ငါ့တွင့် အပြစ်မရှိဘဲ သေရတော့မယ်၊ ငါမှာ အပြစ်မရှိသည်မှန်သော် ဒီဘဝမှသေသော် နောင်ဘဝတွင် ဒင်းတို့ကို နှိမ်နင်းအံ့

အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်

ပုဂံအင်ပါယာပျက်သုံးပြီးနောက်မှာ ပထမမြန်မာနိုင်ငံဟာ ဝါးအစည်းပြေသကဲ့သို့ ပြိုကွဲသွားပြီး ပဒေသရာဇ်နိုင်ငံငယ်များ ပေါ်ပေါက်ခဲ့ကြပါတယ်။ မြောက်နှင့် အရှေ့မြောက်မှာ ရှမ်းစော်ဘွားများ၊ အလယ်မှာ ဗမာ၊ တောင်နှင့် အနောက်ဘက်မှာ မွန်နှင့် ရခိုင်တွေ အုပ်စုလိုက် မင်းပြုနေခဲ့ကြပြီး အချင်းချင်း မကြာခဏ နယ်မြေလုတိုက်ပွဲများ ဆင်နွှဲနေချိန်လဲဖြစ်ပါတယ်။ ခရစ်နှစ် ၁၃၁၂ မှာ သီဟသူဟာ ပင်းယမြို့ကို တည်ထောင်ပြီး ဧရာဝတီမြစ်တောင်ဘက် ကိုအုပ်ချုပ်သလို သူရဲ့သားတော် စောယွမ်းကလည်း ဧရာဝတီမြစ်မြောက်ပိုင်းကို အုပ်ချုပ်ပြီး စစ်ကိုင်းမြို့ကိုတည်ပါတယ်။ နှစ်ပေါင်း ၅၂ နှစ်အကြာ ခရစ်နှစ် ၁၃၆၄ မှာ မောရှမ်း တွေလာတိုက်တဲ့အတွင် စစ်ကိုင်းနှင့် ပင်းယပျက်စီးခဲ့ပါတယ်။ ဒီလိုနဲ့တိုင်းပြည်ဟာ သူတစ်လူငါတစ်မင်း အုပ်ချုပ်ပြီး ပြည်ပျက်နေချိန်မှာ  အလယ်ပိုင်းဒေသမှာတော့  သတိုးမင်းဖျားက လူသူလက်နက်စုရုံးပြီး အင်းဝမြို့ကိုစတည်ခဲ့ပါတယ်။ သတိုးမင်းဖျားနောက်ဆက်ခံတဲ့  သူ့သားတော် မင်းကြီးစော်စွာကဲလက်ထက်မှာတော့ အင်းဝဟာ အင်းအားကြီးပဒေသရာဇ်နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းမှာ အင်းဝကိုအခြေပြုပြီး အင်အားတောင့်တင်းလာသလို အောက်မြန်မာပြည်တွင်လည်း ဟံသာဝတီသားတို့ ဘုန်းတခိုးကြီးထွားလာပါတယ်။ရာဇာဓိရာဇ်မင်းလက်ထက်မှာ ၃၆ နှစ်လုံး ဟံသာဝတီနဲ့ အင်းဝ စစ်ဖြစ်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်နေသလို ပြည်သူပြည်သားတွေလည်း စစ်ဒဏ်ကို အလူးအလဲခံစားနေရပါတယ်။ ဒီလို အင်အားကြီးနှစ်နိုင်ငံအားပြိုင်နေချိန်မှာ အင်းဝလက်အောက်ခံ မြို့စားတစ်ဦးကတော့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် အသေးစိတ်ပြင်ဆင်ပြီး ရောက်လာမဲ့ အခွင့်အလမ်းကို စောင့်ဆိုင်းနေပါတယ်။ တောင်ငူမြို့ဟာ စစ်ဘေးဒဏ်နဲ့ဝေးတဲ့ စစ်တောင်းမြစ်ဝှမ်းဒေသမှာရှိတဲ့အတွက် ပြည်သူပြည်သားတွေရဲ့ခိုလှုံရာဖြစ်လာခဲ့ပြီး ၄င်းတို့အထဲမှာ အရည်အချင်းရှိတဲ့လူတော်တွေ အများအပြား ပါဝင်ခဲ့ပါတယ်။

