ဖူးခွင့်မရှိတဲ့ဘုရားနဲ့ ရွှေလည်စွဲသူရဲကောင်းများ အပိုင်း၄

မင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်

စစ်တိုက်ဖို့ပဲလာလာ၊ ဘုရားဖူးဖို့ပဲလာလာ ဒီတောင်ငူသားဟာ င့ါကိုမထီမဲ့မြင်ပြုပြီးစော်ကားတာပဲဖြစ်တယ်။ ဒါကြောင့်မောင်မင်းတို့ထွက်ဆုံးမချေ သို့ပေမယ့် အရှင်ရအောင်ဖမ်းပြီး ငါ့ရှေ့တော်မှောက်အရောက်ဆက်သစေ

မင်းကြီးညိုနတ်ရွာစံသွားတာနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေဟာ တောင်ငူကိုသိမ်းဖို့စပြင်ဆင်ကြပါတယ်။ ဒီအထဲမှာ တောင်ငူအရေးကို အထူးစိတ်ဝင်စားတဲ့သူတွေကတော့ ပြည်ဘုရင်နရပတိ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိနဲ့ အင်းဝက မင်းကြီးရန်နောင်တို့ပဲဖြစ်ပါတယ်။ ပြည်ဘုရင် နရပတိကတော့ တပင်ရွှေထီး ဘုန်းကြီးတယ်လို့ကျော်ကြားတယ်ဆိုတာဟာ လူကြီးတွေမြှောက်စားလွန်းပြီး အလွန်အမင်းချီးမွှန်းလွန်းနေတာ ဖြစ်မယ်လို့ ယူဆပါတယ်။ နောက်ပြီးငယ်ရွယ်တဲ့ဘုရင်နဲ့ဆက်ဆံတဲ့အခါ သူသေးသိမ်တယ်လို့ခံစားရတဲ့အတွက် ဟံသာဝတီဘုရင်နဲ့သာပေါင်းပြီး တောင်ငူကို တစ်လွှာခြင်းနွှာမယ်လို့ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ပြည်နဲ့ ဟံသာဝတီဟာ မဟာမိတ်ဖွဲ့ပြီး ၂ဖက်ညှပ်ခါ မင်းကြီးညိုလက်ထက် မော်ကြွားခဲ့သမျှကို တပင်ရွှေထီးလက်ထက်မှာ အမှုန့်ချေပစ်ဖို့ သဘောတူထားကြပါတယ်။ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိကတေ့ာ တပင်‌ရွှေထီဟား မင်းရဲကျော်စွာဝင်စားတယ်လို့အယုံရှိတဲ့အတွက် တိုင်းရေးပြည်ရာနဲ့ စစ်မှု့ရေးရာတွေမှာ လိမ်မာကျွမ်းကျင်တဲ့ အမတ်ကြီး ဗညားကျန်းနဲ့ ဗညားလောကို စစ်အင်အားတိုးချဲ့ဖို့နဲ့  အခါမရွေးစစ်ပွဲဆင်နွှဲနိုင်ဖို့ အသင့်ပြင်ထားစေပါတယ်။

တောင်ငူဘုရင် မင်းကြီးညိုနတ်ရွာစံသွားတဲ့အခါ မှူးမတ်သေနာပိတွေအကုန်လုံးက တစ်သဘောတည်းပဲ မင်းသားတပင်ရွှေထီးကို နန်းတင်ကြပါတယ်။ ၁၅နှစ်နဲ့ ရှင်ဘုရင်ဖြစ်လာတဲ့ မင်းတရားရွှေထီးဟာ သူ့ရဲ့နန်းသိမ်းပွဲမှာ ငယ်စဉ်ကတည်းက သစ္စာစောင့်သိကြတဲ့ လူယုံတွေကို ဘွဲ့ထူးအဆောင်အယောင်တွေ ချီးမြှင့်ပါတယ်။

