ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ ဒီစာတန်းဟာ ဆေးလိပ်ဘူးတိုင်းရဲ့အပေါ်မှာ စိတ်မချမ်းသာဖွယ် ကင်ဆာဝေဒနာသည်တစ်ဦးပုံနဲ့ ယှဉ်တွဲပြီးမြင်နေကြဖြစ်ပါတယ်။ဆိုတော့ သတိပေထားတဲ့စာတွေဟာ တစ်ကယ်ရော ထိရောက်ပါရဲ့လား။ ခုမှဆေးလိပ်စသောက်မဲ့သူတွေအတွက်ရော  မသောက်မိတော့အောင် တားဆီးပေးနိုင်ပါရဲ့လား။ ဆေးလိပ်ဖြတ်ချင်ရင် ပီကေဝါးရတယ် ဆိုတာရော တကယ်အလုပ်ဖြစ်ပါရဲ့လား။ 

အားလုံးပဲမင်္ဂလာပါဗျာ

ရန်ထီးနေလချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်

 ယနေ့ခေတ်လူ့ပတ်ဝန်ကျင်က  ယောက်ျားသား၁၀ယောက်ကို ကြည့်မယ်ဆိုရင် ဆေးလိပ်သောက်တဲ့လူ အနည်းဆုံး ၁ယောက်ပါတယ်ဆိုတာကို ချွင်းချက်မရှိလက်ခံရတော့မှာဖြစ်ပါတယ်။ လူစုလူဝေးတွေ၊ အခမ်းအနားတွေ၊ အထူးသဖြင့် Bus ကားမှတ်တိုင်တွေမှာ အမြဲတမ်းဆိုသလိုတွေ့ရမဲ့ လူတန်းစားတစ်ရပ်ပဲဖြစ်ပါတယ်။ ဆေးလိပ်သောက်တာက ပတ်ဝန်ကျင်အသိုင်းအဝိုင်းကလူတွေ မကြိုက်ကြဘူး၊ ဆေးလိပ်သောက်တာ မိမိကျန်းမာရေးရော တစ်ပါးသူကိုရော ဆိုးရွားစွာထိခိုက်စေနိုင်တယ်။ ဒါတွေကို ဆေးလိပ်သောက်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့သိပါတယ်။ ဒါဆို ကောင်းကျိုးမှမရှိတဲ့ ဆေးလိပ်ကို ဘာလို့ဆက်သောက်နေတာလဲ? ။ အဖြေကတော့ မသောက်ရမနေနိုင်လို့ပါဗျာ

ကျွန်တော်ရှေ့ဆက်ပြောမယ့် အကြောင်းတွေက ကျွန်တော် ဘာလို့ဆေးလိပ်သောက်တာလဲဆိုတဲ့အကြောင်း ကျွန်တော့အမြင်ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးရှု့ထောင်တွေ လူမှု့ရေးရှု့ထောင့်တွေနဲ့ လုံးဝမကိုက်ညီနိုင်တဲ့ အချက်တွေဖြစ်တယ်ဆိုတာ အရင်ပြောလိုပါတယ်။ 

ကျွန်တော်နဲ့ ဆေးလိပ်သောက်ဖော်သောက်ဖက်တွေကို သတိထားကြည့်တဲ့အခါ အာရုံစိုက်ပြီး စိတ်ပါလက်ပါဆော့ရတဲ့ ဂိမ်းတွေ ဥပမာ Dota ,Mobile Legend ,PUBG စတဲ့ဂိမ်းတွေကို စွဲလမ်းတဲ့လူလတ်ပိုင်းအများစုက ဆေးလိပ်သောက်တတ်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး လက်ဖက်ရည်ဆိုင်ခဏခဏထိုင်ပြီး ဘော်လုံးပွဲပါအားပေးတတ်ရင်တော့ ဆေးလိပ်သောက်နိုင်ခြေပိုမြင့်မားနေပါပြီ။ ပါးစပ်ချဉ်လို့ဆေးလိပ်သောက်တာထက် စိတ်ညစ်စရာ ဒါမှမဟုတ် တွေးစရာရှိရင် ဆေးလိပ်ပိုသောက်ဖြစ်ကြတာများပါတယ်။

ဒီနေရာမှာကျွန်တော်ဆေးလိပ်သောက်ဖြစ်ခဲ့တဲ့အဓိကအချက်တွေထဲမှာ မိဘအုပ်ထိန်းမှု့လွတ်သွားတာရယ်၊ လူငယ်တွေပြောကြတဲ့ လွတ်လပ်မှု့ဆိုတာကြီးရယ်နဲ့ ဂိမ်းကိုအရမ်းစွဲလမ်းတဲ့ အချက်တွေက အခြေခံအကျဆုံးဖြစ်ပါတယ်။

