ဘုရင့်စားပွဲနဲ့လက်မဲ

ငါ့သား တပင်ရွှေထီးနဲ့ တန်းတူမြှောက်စားထားတာကိုမထောက် မတန်ရာလာမှန်းတယ် သတ်စေ

မင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်

မင်းဆရာတော်ရဲ့မိန့်ကြားချက်ကို မင်းကြီးညိုကြားသော်လည်း မိမိပေးထားတဲ့ တပင်ရွှေထီးဆိုတဲ့ နာမည်ကို အလွန်နှစ်သက်တဲ့အတွက် ပြန်မလျှောက်ဘဲ ဆိတ်ဆိတ်သာနေပါတယ်။

တပင်ရွှေထီးကို ဖွားမြင်ပြီး ၃ရက်မြောက်တဲ့နေ့မှာ မိုးသောင်းစော်ဘွားဟာ လက်ဆောင်ပဏ္ဍာတွေနဲ့အတူ နောက်ပါအင်အား၁ထောင်နဲ့ မင်းကြီးညိုလက်အောက်ကိုခိုဝင်လာပါတယ်။ မင်းကြီးညိုဟာ ဖွားခါစ မင်းသားရဲ့ဘုန်းကြောင့် ရှမ်းတွေခိုဝင်လာတယ်လိုမှတ်ယူတဲ့အတွက် လက်ရုံးဆန့်ပြီး ငါနဲ့ ငါသား လက်ရုံး၂ပါး ပြိုင်ဆိုင်၍ လုပ်ကြံရင် ခံနိုင်ရိုးလား လို့ကြုံးဝါးတော်မူပါတယ်။