မင်းကြီးညိုလက်ထက် တောင်ငူဟာ ရေလွှဲ ၅ခရိုင်နှင့် ပတ်ဝန်းကျင်နယ်ပယ်များကိုပါ စုရုံးနိုင်ခဲ့တဲ့အတွက် ပဒေသရာဇ်နိုင်ငံတွေကြားမှာ သတိထားဆက်ဆံရသော နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ သက္ကရာဇ် ၈၇၆ မှာ နိုင်ငံအနှံမိုးသဲထန်စွာရွာတဲ့အတွက် အင်း အိုင် ဆည် ကန်တွေ တာရိုးကျိုးပေါက်ပြီး မြို့ရွာတွေ ရေလွှမ်းခြင်းကို ရပါတယ်။ ဒီအထဲက အဆိုးဆုံးနေရာဆစ်ခုဖြစ်တဲ့ ငနွဲ့ကုန်းရွာနားမှာရှိတဲ့ ဆင်အုံကန်တော်ကြီး ကိုဆည်ဖို့အတွက်  တပ်ပါဗိုလ်လူအပေါင်းခြံရံပြီးတော့ မင်းကြီးညိုကိုယ်တိုင်ကြီးကြပ်တော်မူပါတယ်။ အဲဒိမှာ တပင်ရွှေထီးရဲ့ မိခင်ဖြစ်လာမဲ့ ငနွဲ့ကုန်းသူကြီးသမီးခင်ဦးကိုတွေ့ပြီး မင်းကြီးညိုက ရာဇဒေဝီဘွဲ့ချီးမြှင့်၍ မိဖုရားအဖြစ်တော်ကောက်ပါတယ်။  သမိုင်းမှာတော့ တပင်ရွှေထီးဟာ မွန်မင်းသား မင်းရဲကျော်စွာ ဝင်စားတယ်လို့ ဆိုပါတယ်။မင်းကြီးညိုနဲ့ ခင်ဦးမိဖုရားစက်တော်ခေါ်နေချိန်မှာ ထူးဆန်းသောအိမ်မက်ကိုမက်တယ်လို့ ဆိုပါတယ်။ အိမ်မက်ထဲမှာ ကျွန်ုပ်သည် ဓမ္မစေတီမင်း၏ သားတော် မင်းရဲကျော်စွာဖြစ်သည်ဟု ဆိုတာ အမိဝမ်းသို့ဝင်တယ်ဟု မက်တယ်လိုဆိုပါတယ်။ ဒီနေရာမှာ မွန်မင်းသား မင်းရဲကျော်စွာ အကြောင်းကို အကျဉ်း‌ပြောပြပါမယ်။ ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းဟာ မလိုသူတွေက ကုန်းတိုက်လျှောက်ထားတဲ့အတိုင်း သူ့သားမင်းရဲကျော်စွာ ဟာသူ့ကိုပုန်ကန်ဖို့ကြိုစားနေတယ်လို့ ယုံကြည်သွားပါတယ်၊ ဒါကြောင့်မင်းရဲကျ်ောစွာ ငယ်ကျွန်တွေနဲ့ မြို့ပြင်ထွက်တာကို သိသွားတဲ့အခါ ဓမ္မစေတီမင်းက ငါ့ကိုမမြင်လို၍ထွက်သွားသည်၊ ငါလည်းမမြင်လိုပြီ လို့မိန့်ပြီး ရဲမက်တွေကို လိုက်သတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ မင်းချင်းတွေကဖမ်းမိသွားတဲ့အခါမှာ မင်းရဲကျော်စွာက ငါ့တွင် အပြစ်မရှိဘဲ ယခုအသက်ကုန်ခြင်းသို့ရောက်ရပေတော့မည်၊ ငါ့တွင်အပြစ်မရှိ သည်မှန်လျှင် ဒီဘဝမှသေသော် မြန်မာမင်းတို့ဝမ်းမှာဝင်စား၍ အရွယ်ရောက်လျှင် မွန်သုံးရပ်ကို နှိမ်နှင်းအစိုးရသော မင်းဖြစ်စေသား လို့ဆုတောင်းပါတယ်။ ဝတ်ထားသော လက်ဝတ်တန်စာတွေချွတ်ပြီး ရွှေမော်ဓောဘုရားမှာ ဆုတောင်းပြီးအချိန်မှာပဲ မင်းရဲကျော်စွာ အသတ်ခံလိုက်ရပါတယ်။ ဒါကတော့ မင်းရဲကျော်စွာရဲ့မသေခင် ဆုတောင်းနဲ့ တပင်ရွှေထီးရဲ့ဘဝအစဖြစ်ပါတယ်။ နောက်ပြီးထူးဆန်းတဲ့အချက်အနေနဲ့ မိဖုရားခင်ဦး ကိုယ်ဝန် ၃လရောက်တဲ့အခါမှာ ဟံသာဝတီကမြေစေးကိုစား၍ ပြည်နဝင်းချောင်းကရေအေးကို သောက်ချင်တဲ့ ချဉ်ခြင်းကို ရပါတယ်။ဒါကြောင့် မင်းကြီးညို ကသူတို့နဲ့စစ်ဖြစ်နေတဲ့ ဟံသာဝတီနဲ့ ပြည်ကိုသွားဖို့  အတွက် စည်သူကျော်ထင်ကို အမိန့်ပေးပါတယ်။ ဒီအရေးက မင်းမိန့်ဖြစ်တဲ့အပြင် အသက်ပါပေးရမယ့်ကိစ္စကြီးဖြစ်တဲ့အတွက် စည်သူကျော်ထင်က လက်ရုံးရည်ပြည့်ဝတဲ့ သူရဲကောင်း၂ဦးကို ရွေးချယ်ပါတယ်။ သူရွေးလိုက်တဲ့ သူရဲကောင်းတွေကတော့ ဘဝရှင်မင်းတရားကြီး ဘုရင့်နောင်ရဲ့ ဖခင် မင်းကြီးဆွေနဲ့ ရှင်သီဟတို့ပဲဖြစ်ပါတယ်။ မင်းကြီးဆွေနှင့် ရှင်သီဟတို့က ခေသူတွေမဟုတ်တဲ့အတွက် အရေးကိစ္စကို အောင်မြင်စွာဆောင်ရွက်ပြီးတော့ ဘုရင်ဆီဆက်သပါတယ်။ မင်းကြီးညိုက အင်မတန် နှစ်ထောင်းအားရဖြစ်တဲ့အတွက်  သူဝတ်ထားတဲ့ ပတ္တမြားလက်ဝတ်တော်ကို ချွတ်ပြီး တစ်ကွင်းစီဆုချပါတယ်။