ဆေးလိပ်တစ်နေ့ကို ဘယ်နှစ်လိပ်သောက်လဲ - ကျွန်တော်တစ်နေ့ကို စီးကရက်တစ်ဘူးကုန်ပါတယ်။ ဘယ်သူကိုတိုက်တာမှမပါဘူး ကျွန်တော်တစ်ယောက်ထဲသောက်တာပါ။ စီးကရက်ထဲမှာ ကျွန်တော်အကြိုက်ဆုံးတံဆိပ်ကတော့ MEVIUS Original Blue ဖြစ်ပါတယ်။ အရပ်ထဲမှာတော့ မိုင်အီး7 ပေါ့ဗျာ။ ဖက်ကြမ်းထဲမှာတော့ တော်ဝင်နဲ့ စောင်းကောက်ကိုတော့ အကြိုက်ဆုံးဲဗျာ။

ယောက်ျားလေးတစ်ယောက်ဆေးလိပ်မသောက် ကွမ်းမစားဘူးဆိုတာက တော်တော်ခမ်းနားတဲ့ရှာဖွေတွေ့မှု့ကြီးတစ်ခုဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင်မယ် ကိုယ်ကဘာမှမမှာခင် Ruby ၂လိပ်က ခုံပေါ်ကဘူးထဲမှာထည့်ပြီးသား။ လမ်းဘေးကမုန့်ဆိုင်မှာ မုန့်ဝယ်မယ် အကြွေပိုတာနဲ့ ဆေးလိပ်ကတန်းအမ်းပြီးသား။ သူငယ်ချင်းတွေစုံတယ် ဆေးလိပ်ဘူးချပြီး သောက်တဲ့ကောင်ကပါပြီးသား။ အက်ရှင်ကားတွေကြည့်မယ် စောက်ရမ်းမိုက်တဲ့ဘဲကြီးတွေ အထာကျကျသောက်ပြတဲ့အခန်းတွေ ပါပြီးသား။ ဆိုတော့ ကျွန်တော်တို့ထိတွေ့တဲ့အရာတိုင်းနီးပါးမှာ ဆေးလိပ်နဲ့ကင်းတာရှားပါတယ် ။ 

ဆယ်ကျော်သက်အရွယ်မှာ အပြင်မှာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲမှာပဲဖြစ်ဖြစ် ခပ်လန်းလန်းဘဲကြီးတစ်ယောက် ဆေးလိပ်သောက်ပြရင် စောက်ရမ်းမိုက်တယ် စော်ကြည်တယ်လို့ ခံစားရတာဖြစ်ပါတယ်။ဒီလိုအတွေးတွေက သတိမထားမိတဲ့အချိန်မှာပဲ ကျွန်တော်တို့ မှတ်ဉာဏ်ထဲမှာစွဲထင်နေတာပဲဖြစ်ပါတယ်။

ဆေးလိပ်သောက်လို့ရတဲ့ဆိုးကျိုးတွေကတော့ အားလုံးအသိပဲဆိုတော့ ကျွန်တော်ထွေထွေထူးထူးမပြောတော့ပါဘူး။

ဆေးလိပ်ဘူးမှာပါတဲ့စာသားကို ဆေးလိပ်စွဲနေတဲ့သူတစ်ယောက်နေရာက ကျွန်တော်ဖြေပေးမှာဖြစ်ပါတယ်။  မိတ်ဆွေ သေနတ်အစစ်တစ်လက်ကို ဝယ်လိုက်ပြီဆိုပါစို့ဗျာ အဲသေနတ်အဖုံးပေါ်မှာ လူ(သို့)တိရိစ္ဆာန်ကို ပစ်ခတ်ပါက အသက်သေဆုံးနိုင်ပါသည်လို့ရေးထားမယ်ထင်ပါသလား။ ဒါမှမဟုတ် သေနတ်ကိုမြင်တာနဲ့ အန္တရယ်ရှိတယ်ဆိုပြီး တန်းပြေးမယ်ထင်ပါသလား။ ယောက်ျားလေးတွေအနေနဲ့ကတော့ သေနတ်ကိုင်လို့ရတယ်ဆိုတာနဲ့ ကိုင်ဖူးလေ့ရှိအောင် တန်းကိုင်မှာဖြစ်ပါတယ်။ ဒီလိုပါပဲ ဆေးလိပ်မသောက်ဘူးတဲ့သူက စမ်းသောက်ကြည့်ရကဇာတ်လမ်းစပါတယ်။ ဆေးလိပ်စွဲနေတဲ့သူတွေအတွက်ကတော့ ဆေးလိပ်ကို စက္ကူဘူးနဲ့ပါကင်မထုတ်ပဲ လူအရိုးခေါင်းအစစ်နဲ့ ထည့်ပြီးပါကင်ထုတ် ယခုအရိုးခေါင်းသည် ဆေးလိပ်သောက်၍သေသွားသူ၏ အရိုးခေါင်းဖြစ်ပါသည် လို့စာသားထည့်ပေးရင်တောင် သောက်မှာပဲဖြစ်ပါတယ်။