အထိန်းတော်ကြီးမင်းကြီးဆွေကို မင်းရဲသိင်္ခသူဘွဲ့

အထိန်းတော်ကြီးရှင်နီတာကို သတိုးသုဓမ္မရာဇာဘွဲ့

အထိန်းတော်ရှင်သီဟကို စည်သူကျော်ထင်ဘွဲ့

အထိန်းတော်နတ်ရှင်တော်ကို ဘယနန်သူဘွဲ့ နဲ့

ဖွားဖက်တော်ဖြစ်တဲ့ ရှင်ရဲထွတ်ကို ကျော်ထင်နော်ရထာဘွဲ့ အစရှိသဖြင့် ချီးမြှင့်ပါတယ်။

မင်းကြီးညိုဟာ သူ့သားကိုချစ်လွန်းတဲ့အတွက် နားထွင်းဖို့ မင်္ဂလာအရှိဆုံးအချိန်အခါကို ရွေးခဲ့ပေမယ့် သူစိတ်ကြိုက်တဲ့အခါတေ်မတွေ့တာကြောင့် တပင်ရွှေထီးဟာ ဘုရင်ဖြစ်တဲ့အချိန်အထိ နားမထွင်းရသေးပဲရှိနေပါတယ်။ တပင်‌ရွှေထီးဟာ ့ရှေးဘဝကဆုတောင်းဖြစ်တဲ့အပြင် ငယ်ငယ်ကတည်းကဖူးချင်တဲ့ ဟံသာဝတီက ရွှေမော်ဓောဘုရားမှာ နားထွင်းမင်္ဂလာပြုဖို့ စီစဉ်ပါတယ်။ ရွှေမော‌ဓော်ဘုရားဟာ အလွန်တန်ခိုးကြီးပြီး ဆုတောင်းတိုင်းပြည့်တဲ့အတွက် မင်းညီမင်းသားတွေနဲ့ ဘုရားဖူးလာသူတွေစည်ကားတဲ့နေရာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မွန်ဘုရင်တွေဟာ မင်းညီမင်းသားတွေ ဆုတောင်းပြည့်ပြီး ပုန်ကန်ထကြွတာ အောင်မြင်မှာစိုးတဲ့အတွက် ရွှေမော်ဓောဘုရားကို ဘယ်သူမှမဖူးဖို့ အမိန့်ချကာ စစ်သည်ရဲမက်တွေနဲ့ အစောင့်ချထားပါတယ်။

