လှိုင်းကလေးသင် 


ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက..

သည်ကမ်းယံ စေတီဦးဆီသို့

ဖူးမြော်ရန် ရောက်လာရင်းပေလ

ဘော  အိုအချင်း လှိုင်းကလေးသင်။


ကမ်းရောက်ပြန်တော့...

တဖြောက်ဖြောက်မြည်သံကျူ၍

နဂိုမူစွန့်ကာပစ်ပါလို့

မူသစ်တစ်ဆင်ခြယ်၍

ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီသို့

မြန်းကြွမည့်သွင်။

ဘယ်ဒေသဆီက..

သင်ကြွကာ သည်ကိုလာ၍

ဘယ်နေရာ  ဘယ်ဆိပ်ကမ်းဆီသို့

မြန်းမယ်လို့ သင်ဟန်ပြင်

ကြံချင်ဘူး သည်အရေး။

သို့ကတဲ..

စိတ်ထဲငါဆင်ခြင်ခဲ့

သင်လာစဉ် ပင်လယ်လမ်းမှာဖြင့်

မုန်တိုင်းလေ လှိုင်းရေကြမ်းသောကြောင့်

ပန်းခဲ့သူ စင်ရော်ငှက်ကိုလ

ကျောထက်ဝယ် ဆောင်ယူသယ်၍

ဖောင်သဖွယ် သင် ကူမတယ်လို့

တွေးဆကာ သည်အလွမ်းရယ်နဲ့

ဝမ်းမြောက်တယ်လေး..။



                                               ဇော်ဂျီ


လှိုင်းကလေးသင် - ဇော်ဂျီ

ကျွန်ုပ်တို့ငယ်စဉ်က သင်ကြားခဲ့သော မြန်မာစာသင်ရိုးမှ ကဗျာများကို အောက်မေ့၍ ပြန်လည်ဖတ်လိုသော စာဖတ်သူများအတွက် ရည်ရွယ်ပြီးတင်ခြင်းဖြစ်သည်။အထက်ဖော်ပြပါကဗျာသည် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ မူပိုင်ဖြစ်သည်။


YHNL



Previous Post Next Post