ဒါဆိုအဖြေ ရှာကြည့်ရအောင်ဗျာ အကြောင်းအရင်းကတော့ဆေးလိပ်ကြောင့်ရတဲ့ရောဂါတွေအားလုံးက လက္ခဏာတန်းမပြလို့ပဲဖြစ်ပါတယ်။ နောက်ပြီးရပ်ကွက်ထဲက ကျွန်တော်တို့နဲ့ ဆေးလိပ်သောက်ဖော်သောက်ဖက် စီနီယာကြီးတွေကလည်း အချိန်အတော်ကြာထိ အကောင်းကြီးအတိုင်းရှိတုန်းပါပဲ။ ဆေးလိပ်စမ်းသောက်တာကနေ အနည်းဆုံး လနဲ့ချီသောက်ကမှ ခန္ဓာကိုယ်မှာ သိသာလာတာက နည်းနည်းမောလာတာ သိပ်မပြေးနိုင်တဲ့ အဆင့်ပဲရှိပါတယ် ။ နှုတ်ခမ်းတွေမဲလာလို့ စသတိထားမိတဲ့အချိန်ရောက်တော့ ဆေးလိပ်သောက်တာကစွဲနေပြီ ဖြတ်ရခက်တယ်ဆိုတာ အဲအချိန်မှသိတာပဲဖြစ်ပါတယ်။ 

လူကြီးမိဘတွေ၊ ဆရာသမားတွေနဲ့ချစ်သူကောင်မလေးတွေက သတိထားမိလာပြီ ။ အရင်လို ပူရှိန်းလေးဝါးလိုက်ရင် အနံကမပျောက်တော့ဘူး။ အနံကလက်ကြားတွေနဲ့ ကိုယ်နံ့တွေပါစွဲတဲ့အဆင့်ရောက်ပါပြီ။ဒီအကြောင်းတွေက ဆေးလိပ်သောက်တဲ့သူတွေသိပြီးသားဆိုပေမယ့် ကိုယ့်မောင်နှမသားချင်း၊ ကိုယ့်ကောင်လေး ဆေးလိပ်သောက်တတ်တာကို အဲအချိန်မှ သင်စသတိထားမိမှာဖြစ်ပါတယ်။ ဒီအဆင့်မှာ သင်ဘာနဲ့ပဲခြိမ်းခြောက် သင့်ရှေ့မှာမသောက်တာပဲရှိမှာဖြစ်ပြီး ဖြတ်ရအခက်ဆုံးအဆင့်ဖြစ်ပါတယ်။ ဆိုတော့ ဆေးလိပ်ကိုဘယ်လိုဖြတ်မလဲ?

ဆေးလိပ်ဖြတ်ရင် ပီကေဝါးရတယ်၊ ချိုချဉ်စားရတယ်ဆိုတဲ့ အတွေးအခေါ်တွေဟာ ဆေးလိပ်ကိုစွဲအောင်မသောက်ဘူးပဲဖြတ်ဖို့ပြောနေတဲ့သူတွေက အများဆုံးပြောလေ့ရှိတဲ့စကားပဲဖြစ်ပါတယ်။ ဒါဆို အဲအယူအဆကအမှားကြီးလား- အဖြေကဟုတ်ပါတယ် အဲလောက်လေးနဲ့မလုံလောက်လို့ဖြစ်ပါတယ်။ အခုကျွန်တော်ဆက်ပြောမယ့် နည်းလမ်းက ကျွန်တော်ကိုယ်တိုင်ဖြတ်ခဲ့တဲ့နည်းလမ်းကိုမျှဝေသွားမှာဖြစ်တဲ့အတွက် ကျန်းမာရေးပါရဂူတွေပြောတာနဲ့ကွဲပြားမှာဖြစ်ပါတယ်

