အလှရှိရာ
အလှရှိရာ ၊ သွားချင်ပါဟု
ခါခါမြည်တမ်း ၊ သို့ရော်ရမ်း၍
စိတ်ဝမ်းမသာ ရှိသည်တကား။
သူ့ရွာသူ့ပြည် ၊ သာလှသည်တည့်
စည်ပင်ချမ်းမြ ၊ ဝပြောစွဟု
ကြားရတိုင်းသာ ၊ လှမြေချာသို့
သွားပါလိုမိ ၊ နေမထိခဲ့။
ဤယနေ့သော်
ချမ်းမြေ့ကြည်လင် ၊ စိတ်ဝယ်ရွှင်တည့်
မြေပြင်ကျယ်ဝင်း ၊ လယ်ယာခင်းနှင့်
အင်းအိုင်မြစ်ချောင်း ၊ ရှု့မညောင်းတည့်
တောင်စောင်းတောင်ထိပ် ၊ စေတီရိပ်ဝယ်
ဆွေမိတ်တူစုံ ၊ ဖူးရတုံသော်
အာရုံသန့်စင် ၊ ကြည်ဘဝင်နှင့်
မိခင်မြေမြ ၊ သာလေစွဟု
နှုတ်ကဖန်ဖန် ၊ ဆိုမိသံသည်
မိုးယံပဲ့ထင် ထပ်လိမ့်မည်။
သူ့ရွာသူ့ပြည်၊ သာမောသည်ဟု
နှုတ်ရည်စကား ၊ နေ့တိုင်းကြားလည်း
ငါကား မတုန်လှုပ်ပြီတကား ။
ငွေတာရီ
အလှရှိရာ - ငွေတာရီ |
ကျွန်ုပ်တို့ငယ်စဉ်က သင်ကြားခဲ့သော မြန်မာစာသင်ရိုးမှ ကဗျာများကို အောက်မေ့၍ ပြန်လည်ဖတ်လိုသော စာဖတ်သူများအတွက် ရည်ရွယ်ပြီးတင်ခြင်းဖြစ်သည်။အထက်ဖော်ပြပါကဗျာသည် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ မူပိုင်ဖြစ်သည်။
YHNL