တပင်ရွှေထီးကို လွန်စာချစ်မြတ်နိုးတော်မူတဲ့အတွက် ဖွားဖက်တော်တွေနဲ့ အတူ အထိန်းတော်ကြီး၇ဦးကို အနီးကပ်ခစားစေပါတယ်။ အထိန်းတော်ကြီးတွေကတော့ မင်းကြီးဆွေ၊ ရှင်သီဟ၊ ရှင်နီတာ၊ ရှင်ပတ္တမြား၊ ရှင်နတ်တော်၊ ပြကောင်းကတော်နဲ့ စစ်ရန်အောင်ကတော်တို့ဖြစ်ပါတယ်။ ဒီအထိန်းတော်တွေဟာ တပင်ရွှေထီးရဲ့ ဘေးကင်းလုံခြုံရေးသာမက တိုင်းရေးပြည်ရာနဲ့ လောကီလောကုတ္တရာပညာတွေကိုပါ အနီးကပ်သင်ကြားပေးရသူတွေဖြစ်ပါတယ်။ အထိန်းတော်တွေထဲမှာ မင်းကြီးဆွေနဲ့ သူ့ဇနီးရှင်မျိုးမြတ်တို့ဟာ သမိုင်းမှာ အရေးကြီးတဲ့အခန်းကပါဝင်ပါတယ်။မြန်မာသက္ကရာဇ် ၈၇၇ ခု တပို့တွဲလဆန်း ၁၂ရက် ဗုဒ္ဓဟူးနေ့ နေတက်ချိန်မှာ ဘဝရှင်မင်းတရားကြီးဘုရင်နောင်ရဲ့ လောင်းလျာ ရှင်ရဲထွတ်ကို တပင်ရွှေထီးရဲ့ အထိန်းတော် မင်းကြီးဆွေနဲ့ နို့ထိန်းတော် ရှင်မျိုးမြတ်တို့ကဖွားမြင်ပါတယ်။ရှင်ရဲထွတ်ဟာ တပင်ရွှေထီးထက် ၃လကြီးပါတယ်။ ရှင်ရဲထွတ်ကို ဖွားမြင်တဲ့နေမှာ အိမ်လှေကားမှာ ထူးထူးခြားခြားပျားလာစွဲပြီး ငလျင် ၇ကြိမ်လှုပ်ပါတယ်။ တောင်ငူတစ်မြို့လုံးလည်း နေလည်အထိ နှင်းတေဝေပြီး တစ်မိုးလုံးပိတ်မှောင်နေခဲ့တာ ဖြစ်ပါတယ်။ ကလေးမွေးတဲ့နေ့မှာ မင်းဆရာတော်ဘုန်းကြီး အရှင်မဟိန္ဒဟာ အိမ်ကိုကြွလာပါတယ်။ မင်းကြီးဆွေလည်း ပြာပြာသလဲနေရာပြင်ဆင်ပြီးတော့ ဆရာတော်ကိုခစားပါတယ်။ ဆရာတော်က ဒီနေ့တွေ့ရတဲ့ အတိတ် နိမိတ်ကြီးတွေဟာ အင်မတန်ကြိုရခဲတဲ့အကြောင်းရှင်းပြနေပါတယ်။ မင်းကြီးဆွေလည်း ဆရာတော်မိန့်တာကို ဆုံးအောင်နားထောင်ပြီးတဲ့နောက် ဒီနေ့သူ့အိမ်မှာ သားယောက်ျားဖွားမြင်တဲ့ အကြောင်းနဲ့ အိမ်လှေကားမှာ ပျားစွဲတဲ့အကြောင်းကို လျှောက်ပါတယ်။ မင်းဆရာဘုန်းကြီးဟာ ကလေးရဲ့ ဥပတိရုပ်နဲ့ ဇာတာ ဂြိုလ်နတ္ခတ်တို့ကို တွက်ချက်ပြီးတော့ နာမည်ကို ရဲထွတ်လို့ပေးခိုင်းပါတယ်။ ကလေးကို ကောင်းစွာမွေးမြူဖို့ ကိုယ်လက်အင်္ဂါတွေကို တစ်ခုခုမဖြစ်အောင် သေချာပြုစုဖို့မှာကြားပြီး ဒီနေ့တွေ့တဲ့ အတိတ်နိမိတ်တွေနဲ့ ကလေးရဲ့ဇာတာကို ဖတ်ပြီး ပြန်ကြွသွားပါတယ်။ ဆိုတော့ မင်းကြီးညိုကို ဆရာတော်ဘာတွေဟာကြား သွားပါသလဲ။ဒါကာတော်မင်းကြီးဆွေ သင့်သားဟာ မုချ ဧကရာဇ်မင်းတစ်ပါးဖြစ်လိမ့်မယ်။ လှေကားပျားစွဲတယ်ဆိုတာက  သင့်သားကြီးလာတဲ့အခါ သူ့ခြေဖဝါး‌အောက်ကို နိုင်ငံများစွာက ခိုလှုံလာပြီး တိုင်းသူပြည်သားအပေါင်းရဲ့ မှီခိုရာဖြစ်လာလိမ့်မယ်။ ငလျင်လှုပ်တယ်ဆိုတာက ခုမွေးတဲ့ကလေးရဲ့ဘုန်းတန်ခိုးကို ကမ္ဘာမြေကြီးက သက်သေတည်တာဖြစ်တယ်၊ ဗုဒ္ဓဟူးနေမှာ မြေငလျင်ခုနှစ်ကြိမ်လှုပ်ခါတာက မြေပြင်အားလုံကိုအစိုးရပြီး ထီးဆောင်းနင်းအပေါင်းရဲ့  ဦးခိုက်ခံရတဲ့ ဆင်ဖြူရတနာတို့ရဲ့အရှင်ဖြစ်လိမ့်မယ်။ ဆီးနှင်းတွေဝေပြီး မှောင်အတိဖုံးနေတာက သူအုပ်ချုပ်တဲ့တိုင်းပြည်ဟာ အေးချမ်းသာယာပြီး စည်ပင်သာယာဝပြောမှာဖြစ်တယ်

ဒီနေရာမှာ အဲဒိခေတ်ကထွက်ပေါ်လာခဲ့တဲ့ သိုက်တပေါင်ကိုတစ်ဆက်တည်းဖော်ပြပေးလိုက်ပါတယ်။

-ညီနောင်မြတ်စော အရှေ့တော

 ကျောက်ဆောင်ရှင်ပင် အနောက်ခွင်

 လူရှင်ကြည်ဖြူ မြို့တောင်ငူ

 

-ခပေါင်းချောင်းနှင့် ပေါင်းလောင်းတစ်ခွင် လွန်စည်ပင်

 ပြည်ခွင်တိုင်းကြီးတည်လတ္တံ

 

-ဆင်ဖြူသုံးစီး ဘုန်းတန်းကြီး

 နေမီးတန်ဆောင် ထွန်းလတ္တံ

 

-အနောက်ယော၊ဆော အရှေ့မော

 တောတောင်သာယာ သာသနာ ရောင်ဝါထိန်ထိန် လင်းလတ္တံ

 

-နောင်ဆုံးဆင်ကြီး စွယ်စုံညီး

 အမြီးသွယ်ကာ ဖားလတ္တံ။

ဆိုတော့ အတိတ်ဆုတောင်းနဲ့ဘုန်းကြီးတဲ့ တပင်ရွှေထီး တဘောင်နဲ့လာတဲ့ ရှင်ရဲထွတ် သူတို့ငယ်ဘဝက ဘာတွေဆက်ဖြစ်မှာပါလဲ