ဒီလိုနဲ့ ခင်ဦးမိဖုရား ကိုယ်ဝန် ၉ လကျော် ၁၀လရောက်တဲ့အခါ ကေတုမတီနန်းတော်မှာ ထူးဆန်းတဲ့ နိမိတ်ကြီးတွေဖြစ်လာတဲ့အတွက် တစ်တိုင်းပြည်လုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ပါတယ်။ တပင်ရွှေထီးဖွားမြင်တဲ့နေ့ဖြစ်ခဲ့တဲ့ နိမိတ်ကြီး ၁၄ပါးကတော့

၁-နေဝန်းမပေါ်ဘဲ မှောင်အတိကျသဖြင့် တစ်မြို့လုံးထိတ်လန့်တုန်လှုပ်ကြခြင်း

၂-အရပ်၈မျက်နှာမှ လေပြင်းမုန်တိုင်းတို့ တိုက်ခတ်ပြီး ကေတုမတီနန်းတော်သို့ ဦးခိုက်ကြခြင်း

၃-မြို့တော်တစ်ခွင်ထက်ဝန်းကျင်၌ ရှိကြသော သစ်ပင်တို့သည် လေပြင်းအဟုန်ကြောင့် အညွန့်အဖျားများကိုင်းညွတ်ကာ ရွှေနန်းတော်ဆီသို့ ဦးခိုက်ကြခြင်း

၄-လျှပ်ပန်းလျှပ်မီးတို့ ထိန်ထိန်ညီးတမျှ လင်းလက်ကြပြီး ကေတုမတီ နန်တော်သို့ မီးမောင်းထိုးပြသကဲ့သို့ရှိခြင်း

၅-မြို့တော်အရှေ့ဘက်မှ၄င်း အနောက်ဘက်မှ၄င်း ဥက္ကပျံကြီး၂လုံးတို့သည် ပျံသန်းလာကြပြီး နန်းတော်ထက်တွင် လူးလာပျံသန်းနေကြခြင်း

၆-မိုးခြိမ်းသံများ တညံညံဟိန်းလျှက် မပြတ်ရှိခြင်း

၇-မြေငလျင်အကြိမ်ကြိမ်လှုပ်၍ တော်လဲသံကြီးများ မြည်ဟီးလျက်ရှိခြင်း

၈-ဓားလှံလက်နက်အမြှောက်စိန်ပြောင်းစသည်တို့မှ အရောင်အလင်းထွက်ကြခြင်း

၉-တူရိယာ စောင်းညှင်းစသည်တို့မှ အသံအလိုလိုမြည်ကြခြင်း

၁၀-စစ်ဆင် စစ်မြင်းအပေါင်းတို့ အသံကုန်မြည်ဟီးကြခြင်း

၁၁-ပြင်းစွာသော မိုးကြီးရွာ၍ မိုးသီးများကြွေကျခြင်း

၁၂-ခပေါင်းချောင်းနှင့် ပေါင်းလောင်မြစ်ရေတို့ ချက်ချင်းလျှံတက်လာပြီး ကေတုမတီ နန်းတ်ောကျုံးဆီသို့ ရေအလျင်ဦးတည်လာခြင်း