အရေးအကြီးဆုံးအချက်က ဆေးလိပ်စွဲနေသူရဲ့ စိတ်ပဲဖြစ်ပါတယ်။ သူကိုယ်တိုင်ဆေးလိပ်မသောက်ချင်တော့ဘူး ဖြတ်ချင်နေပြီလို့ ခံယူချက်ရှိနေရပါမယ်။ အခြားလူတစ်ဦးတစ်ယောက်ဖြတ်စေချင်လို့ တွန်းအားပေးလို့မဖြစ်ရပါဘူး။ဒါမှ ရှေ့ဆက်ပြောပြမယ့်အကြောင်းအရာတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ 

သင်ဆေးလိပ်သောက်တဲ့အရေအတွက်နဲ့ အချိန်ကို လျော့ချပါ - အရင်က တစ်နေ့ဆေးလိပ်၁၀လိပ်သောက်တယ်ဆိုပါဆို့။စဖြတ်မဲ့နေမှာ ထက်ဝက် ၅လိပ်ပဲသောက်ပါ။ ဘူးထဲကိုလည်း ၅လိပ်ပဲထည့်ထားပါ။ကျန်တာအကုန်သိမ်းထားပါ။ ဆေးလိပ်သောက်တဲ့အချိန် ဘာမှမလုပ်ပါနဲ့ ဂိမ်းလည်းမဆော့ပါနဲ့ ဆေးလိပ်တစ်မျိုးထဲကိုသာ အာရုံစိုက်ပြီး ငါနောက်ဆုံးသောက်ရမယ့်အလိပ်လိုသဘောထားပါ။ ဒီနေရာမှာအရေးကြီးတာက ထမင်းစားပြီးအချိန် အိပ်ရာနိုးခါစအချိန်တွေမှာ ဆေးလိပ်လုံးဝမသောက်ဖြစ်အောင်လုပ်ပါ။ အဲအချိန်တွေက ဖြတ်ရတအားခက်ပါတယ်။ အကယ်၍ မနေနိုင်ဘူးဆိုရင် ထမင်းမစားခင် သောက်ပါ။ အိပ်ရာထပြီး တစ်နာရီလောက်ကြာမှသောက်ပါ။ ၃ရက်လောက်လေ့ကျင့်ပြီးရင် ဆေးလိပ်အရေအတွက်ကိုထပ်လျော့ပါ။

သင့်ပတ်ဝန်းကျင်ကိုပြောင်းလဲပါ - ကျွန်တော့တို့မြန်မာ့လူမှု့အသိုင်းအဝိုင်းမှာ မိဘအများစုဟာဆေးလိပ်သောက်တာကို ပြင်းထန်စွာ ရှုံချပါတယ်။ ထို့အတူ ကျွန်တော်တို့ကလည်း မိဘတွေရှေ့မှာဆေးလိပ် မသောက်ကြပါဘူး ။ဆယ်ကျော်သက် မိဘနဲ့နီးတဲ့လူငယ်တစ်ယောက်အနေနဲ့ မိဘ(သို့) ကိုယ်ဆေးလိပ်သောက်တာမကြိုက်တဲ့သူနဲ့အချိန်ပေးပြီးနေပါ ။ သူတို့အလုပ်ကိုဝင်လုပ်ပါ။ လုပ်ငန်းခွင်ကလူတစ်ယောက်အနေနဲ့ကတော့ သင့်ဆေးလိပ်သောက်ဖော်တွေနဲ့မတွေ့အောင်ရှောင်ပါ။ အဆောင်မှာနေတဲ့သူငယ်ချင်းတွေအနေနဲ့ ဂိမ်းစုဆော့တာမျိုးမလုပ်ဘဲ ကိုယ့်အခန်းမှာပဲဆော့ပါ။ ၃ရက်လောက်မတွေ့အောင်ရှောင်တာနဲ့ သင်ဆေးလိပ်သောက်တာ သိသာစွာနည်းသွားပါလိမ့်မယ်။

