည်ကိုအထင်အရှားတွေ့ရတဲ့အတွက် မိမိတို့ဟံသာဝတီတပ်တွေရဲ့အားသားချက် တောင်ငူတပ်တွေရဲ့အားသာချက်တွေကိုထောက်ရှု့ပြီး လျိုဝှက်စစ်နည်းဗျူဟာတစ်ခုကိုရေးဆွဲကြပြီး သုရှင်တကာရွက်ပိဆီလျှောက်တင်ကြပါတယ်။ ဟံသာဝတီဘုရင်သူရှင်တကာရွတ်ပိလည်း နေ့တွင်းချင်း နယ်စပ်ခံတပ်မြို့တွေကို နောက်ထပ်အမိန့်အသစ်မရမချင်း ဒီအမိန့်တော်ကိုကျင့်သုံးစေလို့ထုတ်ပြန်ပါတယ်။

ဆိုတော့ တောင်ငူနဲ့ ဟံသာဝတီကတော့စစ်ဖြစ်မှာသေချာသွားပါပြီ။ ဘယ်သူတွေကျန်နေပါသလဲ

အင်းဝဘုရင်သိုဟန်ဘွားကတော့ ဖြစ်နေတဲ့ပုန်ကန်ထကြွမှု့တွေကိုနှိမ်နင်းဖို့ကိုသာအ‌ေလးပေးပြီး အရေးကိစ္စကြီးလာခဲ့ရင်လည်း သူ့အဖေဖြစ်တဲ့မိုးညှင်းစော်ဘွားဟာ တပ်ကူတွေနဲ့ချက်ချင်းရောက်လာမှာဖြစ်တဲ့အတွက် အလေးမထားပဲ နန်းတော်မှာပျ်ောပွဲတွေကိုသာကျင်းပနေပါတယ်။ ဒီဇာတ်လမ်းမှာတချိန်လုံးချက်ကောင်းကိုစောင့်ပြီးသာတိုက်‌ေလ့ရှိတဲ့ ပြည်ဘုရင်သတိုးမင်းစောကတော့ တခြားသူတွေထက် သတင်းအတိအကျရနေပါတယ်။ အင်းဝကိုတောင်ငူတပ်တွေတိုက်မှာမဟုတ်တဲ့ပြင် တပင်ရွှေထီးဟံသာဝတီကိုဘယ်လိုတိုက်ဖို့ပြင်နေတယ်ဆိုတာကိုပါ သိနေပါတယ်။ သူကတော့ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့တဲ့ပွဲကို ကြည့်ဖို့ နေရာကောင်းမှာ အသင့်ပြင်ထားပါတယ်။ 

သမိုင်းကြောင်းတွေအရ အင်းဝဘုရင်မင်းခေါင်နဲ့ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်တို့ နှစ်လေးဆယ်စစ်တိုက်ခဲ့ကြတဲ့အတွက် အင်းဝရော ဟံသာဝတီပါ နှစ်ဖက်လုံးလုံးပါးပါးသွားခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။ ဒီအထဲမှာ ပင်လယ်ထွက်ပေါက်နဲ့ကူးသန်းရောင်းဝယ်ရေးကောင်းတဲ့ ဟံသာဝတီသာ နလန်ထနိုင်ခဲ့ပြီး အင်းဝကတော့ အနိုင်အရှုံးမထွက်ပဲ အတော်ချိနဲ့ကာ နောက်ဆုံး ရှမ်းတွေသိမ်းပိုက်တာခံခဲ့ပါတယ်။ ဒီအရေးမှာလည်း တောင်ငူဟာ ဟံသာဝတီကိုတိုက်ဖို့ ဇာတ်ခင်းနေတဲ့အတွက် ပြည်ဘုရင်ကတော့ ရေရှည်စစ်ပွဲဖြစ်ပြီး နှစ်နိုင်ငံလုံးချိနဲ့သွားတဲ့အချိန်ရောက်မှ ဟံသာဝတီရော တောင်ငူရောသိမ်းပြီး ဧကရာဇ်မင်းလုပ်မယ်လို့တွေးထားပါတယ်။ သူ့အစီအစဥ်အောင်မြင်ဖို့ ဟံသာဝတီနဲ့ချစ်ကြည်ရေးထိန်းထားရမှာဖြစ်ပြီး အရေးအခင်းကာလမှာ စစ်အင်အားကို နောက်ကွယ်ကတိုးချဲမှာဖြစ်ပါတယ်။

ဆိုတော့ ဒီလေးပွင့်ဆိုင် အချစ်ဇာတ်လမ်း‌လေးက ဘယ်လိုဆက်ဖြစ်မှာပါလဲ

နည်းနည်းရှည်သွားတဲ့အတွက် နောက်အပိုင်းမှာပြန်တွေ့ကြပါမယ်ခင်ဗျား

ကြည့်ရှ့ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်


YHNL

ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.


 ပလ္လင်တစ်ခု မင်းလေးပါး - အပိုင်း၅- ငါဟဲ့တပင်‌ရွှေထီး


Previous Post Next Post