တပင်ရွှေထီးရဲ့ နားထွင်းမဲ့အစီအစဉ်ကိုကြားတဲ့အခါ မူးကြီးမတ်ရာတွေနဲ့ သေနာပတိတွေဟာ အလွန်တုန်လှုပ်သွား ကြပါတယ်။ ခုမှတက်ခါစဘုရင်ဖြစ်တဲ့အပြင် ရန်သူ့နယ်မြေထဲကဘုရားမှာ အချိန်အတန်ကြာ နားထွင်းမယ် ဆိုတဲ့အတွက် အကယ်၍တစ်စုံတစ်ရာမှားယွင်းခဲ့သော် တောင်ငူထီးနန်းပြတ်သွားမှာကို အလွန် စိုးရိမ်ကြပါတယ်။ ဒီအရေးဟာ အင်အတန်အရေးကြီးတဲ့အတွက် ကျော်ထင်နော်ရထာဘွဲ့ခံ ရှင်ရဲထွတ်ဟာ ရန်သူနယ်မြေကို ဝင်ရောက်ဖို့အတွက် အထူးစစ်ဆင်ရေးတစ်ရပ်ကို ပြင်ဆင်ရပါတယ်။ လျှပ်တပြတ်အတွင်းအရေးကိစ္စကို ပြီးစီးအောင်ဆောင်ရွက်နိုင်ဖို့ဆိုတာဟာ များပြားတဲ့စစ်သည်အင်အားထက် စစ်ဘီလူးတွေလို့တင်စားကြတဲ့ စစ်သူရဲတွေကို အသုံးပြုမှသာလွယ်ကူမှာဖြစ်ပါတယ်၊ အထိတ်အလန့်အကြောက်တရားမရှိတဲ့စစ်သူရဲတွေရွေးချယ်ဖို့အတွက် တပင်ရွှေထီးဟာ လက်သည်းကြားကို အပ်စိုက်ပြီး တူနဲ့ရိုက်သွင်းတဲ့အချိန်မှာ မတွန့်မရွံတဲ့သူကိုသာ‌ အမှု့တော်ကိုထမ်းရွက်စေမှာဖြစ်ပါတယ်။ ရှင်ဘုရင်ကိုယ်တိုင်ရွေးချယ်မှာဖြစ်တဲ့အတွက် အမှု့တော်ကိုထမ်းခွင့်ရဖို့  နန်းတော်တစ်ခုလုံး သူ့ထက်ငါလက်ရောက်ယှဥ်ပြိုင်သူတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကားနေပါတယ်၊နောက်ပြီး တပင်ရွှေထီးက စမ်းသပ်မှု့ကိုမလုပ်ဘဲ နောက်တော်ကိုလိုက်ခွင့်မရှိစေရလို့ အမိန့်ရှိတဲ့အတွက် သူ့ရဲ့လူယုံကျွန်ရင်းတွေပါ စမ်းသပ်ပွဲကိုဝင်အရွေးခံကြပါတယ်။ ဒီနားထွင်းပွဲနဲ့ပတ်သတ်ပြီး သမိုင်းမှာပြောစမတ်ကျန်ခဲတဲ့ ဖြစ်စဥ်တစ်ခုရှိခဲ့ပါတယ်၊ တပင်ရွှေထီးနန်းတက်တဲ့အခါ သူ့ဖွားဖက်တော်တွေဟာ ဘုရင်အပါးမှာဓားထမ်းပြီးအမှု့ထမ်းရတဲ့ လူယုံတပ်မှူးတွေဖြစ်လာကြပါတယ်။ဒီအထဲက တပင်ရွှေထီးရဲ့ဖွားဖက်တော်တစ်ဦးဖြစ်တဲ့ ဗလရဲထင်ဟာ သူရဲကောင်းရွေးပွဲမှာ ဝင်အရွေးခံခဲ့ပါတယ်။ လက်သည်းကြားကိုအပ်စိုက်ပြီးတူနဲ့အထုခံရချိန်မှာ ဗလရဲထင်ဟာ အနည်းငယ်တွန့်သွားတာကို မင်းတရားတပင်ရွှေထီးနဲ့ ပရိတ်သတ်ဗိုလ်ပါအပေါင်းက အထင်ရှားမြင်လိုက်ကြပါတယ်။ ဒါကြောင့် တပင်ရွှေထီးက ဗလရဲထင်က သွေးတွန့်ရသလားလို့ မိန့်ပြီးပြုံးပါတယ်။ လူရွေးပွဲမှာမအောင်မြင်တဲ့အတွက် ကျော်ထင်နော်ရထာဟာ ဗလရဲထင်ရဲ့လက်ကိုဆွဲပြီး နန်းတော်အပြင်ထွက်လို့ဆိုပါတယ်။ အခုလိုနားထွင်းပွဲအတွက်လူရွေးတဲ့ အရေးကြီးအမှု့ကိစ္စမှာ မိမိဘုရင်ကို အသက်ပေးကာကွယ်ခွင့်ရမယ့်အခွင့်အရေး လက်လွတ်ဆုံးရှုံးသွားတာဖြစ်တဲ့အတွက် ဗလရဲထင်ဟာ ယူကျုံးမရဖြစ်ပြီး တပင်ရွှေထီးကို အခုလိုဦးတိုက်လျှောက်ထားပါတယ်၊

