အရှေ့လေနဲ့ ခေါင်းပေါင်း

အမှု့တော်ကို မလစ်ဟင်းအောင်ထမ်းဆောင်ပါ ၊ အရေးတော်ပုံအောင်မြင်ရင် သွေးသောက်ကိုနန်းတင်ပါ့မယ်

မင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်

နိုင်ငံရဲ့နေရာအနှံအပြားမှာ လက်နက်စွဲကိုင်ပြီး အုပ်စုဖွဲ့မင်းလုပ်နေကြချိန်ဖြစ်ပါတယ်။ ၄င်းတို့အထဲမှာ  အင်းဝဘုရင် နရပတိ ပြည်ဘုရင်သတိုးမင်းစော ဟံသာဝတီဘုရင် သူ့ရှင်တကာရွတ်ပိ ရှမ်းစော်ဘွား မိုးညှင်းစလုံ နဲ့ တောင်ငူ က မင်းကြီးညိုတို့ဟာ များပြားတဲ့စစ်အင်အားတွေကိုပိုင်ဆိုင်ထားတဲ့ စစ်ဘုရင်တွေဖြစ်ကြပါတယ်။

မြန်မာသက္ကရာဇ် ၈၈၅ မှာ မိုးညှင်းစော်ဘွားဟာ အင်းဝကို အင်းအားအလုံးအရင်းနဲ့ ဝင်တိုက်တဲ့အတွက် အင်းဝရွှေနန်းကြော့ရှင် နရပ‌တိရဲ့ တပ်တွေဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ ကျရှုံးပြီး မြေဒူးမြို့ ကို ဆုတ်ပြေးရပါတယ်။ ရှမ်းတပ်တွေက ထပ်တိုက်ခိုက်တဲ့အတွက် အင်းဝသားတွေ တပ်ပျက်သွားပြီး မင်းနေပြည်တော်ဖြစ်တဲ့ အင်းဝကိုသာခံစစ်ပြင်ဖို့ တပ်ဆုတ်လာခဲ့ကြပါတယ်။ မိုးညှင်းစော်ဘွားရဲ့ တပ်တွေဟာ အင်းဝအနီးနားက ရပ်ရွာတွေကို တိုက်ခိုက်ဖျက်ဆီးပြီး စစ်ကိုင်းနဲ့ သရက်အထိစစ်ဦးလှည့်သွားကြပါတယ်။ အဲဒိနောက် ပြည်ကိုတိုက်ခိုက်ဖို့ စခန်းချပြီး လူသူလက်နက်နဲ့ရိက္ခာတွေကို စုဆောင်းနေကြပါတယ်။

အင်းဝဘုရင်နဲ့ ဆွေမျိုးအရင်းဖြစ်တဲ့ ပြည်ဘုရင် သတိုးမင်းစောက မိုးညှင်းစော်ဘွားဆီ လက်ဆောင်ပဏ္ဍာတွေ ဆက်သပြီးတော့ သူဟာ မိုးညှင်းစော်ဘွားဖက်က ဝင်တိုက်ပေးမှာဖြစ်ပြီး နိုင်တဲ့အခါ အင်းဝမှာ သူ့ကိုဘုရင်ခန့်ဖို့ အပေးအယူကမ်းလှမ်းပါတယ်။  မိုးညှင်းစော်ဘွားက သူရဲ့ဌာနချုပ်ဖြစ်တဲ့ရှမ်းပြည်နဲ့ဝေးတဲ့အပြင် စစ်ဦးလဲ အတော်ကျွံခဲ့ပြီဖြစ်တဲ့အတွက် အမှု့တော်ကို မလစ်ဟင်းအောင်ထမ်းဆောင်ပါ ၊ အရေးတော်ပုံအောင်မြင်ရင် သွေးသောက်ကိုအင်းဝမှာ နန်းတင်ခဲ့ပါ့မယ် ကျွန်ုပ်ကတော့ ဆင် မြင်းတွေနဲ့ ရွှေငွေရတနာတွေကိုသာယူပြီး မိုးညှင်းကိုပြန်ပါမယ် လို့ဆိုပါတယ်။ဒီသဘောတူညီချက်အရ သတိုးမင်းစောရဲ့ ကြည်းတပ် ရေတပ်တွေဟာ မိုးညှင်းစော်ဘွားရဲ့ ရှမ်းတပ်တွေနဲ့ပေါင်းပြီး အင်းဝကိုချီတက်သွားကြပါတယ်။