အမြစ်ဖြတ်ခြင်း - နောက်ဆုံးအဆင့် အခက်ခဲဆုံးအပိုင်း /သင်ဆေးလိပ်တစ်နေ့ကို တစ်လိပ်ပဲသောက်တဲ့အချိန်- တစ်နေ့ကိုတစ်ဝက်ပဲသောက်အောင်လေ့ကျင်ပါ။ တစ်ရက်ပဲနေနိုင်ရင်ကိုရပါပြီ။ အချိုဓာတ်များတဲ့ဖျော်ရည်များများသောက်ပါ။ ဆေးလိပ်စွဲတဲ့သူအများစုဟာ ရေသောက်နည်းပါတယ်။ ရေများများသောက်ပါ။ နောက်နေ့ကစပြီး ပီကေဝါးပါ အချိုဓာတ်ကုန်သွားလည်းဆက်ဝါးပါ ။ ဒီနေရာရဲ့ အရေးကြီးဆုံးအပိုင်းက ဆေးလိပ်ဖြတ်ချင်ရင် ကွမ်းဝါးပါဆိုတဲ့အတွေးအခေါ်ပါ။ လုံးဝမှားယွင်းတဲ့အယူအဆပဲဖြစ်ပါတယ်- ဆေးလိပ်လည်းမပြတ်သလို ကွမ်းပါစွဲသွားပါမယ်။ ဒီနည်းအတိုင်းလုပ်ရင် သေချာပေါက် ၁ပတ်အတွင်းပြတ်မှာဖြစ်ပါတယ်။ ကျွန်တော်ဘာလို့ရက်တွေ အတိအကျမပြောသလဲဆိုတော့ လူတိုင်းသောက်တဲ့ပမာဏမတူလို့ဖြစ်ပါတယ်။ ဆေးလိပ်တစ်နေ့တစ်ဘူး သောက်တဲ့ကျွန်တော် ၈ရက်မြောက်နေ့မှာ လုံးဝပြတ်သွားပါတယ်။ ကျွန်တော့ထက် Skill ကြမ်းတဲ့သူတွေ ၊ သောက်တာသက်တမ်းနှစ်ချို့တဲ့ ရဲဘော်များကတော့ အချိန်ပိုယူလိုက်ပါ။

အဆိုးဆုံးဆေးလိပ်ဖြတ်နည်း - ၁ရက်အတွင်းပြတ်နည်း

ဒီနည်းလမ်းဟာ အန္တရယ်အများဆုံးနဲ့ အမှားနိုင်ဆုံးဖြစ်တဲ့အတွက်မလုပ်ဖို့အကြံပေးလိုပါတယ်။ နောက်ပြီး ဒီနည်းလမ်းဟာ ကွမ်းတစ်ခါမှမစားဖူးတဲ့သူအတွက်သာ အသုံးတည့်မှာဖြစ်ပါတယ်။ ကွမ်းစဝါးတဲ့သူက ကွမ်းရဲ့အရသာကိုလုံးဝမကြိုက်ပါဘူး အထူးသဖြင့် ကွမ်းရွက်ဝါးလို့ရတဲ့အနံနဲ့ ထည့်ထားတဲ့ဆေးတွေကြောင့်ဖြစ်ပါတယ်။ ဆေးလိပ်စွဲပြီး ကွမ်းလုံးဝမကြိုက်တဲ့သူအတွက်ကတော့ ကိုယ်လုံးဝမကြိုက်တဲ့ ဆေး(သို့မဟုတ်) အပြင်းစားဆေးနဲ့ ကွမ်းယာတစ်ထောင်ဖိုးဝယ်လိုက်ပါ။ ဆေးလိပ်သောက်ချင်တိုင်းကွမ်းယာဝါးပါ တောက်လျောက်မပြတ်ဝါးပါ။ သေချာပေါက် သင်ကွမ်းမူးပါလိမ့်မယ်။ အရက်မူးတာထက်စာရင် ကွမ်းမူးတာခံရအဆိုးဆုံးပဲဖြစ်ပါတယ်။ဘာလုပ်လုပ်မပြေပါဘူး။ ဆိုလိုတာကတော့ မိတ်ဆွေတစ်နေ့လုံးကွမ်းမူးပြီး အိပ်ရာထဲကထနိုင်မှာမဟုတ်ပါဘူး။ နောက်နေ့ သင်ကွမ်းနံလည်းမခံနိုင်သလို ဆေးလိပ်လည်းမသောက်ချင်တော့ပါဘူး။ တစ်ခါတည်းပြတ်သွားမှာဖြစ်ပါတယ်။ ထပ်ပြောပါမယ် ဒီနည်းလမ်းဟာ ကွမ်းစွဲသွားဖို့နည်းစပ်တဲ့အတွက် ကွမ်းမကြိုက်တဲ့သူတွေနဲ့အပြင်းဆုံးဆေးနဲ့ဝါးရမှာဖြစ်ပါတယ်။ တစ်နေ့ဆေးလိပ်မသောက်ဖြစ်တဲ့နဲ့ နောက်ရက်တွေမှာ ဆေးလိပ်မသောက်ဖို့နဲ့ ကွမ်းထပ်မဝါးဖို့အရေးအကြီးဆုံးဖြစ်ပါတယ်။

အမျိုးတွေလဲ ဆေးလိပ်ပြတ်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကိုရကြပါစေဗျာ

ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။

 နောက် video တွေမှာပြန်တွေ့ကြပါမယ် ခင်ဗျာ

ရုပ်သံကြည့်ရှု့ရန်






Previous Post Next Post