ဘုရားကျွန်တော်မျိုးကို ရဲစွမ်းသတ္တိနဲ့သွေးမရှိသည်ဟု ထင်မြင်ကြသည်မှာ လွန်စွာအရှက်ရပါသည်၊ အမှန်အားဖြင့် ဘုရားကျွန်တော်မျိုးသည် သွေးနည်းသူမဟုတ်ပါ၊ဤစမ်းသပ်လူရွေးပွဲတွင် အောင်မြင်ခြင်းမရသဖြင့် နောက်တော်ပါးမှာ ကျောက်စီဓါးကိုထမ်းပြီး လိုက်ခွင့်ရတော့မည်မဟုတ်သောကြောင့် လွန်စွာဝမ်းနည်းရပါသည်ဘုရား ၊ သို့ရာတွင် ဘုရားကျွန်တော်မျိုးရဲ့သတ္တိကို ရွှေနန်းရှင်ဘုရားနှင့် အများသိအောင်ပြသလိုပါသည်ဘုရား လို့လျှောက်ကာ မိမိစကားဆုံးတာနဲ့ ခါးမှာထိုးထားတဲ့ ဓားမြှောင်ကိုချွတ်ပြီး ဗိုက်ကိုတန်းခွဲလိုက်ပါတယ်၊ သွေးတွေဒလဟောထွက်လာပေမယ့် ဗလရဲထင်ဟာ မိမိဗိုက်က အူကိုဆွဲထုတ်ပြီး ကျော်ထင်နော်ရထာဆီ အူစကိုကမ်းကာ  ကိုင်ပါ လိုဆိုပါတယ်။ ကျော်ထင်နော်ရထာအူစကိုကိုင်ပြီးတာနဲ့  ဗလရဲထင်ဟာ အလွန်မြန်တဲ့အရှိန်နဲ့ ပြေးပါတယ်။ ဗိုက်မှာအူတွေကုန်သွားတာနဲ့ ဗလရဲထင်ဟာဘုန်းခနဲလဲပြီး နေရာမှာတင်အသက်ထွက်သွားပါတယ်

မျက်စိတစ်မှိတ်အတွင်းဖြစ်သွားတဲ့အရာဖြစ်တဲ့အတွက် ပရိတ်သတ်ဗိုလ်ပါအပေါင်းက ကြောင်အမ်းအမ်းဖြစ်သွားကြပါတယ် ၊သတိပြန်ဝင်လာကြတဲ့အခါ ဗလရဲထင်ဟာအရှင့်အမှု့တော်ကိုထမ်းခွင့်မရ၍ အဆုံးစီရင်သွားတယ် လေးစားဂုဏ်ပြုထိုက်တယ်ဆိုပြီး လက်ခုတ်လက်ခမောင်းခတ် ချီးကျူးဟစ်ကြွေးကြပါတယ်။  ဗလရဲထင်သေဆုံးသွားတဲ့အခါ တပင်ရွှေထီးဟာပြုံးတော်မူပြီး ငါ့ကျွန်ရင်းဗလရဲထင်ဟာ မိုက်တော့မိုက်ရဲသားဘဲ သို့ရာတွင်သတ္တိကားမရှိလို့ မိန့်ပါတယ်၊ဒါဟာ သမိုင်းမှာ ပြောစမှတ်ကျန်တဲ့ကိစ္စဖြစ်သလို အဲအချိန်မှာ တပင်ရွှေထီးပြောခဲ့တဲ့စကားဟာလည်း နောင်လာနောင်သားတွေအတွက် သတ္တိရှိတာနဲ့ မိုက်တာကို ပိုင်းခြားခဲ့တဲ့ နက်နဲတဲ့ အဆုံးအမတစ်ခုဖြစ်လာခဲ့ပါတယ်