နိုင်ငံရဲ့ချိန်ခွင်လျာဟာ ရုတ်တရတ် ပြောင်းလဲသွားတဲ့အတွက် တောင်ငူဘုရင်မင်းကြီးညိုဟာ သူရဲ့လက်ရုံးတော်ကြီးတွေဖြစ်တဲ့ စည်သူကျော်ထင် မင်းကြီးဆွေတို့နဲ့တိုင်ပင်ပါတယ်။ တကယ်လို့ မိုးညှင်းစားနဲ့ ပြည်စားဟာ အင်းဝကို လုပ်ကြံနိုင်ခဲ့ရင် မိုးညှင်းစော်ဘွားဟာ အင်းဝမှာရှိတဲ့ ကျောက်သံတွေနဲ့ ဆင်ကောင်းမြင်းကောင်းတွေကို သိမ်းပြီး သူ့ဌာနေဖြစ်တဲ့ ရှမ်းပြည်ကိုပြန်မှာဖြစ်တယ်။ ဒါပေမယ့် ပြည်စားကတော့ အင်းဝမှာ တစ်ယောက်တည်းကျန်ခဲ့လိမ့်မယ်။  အခွင့်ကိုစောင့်ပြီး ပြည်စားသတိုးမင်းစောကို အင်းဝမှာထောင်ဖမ်းနိုင်ခဲ့ရင် အင်းဝကိုရော ဘုရင်မရှိတော့တဲ့ ပြည်ကိုရော ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင် အသာတကြည်အောင်နိုင်မှာဖြစ်တယ် ။ဒါကြောင့် မင်းကြီးညိုဟာ သူ့တပ်တွေကို အရေးကိစ္စမပေါက်ကြားစေဘဲ အသင့်အနေအထားနဲ့ တပ်လှန့်ထားလိုက်ပါတယ်။

ကျန်တဲ့အခြားတစ်ဖက်မှာတော့ မိမိအမျိုးအရင်းက သစ္စာဖောက်ပြီးရန်သူနဲ့ပူးပေါင်းသွားတာကို ကြုံလိုက်၇တဲ့ အင်းဝစားနရပတိဟာ မထင်ထားတဲ့အကွက်ထုတ်သုံးပြီး စစ်ပွဲအခြေအနေကိုပြောင်းလဲလိုက်ပါတယ်။ ဒါကတော့ သူနဲ့ချစ်ကြည်ရေးရထားတဲ့ အုန်းပေါင်စော်ဘွားကို လက်ဆောင်ပဏ္ဍာတွေပို့ပြီး အင်းဝဖက်ကနေ ရှမ်းမဟာမိတ်တပ်တွေကို ကူတိုက်ပေးဖို့ စစ်ကူတောင်းပါတယ်။ အုန်းပေါင်စော်ဘွားဟာ ချက်ချင်းလက်ခံပြီးတော့  တိုက်ဆင်၁၀၀ စစ်မြင်း ၆၀၀၀နဲ့ အတူ စစ်သူရဲ ၈သောင်းတို့ကို အင်းဝကိုကူဖို့ တစ်ဟုန်ထိုးစေလွှတ်လိုက်ပါတယ်။