ရှင်ရဲထွတ်ရဲ့မိခင် ရှင်မျိုးမြတ်ဟာ ရုပ်သွင် ကြည်လင်ကာ ကျန်းမာသန်စွမ်းပါတယ်။ မိန်းမကောင်းအင်္ဂါတွေနဲ့ ပြည့်စုံတဲ့အတွက် မင်းကြီးညိုဟာ တပင်ရွှေထီးရဲ့ နို့တိုက်မိခင်အဖြစ်ခန့်အပ်ပြီး နန်းတော်အနီးမှာ အိမ်ကြီးတစ်ဆောင် ချီးမြင့်ပါတယ်။ ရှင်ရဲထွတ်နဲ့နို့စို့ဖက်ဖြစ်တဲ့ တပင်ရွှေထီးဟာ ရှင်မျိုးမြတ်ကို သူ့မိခင်အရင်း လို ချစ်တဲ့အတွက် အခြားအထိန်းတော်တွေထက် ပိုပြီးအနေနီးပါတယ်။ ရှင်ရဲထွတ်နောက်မွေးတဲ့ ခင်ဘုန်း၊ တပင်ရွှေထီးအရင်မွေးတဲ့ ခင်ခင်ကြီး တို့ဟာညီအမအရင်းတွေလိုချစ်ကြသလို တပင်ရွေထီးနဲ့ ရှင်ရဲထွတ်ဟာလည်း အကိုကြီးနဲ့ညီလေးဆက်ဆံရေးဖြစ်ပါတယ်။ ဒီလိုမောင်နှမဆက်ဆံရေးဟာ အချိန်တစ်ခုကို ဖြတ်ကျော်သွားတဲ့အခါ အရောင်တွေပါလာခဲ့ပါတယ်။ ဘုရင်သားတော်တပင်ရွှေထီးက ရှင်ရဲထွတ်ရဲ့ညီမ ခင်ဘုန်းကိုကြိုက်တာက အပြစ်မရှိပေမယ့် အထိန်းတော်ရဲ့သား ရှင်ရဲထွတ်က ဘုရင်သမီးတော် ခင်ခင်ကြီးကို ကြိုက်တဲ့အခါမှာတော့ ရာဇဒဏ်သင့်သွားပါတယ်။ အကြောင်းကတော့ မင်းကြီးညိုသိသွားတဲ့အခါ အလွန်ဒေါသထွက်ပြီးတော့ ငါ့သား တပင်ရွှေထီးနဲ့ တန်းတူမြှောက်စားထားတာကိုမထောက် မတန်ရာလာမှန်းတယ် သတ်စေ  လို့အမိန့်ထုတ်ပါတယ်။

ရှင်ရဲထွတ်လည်း အန္တရယ်ကို ကြိုတွေးမိတဲ့အတွက် မင်းကြီးညိုကိုးကွယ်တဲ့ မင်းဆရာတော် အရှင်မဟိန္ဒကျောင်းကို ပြေးပါတယ်။ မင်းမိန့်ထုတ်လိုက်တဲ့အတွက် စစ်ကဲတွေနဲ့ ရဲမက်တွေဟာ ရှင်ရဲထွတ်ကို သတ်ဖို့ ဘုန်းကြီးကျောင်းကိုရောက်လာပါတယ်။ ခက်တာက ဘုရင်ကိုးကွယ်တဲ့ ဆရာတော်ဖြစ်တဲ့အတွက် ဘာမှမလုပ်ရဲတဲ့ဘဲ အခြေအနေကို ကြည့်ပြီး ဘုရင့်ဆီပြန်လျောက်ကြပါတယ်။ အင်းဝနဲ့ မောရှမ်းတွေ တောင်ငူကိုတိုက်ဖို့ကြံနေချိန်ဖြစ်တဲ့ အတွက် မင်းကြီးညိုလည်း ဆိတ်ဆိတ်သာနေပြီး ရင်ထဲမှာတော့ တေးထားပါတယ်။

မင်းဆရာအရှင်မဟိန္ဒဟာ အရှည်ကို မျှော်တွေးတဲ့အတွက် ရက်ချုပ်ဇာတာကိုပေးပြီး မင်းကြီးညိုဆီသွားဖို့ ရှင်ရဲထွတ်ကို စေလိုက်ပါတယ်။ ရှင်ရဲထွတ် နန်းတော်မှာ အဖမ်းခံရပြီး မင်းကြီးညိုရှေ့ရောက်တာနဲ့ ဒီလိုလျောက်ပါတယ်။