လက်‌ရွေးစင်သူရဲကောင်းငါးရာကိုရွေးချယ်ပြီးတဲ့နောက် တပင်ရွှေထီးဟာ ကြိုးစအနီနဲ့ရွှေတံဆိပ်ပြားတွေကို ကိုယ်တိုင်ဆွဲပေးပါတယ်။ ဒီနေရာမှာရွေးချယ်ခံရတဲ့စစ်သူရဲတွေဟာ နောင်တချိန်မှာ ရွှေလည်စွဲသူရဲကောင်းတွေအဖြစ် သမိုင်းမှာထင်ရှားပါတယ်၊ ရွှေလည်စွဲတွေဟာ စစ်ပွဲတိုင်းမှာ ရှေ့ဆုံးကဝင်တိုက်ပြီး တိုက်ပွဲရဲ့အဆုံးအဖြတ်ကို အလေးသာအောင်စွမ်းဆောင်ခဲ့ကြပါတယ်။ တပင်ရွှေထီးရဲ့ နား‌ထွင်းပွဲမှာရွေးချယ်ခဲ့တဲ့ ရွှေလည်စွဲသူရဲကောင်းတွေဟာ သမိုင်းမှာအထင်ရှားဆုံးတိုက်ပွဲတွေဖြစ်တဲ့ ဘုရင့်နောင်ရဲ့နောင်ရိုးတိုက်ပွဲ မြို့သိမ်းတိုက်ပွဲတွေနဲ့ မြန်မာယိုးဒယားစစ်ပွဲတွေမှာ ရွတ်ရွချွန်ချွန်တိုက်ခိုက်ခဲ့တယ်ဆိုတာကတော့ သမိုင်းမှာမထင်ရှားခဲ့ခြေရာတွေဖြစ်ပါတယ်။

ဆိုတော့ နားထွင်းပွဲဖက်ကိုသွားရအောင်ဗျာ

တပင်ရွှေထီးဟာ ရွှေမော်ဓောဘုရားမှာနားထွင်းသွားဖို့အတွက် သတ္တရုဇေယျလို့အမည်ရတဲ့မြင်းကိုစီးပါတယ်။ သတ္တရုဆိုတာက ရန်သူ ဇေယျဆိုတာက အောင်မြင်သည်လို့ အဓိပ္ပါယ်ရပါတယ် ။ မြင်းကိုစီးဖို့ ပတ္တမြားကုန်းနှီးအသုံးပြုပြီး အောက်မှာအင်းကွက်တွေကိုချထားပါတယ်။ မြင်းရဲ့ဦးခေါင်းမှာ သပြေခက်နဲ့နေဇာမြက်ကိုစိုက်ပြီး လောကတတ်ပုဏ္ဏားတွေရဲ့အစီအမံနဲ့ ရန်သူ့နိုင်ငံဟံသာဝတီရဲ့ နံသင့်ဖြစ်တဲ့ စနေနံသစ်ပင်ဖြစ်တဲ့ ထိန်ပင်၊ ထန်းပင်၊ဒန်းပင်တွေကို တပ်ဦးမှာစတိစိုက်ပြီး ခုတ်လှဲကြပါတယ်။

လောကီအစီအရင်တွေပြုလုပ်ပြီးတဲ့နောက် တပင်‌ရွှေထီးဟာ သတ္တရုဇေယျမြင်းကိုစီးပြီး ကေတုမတီနန်းတော်ရဲ့ တောင်ဘက့်တံခါးကထွက်ပါတယ်။ ကျော်ထင်နော်ရထာဟာ ဓားအိမ်ကဓားကိုထုတ်ပြီး ဓားလွတ်ချည်းကျစ်ကျစ်ပါအောင်ဆုတ်ကာ‌  ရွှေလည်စွဲစစ်သူရဲငါးရာနဲ့ မြင်စီးပြီး နောက်ကထပ်ချက်မကွာလိုက်ပါတယ်။