အခြေအနေဟာ ရုတ်တရတ်ပြောင်းလဲသွားတဲ့အတွက် အင်းဝဟာခံစစ်ပြင်ရာကနေတိုက်စစ်ဖွင့်ပြီးတိုက်ဖို့  စစ်စည်ကြီးတွေတီးပြီး ရဲတံခွန်တွေ လွှင့်ထူထားကြပါတယ်။ ဘက်မျှတဲ့တိုက်ပွဲဖြစ်သွားတဲ့အတွက် အရာအားလုံးက မြေပြင်မှာရှိတဲ့ စစ်သူရဲတွေရဲ့ စွမ်းဆောင်ရည်ပေါ်မှာ အပြည့်အဝမူတည်နေပါပြီ။ ဒီလိုမျှခြေဖြစ်နေတဲ့ ချိန်ခွင်မှာ အောက်ခံပြားတစ်ခုဟာ အလေးခိုးထားခဲ့ပါတယ်။ အကြောင်းကတော့ နရပတိဘုရင်ရဲ့ဆွေမျိုးဖြစ်တဲ့အပြင် ဗမာတပ်တွေရဲ့စစ်ကစားပုံကို ကောင်းစွာနားလည်ထားတဲ့ ပြည်စားဟာ အင်းဝတပ်တွေရဲ့ စစ်ဗျူဟာနဲ့ ရဲမက်အခင်းအကျင်းကို အလွယ်တကူပဲထိုးဖောက်ဝင်ရောက်နိုင်တဲ့အတွက် တိုက်ပွဲမှာ ပြည်နဲ့မိုးညှင်းစော်ဘွားတို့ရဲ့ပူးပေါင်းတပ်က အင်းဝကိုအနိုင်တိုက်နိုင်ခဲ့ပါတယ်။ အင်းဝဘုရင် နရပတိလည်း ညတွင်းပဲ နောက်ကျန်ရဲမက်တွေကိုခေါ်ပြီး မိဖုရားမောင်းမမိဿံတွေနဲ့အတူ နန်းတော်ကထွက်ပြေးပါတယ်။ ဘုရင်ထွက်ပြေးတာကို သိသွားတဲ့အတွက် မိုးညှင်းစော်ဘွားဟာ နန်းတော်ကိုစစ်ဦးတန်းတိုက်ပြီး သိမ်းလိုက်ပါတယ်။ ကတိအတိုင်း အင်းဝကို ပြည်စား သတိုးမင်းဖျားကိုပေးပြီး ရလာတဲ့ ရွှေငွေကျောက်သံ ဆင်မြင်းတွေနဲ့ အတူ ၃ရက်မြောက်တဲ့နေ့မှာ စော်ဘွားဟာ မိုးညှင်းကို တပ်ပြန်ဆုတ်သွားပါတယ်။

ပြည်စားသတိုးမင်းစော ဟာ အင်းဝဘုရင် နရပတိပြေးရာမှာကျန်တဲ့ ဘုရင့်သမီးတော်သီရိဘုန်းထွတ်နဲ့ စာဆိုကျော် ရှင်မဟာရဌသာရတို့ကိုသိမ်းပြီး ကျန်ရှိတဲ့ ဆင်မြင်ဗိုလ်ပါတွေနဲ့ အင်းဝမှာအထိုင်တည်လိုက် ပါတယ်။ ဒါပေမယ့် စစ်ရှုံးသွားတဲ့ အင်းဝတပ်နဲ့ အုန်းပေါင်တပ်တွေဟာ ဆင်ခေါင်းဝက်ဝင်အရပ်မှာတပ်စွဲပြီး နန်းတော်ကိုပြန်းသိမ်းဖို့အင်အားဖြည့်တင်းနေတာကိုသိတဲ့အတွက် သတိုးမင်းစောလည်း ရသမျှအကုန်သိမ်းပြီး ပြည်ကိုတန်းပြန်ပြေးပါတယ်။