ဘုန်းတော်ကြီးတော်မူသော မင်းတရားကြီးက တစ်ချက်လွှတ်အမိန့်ထုတ်ကာ ရှင်ရဲထွတ်ကို ဖမ်းဆီးဆက်သစေဆိုတဲ့ အတိုင်း အမိန့်တော်မြတ်ကို ဦးထိပ်မှာ ပန်ဆင်သောအားဖြင့် ဘုရားကျွန်တော်မျိုး၏ကိုယ်ကို ကျွန်တော်မျိုးဖမ်းဆီးပြီး ခြေတော်ရင်းသို့ အရောက်ဆက်သကြောင်းပါ အလိုရှိသလို စီရင်တော်မူပါဘုရား ပေးတော်မူတဲ့ ရာဇဝတ်တော်ကို ပန်းကုံးအသွင် လည်တွင်ပန်ဆင်၍ ရွှင်လန်းစွာ ခံယူလိုကြောင်းပါဘုရား..

မင်းကြီးညိုဟာ သေချာစေ့စေ့ကြည့်ပြီးတော့

ဟဲ့ ရဲထွတ် နင်တယ်ရဲ့သလား တကယ်ဘဲ နင်သေရဲသလော လို့မေးပါတယ်။

တစ်ချက်လွှတ်အမိန့်နဲ့ အုပ်ချုပ်တဲ့ ဘဝရှင်မင်းတရားကြီးရဲ့ အမိန့်ဟာ အေးစက်ပြီး ပြတ်သားနေပါပြီ ဘုရင့်သမီးတော်ကိုသွားကြိုက်တဲ့ ရှင်ရဲထွတ် ဘယ်လိုပြန်လျှောက်မှာပါလဲ

မှန်လှပါ အရှင်မင်းကြီး ကွပ်မျက်တော်မူလျှင် မငြိုငြင်ပဲ ရွှင်လန်းစွာ သေဝံ့ကြောင်းပါ။ ကျွန်တို့မည်သည် အရှင်၏စီရင်ရာကို ဝမ်းမြောက်စွာခံယူရစမြဲပါ။ သတ်ထိုက်သည် မသတ်ထိုက်သည်ကို စဉ်းစားဆင်ခြင်တော်မူရန် ကျွန်တော်မျိုး၏ဇာတာကို ရှု့စားတော်မူစေလိုပါသည်ဘုရား

မင်းကြီးညိုဟာ ရှင်ရဲထွတ်ရဲ့ဇာတာကို ကြည့်တဲ့အခါ နောင်မှာ ဘုန်းတန်းခိုးအထွတ်အထိပ်ရောက်မဲ့ မင်းလောင်းဖြစ်တယ်ဆိုတာကို သိသွားပါတယ်။ အကယ်လို့ ရဲထွတ်ကို သတ်လိုက်မယ်ဆိုရင် သူ့သားတပင်ရွှေထီးရဲ့ထီးနန်းအတွက် ရန်စွယ်ရှင်းသွားမှာဖြစ်ပေမဲ့ သူမရှိတော့တဲ့ နောင်တစ်ချိန်မှာ မြန်မာတွေအားထားမှီခိုရာဖြစ်လာနိုင်မဲ့အရေးကိုတွေးပြီးတော့ သူ့အမိန့်ကိုပြန်ရုပ်သိမ်းလိုက်ပါတယ်။

အဲနောက်မှာ မင်းကြီးညိုဟာ သူကိုင်တဲ့ ကျောက်စီဓါးကို ထုတ်ပြီးတော့ ဒီလက်သုံးတော်ဓါးကို ကိုင်စွဲပြီး ငါ့သား တပင်ရွှေထီးကို အမြဲစောင့်ရှောက်ရမယ် လို့ မိန့်တော်မူပါတယ်

ဒီအမိန့်ဟာ မင်းကြီးညို သူ့သားတပင်ရွှေထီးကိုပေးတဲ့ အကောင်းဆုံးလက်ဆောင်ပဲဖြစ်ပါတယ်

နောင်တစ်ချိန်မှာ ဘုရင်နောင်ကျော်ထင်နော်ရထာဟာ လွယ်ရမဲ့အရေးတွေကို ခက်ခဲအောင်လုပ်တာက ဒီပေးထားတဲ့ တာဝန်ကို ကျောမှာ အစဉ်ထမ်းထားတာကြောင့်ဖြစ်မယ်လို့ တချို့သမိုင်းသု‌ေတသီတွေ သုံးသပ်ကြပါတယ်။

ဆိုတော့ နောက်အပိုင်းမှာ ပြန်တွေ့ပါမယ် ခင်ဗျာ

ကြည့်ရှု့ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်


YHNL

ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.




Previous Post Next Post