၁၃-မြို့တော်၏ အရှေ့တောတစ်ခွင် နှင့်အနောက်တော်တောတစ်ခွင်ရှိ သစ်ပင်ကြီးတို့ထက်မှ သစ်ခွမျိုးစုံတို့ တစ်ပြိုင်နက်ပွင့်ကြခြင်း

၁၄-ကေတုမတီနန်းတော်၏ အထက်ကောင်းကင်ယံ၌ ရံဖန်ရံခါ စောင်းတူရိယံသံများ ကြားရခြင်း တို့ဖြစ်ပါတယ်။

ဒီနိမိတ်တွေဟာ မနက်အချိန်ကစပြီး ညတစ်ချက်တီးအထိ ဆက်တိုက်ဖြစ်နေခဲ့တာဖြစ်ပြီး နေဝင်၄ချက်တီးအချိန် မြန်မာသက္ကရာဇ် ၈၇၇ ခုနစ်ကဆုန်လပြည့်ကျော် ၁ရက် ဗုဒ္ဓဟူးနေ့မှာ တပင်ရွှေထီးကို ဖွားမြင်ခဲ့ပါတယ်။

မင်းကြီးညိုဟာ ထူးဆန်းတဲ့ အတိတ်နိမိတ်တွေနဲ့ မွေးဖွားလာတဲ့ သားတော်ကိုကြည့်ပြီး အင်မတန်သဘောကြတဲ့အတွက် နက္ခတ်ပညာရှင်တွေကို ဇာတာသေချာစစ်ဆေးခိုင်းပါတယ်။ မွေးကင်းစမင်းသားရဲ့ ဦးခေါင်းထိပ်မှာ ရှည်လျားပြီး ဝင်းဝါတဲ့ ဆံပင်ရှည်တစ်ချောင်းပါတာကို တွေ့ရပါတယ်၊နောက်ပြီး ရွှေထီးတွေအောက်မှာ ဖွားမြင်သူဖြစ်တဲ့အတွက် နာမည်ကို တပင်ရွှေထီးလို့ ပေးလိုက်ပါတယ်

ကဆုန်လပြည်ကျော်၂ရက် မင်းဆရာဘုန်းကြီးဟာ ကေတုမတီနန်းတော် မပင့်ဖိတ်ဘဲ ကြွလာပါတယ်။ အကြောင်းကတော့ မနေ့ကတစ်နေ့လုံးဖြစ်ခဲ့တဲ့ နိမိတ်တွေကြောင့် နန်းတော်မှာထူးခြားတဲ့အရေးကြုံပြီဆိုတာ သိတဲ့အတွက် ချက်ချင်းကြွလာခြင်းဖြစ်ကြောင်း မင်းကြီးညိုသိရတဲ့အတွက် ဝမ်းသာအားရပဲ မိဖုရားခင်ဦးက သားတော်ဖွားကြောင်းပြန်လျောက်ပြီးနာမည်ကိုတော့ တပင်ရွှေထီးလို့ပေးထားကြောင်းပြောပါတယ်။ မင်းဆရာတော်လည်းခတ္တဆိတ်ငြိမ်သွားပြီး လောက္ကတတ်ပညာအရ ဒီနာမည်ဟာ စနေနံနဲ့စပြီး စနေနံနဲ့ဆုံးတဲ့အတွက် ဒီကလေးဟာ ဗျာယဖြစ်ပြီး ပျက်စီးခြင်းဆိုက်လိမ့်မယ်လို့ဆိုပါတယ်။ ဒါဟာဘာအဓိပွါယ်လဲဆိုတော့ မင်းသားဟာ ဘုန်းကံကြီးတဲ့တွက် အမှု့ကိစ္စကြီးတွေကို လွယ်လွယ်ကူကူဆောင်ရွက်နိုင်မယ် ဒါပေမယ့် အသက်မရှည်ပဲ ငယ်ငယ်နဲ့သေပြီး ထီးနန်ဆက်ပြတ်သွားမှာဖြစ်ပါတယ်။

မင်းကြီညိုဟာ ဆရာတော်ပြောတဲ့ကိစ္စဟာ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာသာ သူကြိုသိခဲ့ရင် နောင်တရမယ့်အလုပ်မျိုးကို လုပ်မိမှာမဟုတ်ပါဘူး။ ဒါပေမယ့် မင်းကြီးမှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ အစွမ်းမရှိသလို သူပေးတဲ့နာမည်ကလည်း ကောင်းလွန်းနေပြန်ပါတယ်

ဆိုတော့ မင်းကြီးညိုဘယ်လိုပြန်လျှောက်မှာပါလဲ တပင်ရွှေထီးရော ဘာတွေဆက်ဖြစ်လာမှာပါလဲ

‌နောက် videoတွေမှာပြန်တွေ့ကြပါမယ်

ကြည့်ရှု့ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်


YHNL

ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.






Previous Post Next Post