တပင်ရွှေထီးစစ်သူရဲငါးရာနဲ့ ရွှေမော်ဓောဘုရားကို စစ်ချီလာတယ်ဆိုတဲ့ သတင်းစကားဟာအလျင်အမြန်ဘဲ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိဆီရောက်သွားပါတယ်။ ဒါကြောင့်သူ့ရဲ့ လက်ရုံးတော်ကြီးတွေဖြစ်တဲ့ ဗညားလော၊ ဗညားကျန်းအပါ မူးမတ်သေနာပတိတွေကို ချက်ချင်းခေ်လိုက်ပါတယ်။ မူးကြီးမတ်ရာတွေလည်း မျက်နှာမသာမရာဖြစ်ကြပြီး ဘုရင့်ဆီအခစားဝင်တာနဲ့ သုရှင်တကာရွတ်ပိက တောင်ငူသားတပင်ရွှေထီး ရွှေမော‌ဓောဘုရားကိုစစ်ချီလာတယ်ဆိုတာဟုတ်သလား စစ်သည်ဘယ်လောက်ပါသလဲ နောက်ချန်အင်အားရောဘယ်လောက်ရှိသလဲ လို့မေးပါတယ်။ မူးမတ်တွေလည်း ပြာပြာသလဲပဲ တပင်ရွှေထီးဘုရားကိုရောက်နေသည်မှာ မှန်ကန်ကြောင်းပါဘုရား သို့ပေမယ့်တိုင်းနိုင်ငံကိုလုပ်ကြံလို၍မဟုတ်ပဲ ဘုရားဖူးဟန်တူကြောင်းပါဘုရား။ နောက်ကတပ်များပါသည်မပါသည်ကိုအတိအကျမသိကြောင်း စစ်သည်စုဖွဲပုံနဲ့ တပ်ထောက်နားတဲ့အခြေအနေအရ တပင်ရွှေထီးနဲ့အတူစစ်သားငါးရာသာပါလာတဲ့အကြောင်း ကိုလျှောက်တင်ကြပါတယ်။

သုရှင်တကာရွတ်ပိဟာ အလွန်ဒေါသထွက်တဲ့အတွက် စစ်တိုက်ဖို့ပဲလာလာ၊ ဘုရားဖူးဖို့ပဲလာလာ ဒီတောင်ငူသား ငါ့နိုင်ငံထဲကိုကျူးကျော်လာတာဟာ င့ါကိုမထီမဲ့မြင်ပြုပြီးစော်ကားတာပဲဖြစ်တယ်။ ဒါကြောင့်တပင်ရွှေထီးကို သင်တို့ထွက်ဆုံးမချေ သို့ပေမယ့် အရှင်ရအောင်ဖမ်းပြီး ငါ့ရှေ့တော်မှောက်ကိုအရောက်ဆက်သစေလို့ အမိန့်ပေးပါတယ်။

ဘုရင့်အမိန့်ရတာနဲ့ ဗညားလောနဲ့ ဗညားကျန်ဟား နန်းတော်မှာ မြို့စောင့်တပ်ကို အသင့်ပြင်ပြီး  ခါးပိုက်ဆောင်တပ်တွေနဲ့ ရွှေမော်ဓောဘုရားကို အတင်းစစ်ချီကြပါတယ်။ ဘုရားအနီးဝန်းကျင်မှာရှိတဲ့ မြို့စားတွေလည်း တပ်ပင်ရွှေထီးကိုဖမ်းပြီး ဘုရင့်ဆီဆက်ဖို့တပ်တွေကို အတင်းတပ်လှုပ်စေပါတယ်။

ဒီလိုအားလုံးစစ်ပြင်နေတဲ့အချိန်မှာ တပင်ရွှေထီးဟာ ဟံသာဝတီနယ်စပ်ကိုကျော်််ပြီး ရွှေမော်ဓောဘုရားအခြေကိုဆိုက်ရောက်လာနေပါပြီ

နည်းနည်းရှည်သွားတဲ့အတွက် နောက်အပိုင်းမှာပြန်တွေ့ကြပါမယ်ခင်ဗျာ

ကြည့်ရှု့ပေးတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီတင်ပါတယ်


YHNL

ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.


 ဖူးခွင့်မရှိတဲ့ဘုရားနဲ့ ရွှေလည်စွဲသူရဲကောင်းများ


Previous Post Next Post