ကြာသာပတေးသားသမီးများသည်စိတ်စေတနာကောင်းပြီး ပွင့်လင်းဖြူစင်သောစိတ်ရှိသည်။လူတိုင်းကို ခင်မင်တတ်မည်။အကူအညီတောင်းခံလျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတတ်သူဖြစ်သည်။ လူအများနှင့်စည်းစည်းလုံးလုံး၊ညီညီညွတ်ညွတ်နေချင်စိတ်ရှိသူဖြစ်သည်။ လူအများ၏ခင်မင်လေးစားယုံကြည်အားကိုးခြင်းကိုခံရမည်။ထို့အတူဖြစ်လေရာဘဝ၊ ရောက်လေရာအခြေအနေတွင် ပျော်သလိုနေတတ်မည်။ စိတ်ထက်မြက်ပြီးမတရားမှု့ကို ဆန့်ကျင်မည်။ ပြောစရာရှိလျှင် ဗြောင်ပြောလွန်းသောကြောင့် လူအများစုက တခါတခါအမြင်ကပ်မည်။

သင်သည်ခံစားချက်များကို ရင်ဖွင့်တတ်သော်လည်း လုပ်ရမည့်အလုပ်နှင့်ပတ်သက်လျှင် အလွန်လျှို့ဝှက်တတ်မည်။ သင်ဘာလုပ်မည်ဆိုတာကို မည်သူမျှမသိနိုင်ကြ။ အလုပ်ကိုအပင်ပန်းခံလုပ်နိုင်သည်။ ကြိုးစားမည်။သို့သော်လူအများကပေါ့သည် ပျင်းသည်ဟုထင်နေတတ်ကြသည်။ကြိုးစားသလောက်အရာမထင်ဖြစ်တတ်သည့် ကံမျိုးကြုံရတတ်သည်။အလုပ်ကို ပြတ်ပြတ်သားသားမလုပ်ခြင်းကြောင့်လည်း ဒုက္ခကြုံရတတ်သည်။ဒုက္ခကြုံလျှင်ဖြစ်စေ၊ ပျော်စရာကြုံသည်ဖြစ်စေ ကံကိုပုံချတတ်သောစိတ်မျိုးရှိသည်။

သင်သည်လက်ထဲတွင်ငွေအနည်းငယ်ရှိနေလျှင် အလုပ်လုပ်ချင်စိတ်ရှိမည်မဟုတ်။ မနက်ဖြန်အတွက်ကို တွေးပူနေတတ်သူမဟုတ်။လက်ထဲငွေရောက်လျှင်လည်း ဘာမှမည်မည်ရရမဟုတ်ဘဲကုန်နေတတ်မည်။ငွေထက် ပစ္စည်းကိုပိုစုဆောင်းသင့်သည်။စကားပြောရာတွင်နူးညံ့သိမ်မွေ့မည်။ ကြည့်လိုက်လျှင် မပြောတတ်သလိုနှင့် တကယ်တမ်းပြောလျှင် အကွက်ကျကျပြောတတ်ဆိုတတ်သည်။တဖက်သားကိုသာသာနှင့်နာနာထိမိအောင်ပြောဆိုတတ်သည်။

လုပ်မည်ဟုဆုံးဖြတ်ထားသော အလုပ်တစ်ခုကိုရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေလုပ်မည့်လူမျိုးဖြစ်သည်။ မိမိမှလွဲလျှင်သူတစ်ပါးကို မယုံကြည်တတ်ပါ။ လက်တွေ့ဆန်သည်။ကိုယ်တိုင်မသိဘဲမြင်ဘဲ ဘာကိုမှလက်မခံတတ်ပါ။ အလုပ်လုပ်ရာတွင်မိမိကျွမ်းကျွင်ရာလုပ်ငန်းမျိုးကိုသာရွေးချယ်လုပ်ကိုင်မည်။ အနုပညာလုပ်ငန်း၊စာပေ၊စစ်ဘက်ဆိုင်ရာအလုပ်များအကျိုးပေးမည်။

ဗုဒ္ဓဟူး၊စနေ၊တနင်္ဂနွေသားသမီးများအကျိုး‌ပေးမည်။ကျန်နေ့သားသမီးများက သင့်ကိုခိုင်းကောင်းကောင်းနှင့်ခိုင်းပြီးနောက် အကျိုးအမြတ်ရလျှင်၎င်းတို့သာရရှိခံစားသွားမည်။

ဘဝတွင်ပညာရေးနှင့်ပတ်သက်လျှင်ကံကောင်းပါမည်။အသက် ၁၉နှစ်အထိဆက်တိုက်အလွယ်တကူအောင်မြင်ပါလိမ့်မည်။ပညာကိုသာစိတ်ပါဝင်စားပြီးဆုံးခန်းတိုင်သင်ကြားလျှင်ဘွဲ့၊ဒီဂရီကြီးကြီးမားမားကြီးများရရှိနိုင်ပါသည်။

အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်ကောင်းနှင့်တွေ့ဆုံပေါင်းသင်းရပါလိမ့်မည်။သင့်ကလည်းအိမ်ထောင်ဘက်စကားကို နားထောင်သလိုသူကလည်းသင့်စကားကိုလိုက်နာပါသည်။

ယောက်ျားဖြစ်ပါက မိန်းမလိုက်စားခြင်းကိုရှောင်ကျဉ်ပါ။ကာလသားရောဂါမျိုးကို ကြီးကျယ်စွာခံစားရကိန်းရှိသည်။

အစာမကြေရောဂါ၊ရင်ကြပ်ရောဂါ၊လိပ်ခေါင်းရောဂါတို့ဖြစ်သည်။နှလုံးတုန်မည်။ကျန်းမာရေးကိုသိပ်အရေးမထားရောဂါကျွမ်းမှကုသတတ်သဖြင့် ဒုက္ခရောက်လိမ်မည်။

၃၁ကျော်မှကံပွင့်တတ်ကြသည်။ ၃၇,၄၇,၄၉,၅၃,၅၄,၅၆,၅၇ နှစ်များကံညံတတ်ပါသည်။

 

မင်းဒေဝ - ဘဝတစ်သက်တာဟောကိန်းများ






Previous Post Next Post