ကစားပွဲရဲ့အဆုံးသတ်ဟာ မင်းကြီးညိုမှန်းဆထားသလိုထွက်လာပေမယ့် အပိုင်ရိုက်ရမယ့်ကြက်ကတော့ ပြည်ကိုတန်းပြေးသွားခဲ့ပါပြီ။ တောင်ငူတပ်တွေအတွက်က အင်းဝဟာ အင်အားသာလွန်နေဆဲဖြစ်သလို ချက်ကောင်းထိထားတဲ့ကျားနာတစ်ကောင်ပါဖြစ်နေတဲ့အတွက် မင်းကြီးညိုဟာ နန်းတော်ကိုမသိမ်းပဲ အင်းဝတပ်တွေကို စစ်မြူပြီး တောင်ငူကေတုမတီနန်းတော်ဆီဆုတ်ခွာလာခဲ့ပါတယ်။ ရွှေနန်းကြော့ရှင်နရပတိနဲ့ အုန်းပေါင်စော်ဘွားဟာ စစ်ဦးကိုဖိပြီး တောင်ငူတပ်တွေကို အတင်းလိုက်ပေမယ့် အစကတည်းကစစ်ခေါ်ဖို့သာစီစဉ််ထားတဲ့ တောင်ငူပင်မတပ်ကိုမမှီတဲ့အတွက်  ကေတုမတီနန်တော်ကိုလိုက်လာပြီး ဝိုင်းရံလုပ်ကြံကြပါတယ်။ တောင်ငူဟာ ဆန်‌ရေစပါးပေါများသလို အနှစ်နှစ်အလလ စစ်ပွဲအတွက် လက်နက်ရိက္ခာနဲ့ စစ်သည်ရဲမက်တွေကို စည်းစနစ်တကျ လေ့ကျင့်ပြင်ဆင်ထားတာဖြစ်ပါတယ်။ မလောက်လေးမလောက်စားလို့ထင်ထားတဲ့‌ေတာင်ငူဟာ ထင်သလောက်မလွယ်အတွက်အင်းဝတပ်တွေစစ်ပန်းပြီး အထိခိုက်အကျအဆုံးများလာသလို ရိက္ခာကလည်း စစ်ပွဲရဲ့အနက်ရှိုင်းဆုံးပြသနာဖြစ်လာခဲ့ပါပြီ။

မြေပြင်အခြေအနေကိုမှန်းဆမိတဲ့ မင်းကြီးညိုဟာ လက်ဆောင်ပဏ္ဍာတွေနဲ့အတူ အင်းဝ‌ဘုရင်ရွှေနန်းကျော့ရှင်ဆီ စာချွန်လွှာပေးပို့ပါတယ်။

စာလွှာမှာရေးထားတာက အဆွေတော် အင်းဝဘုရင် မိုးညှင်းစော်ဘွားနဲ့ ပြည်ဘုရင်တို့ အရေးကြောင့် စစ်ရေးမလှဘဲရှောင်တိမ်းနေရသည်ဖြစ်သော်လည်း ပြည်ဘုရင်နှင့်မိုးညှင်းစော်ဘွားတို့ကို အရေးယူတွန်းလှန်ခြင်း မပြုဘဲ အဘယ့်ကြောင့် ဆီးစို့ရန်မူလေသနည်း

ကေတုမတီစံနန်းကို ၃နှစ်မျှ ဝိုင်းရံလုပ်ကြံသော်လည်း ရမည်မဟုတ် မိမိသည် အင်းဝဘုရင်ရဲ့ ဂုဏ်သရေကို ငဲ့တွက်ကာ ခန္ဓီတရားစွဲကိုင်၍ ထွက်တိုက်မည်မဟုတ်ကြောင်းအစရှိသဖြင့် ပါရှိပါတယ်။

ဒီစာလွှာကိုရသွားတဲ့အခါ နရပတိမင်းဟာ အုန်းပေါင်စော်ဘွားကို လက်ဆောင်ပဏ္ဍာတွေအများကြီပေးပြီး နေရပ်ကိုပြန်ခိုင်းသလို သူကိုယ်တိုင်လည်း အင်းဝနန်းတော်ကို ပြန်လာခဲ့ပါတယ်။

သို့ပေမယ့် ထွက်ပေါ်လာခဲ့တဲ့ တဘောင်အရ ဂငယ်၃ခု ဥသျှစ်ထု ဆိုတဲ့အတိုင်း မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်မှာ အင်းဝကို မိုးညှင်းစော်ဘွားစလုံနဲ့ သူ့သားသိုဟန်ဘွားတို့ တိုက်တဲ့အတွက် အစဥ်လာကြီးမားခဲ့တဲ့ အင်းဝဟာ အစိပ်စိပ်အမွှာမွှာကွဲပြီး ရှမ်းတွေအောက်ကျရောက်ခဲ့ပါတယ်။ ရှမ်းခေါင်းဆောင် သိုဟန်ဘွားက အင်းဝမှာနန်းတတ်ပြီး ဗမာခေါင်းဆောင် မင်းကြီးရန်နောင်နဲ့ အင်းဝကို ပူးတွဲအုပ်ချုပ်ကြပေမယ့် ရှမ်းတွေအုပ်ချုပ်တာမကြိုက်ကြတဲ့ မျိုးချစ်လူငယ်တွေဟာ မင်းကြီးညိုထံအမှု့ထမ်းဖို့ တောင်ငူဆီ အများအပြားခိုလှုံလာကြပါတယ်။

အင်းဝဟာ ရှမ်းတွေအောက်ကျသွားတဲ့ အချိန် တပင်ရွှေထီးဟာ အသက် ၁၀သာရှိသေးပါတယ်။ မင်းကြီးညိုဟာ ပိုပြီးနယ်မြေကျယ်ပြန့်ကာစစ်ဘီလူးဖြစ်လာတဲ့ ရှမ်းတပ် ၊ကျားချောင်းသလိုချောင်းနေတဲ့ ပြည်စား သတိုးမင်းစော နဲ့  တစ်ချိန်လုံးစစ်ပြင်နေတဲ့မွန်ဘုရင် သုရှင်တကာရွတ်ပိတို့နဲ့ ပိုခက်ခဲတဲ့ တိုက်ပွဲကိုတိုက်ရမှာဖြစ်တဲ့အတွက် မိမိနိုင်ငံတွင်းမှာရှိတဲ့ ဆည်မြောင်းအင်းအိုင်တွေကို ပြင်ဆင်ကာ စားနက်ရိက္ခာဖြည့်တင်းခြင်း၊ စစ်သည်ရဲမက်များစုဆောင်းလေ့ကျင့်ခြင်းတို့ကို အပြင်းအထန် ကြပ်မတ်လုပ်ဆောင်ခဲ့ပါတယ်။

အင်းဝရဲ့လက်‌အောက်ခံမြို့စားအဆင့်က လွတ်မြောက်အောင်ကြိုးစားပြီး သမိုင်းမှာအင်းအားအတောင့်တင်းဆုံနဲ့ နယ်မြေအကျယ်ဆုံး ဒုတိယမြန်မာနိုင်ငံတော်ကြီးကို အုတ်မြစ်ချပေးခဲ့တဲ့ မင်းကြီးညိုဟာ သက်တော် ၇၂ နှစ် မြန်မာသက္ကရာဇ် ၈၉၂ ခု နတ်တော်လဆန်း ၅ရက် ကြာသာပတေးနေ့မှာ နတ်ရွာစံသွားပါတယ်။

ဆိုတော့ ချာတိတ်အရွယ် အသက်၁၅နှစ်သာရှိသေးတဲ့ တပင်ရွှေထီးဟာ မင်းကြီညိုတည်ထောင်ခဲ့တဲ့ တောင်ငူထီးနန်းနဲ့ ခုန်အုပ်ဖို့အသင့်ချောင်းနေတဲ့ စစ်ဘုရင်တွေကြားမှာ ဘယ်လိုအသက်ဆက်မှာပါလဲ

နောက် video တွေမှာ ပြန်တွေ့ကြပါမယ်ခင်ဗျား

ကြည့်ရှု့ပေးတဲ့အတွက် အားလုံကိုကျေးဇူးတင်ပါတယ်။


YHNL

ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.


 အရှေ့လေနဲ့ ခေါင်းပေါင်း - ငါဟဲ့ တပင်ရွှေထီး အပိုင်း၃




Previous Post Next Post