အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

ဟံသာဝတီ-ရခိုင်စစ်ပွဲအစ မော်တင်စွန်းတိုက်ပွဲမှာရခိုင်ရေတပ်ရှုံးပြီး ဘုရင်တပ်စခန်းချထားတဲ့ သံတွဲကိုဆုတ်ခွာလာကြပါတယ်။ သံတွဲမှာအထိုင်ချထားတဲ့ရခိုင်ဘုရင်အနေနဲ့ မင်းအောင်လှကိုတိုက်ပြီးကတည်း ခံစစ်ပြင်ထားတဲ့အတွက် ဒီတိုက်ပွဲမှာ နှစ်ဘက်တပ်တွေအပြင်းအထန်တိုက်ခိုက်ကြဖို့ရှိနေပါတယ်။

အခြားတစ်ဘက်မှာ တပင်ရွှေထီးနဲ့ဘုရင့်နောင် ကုန်းကြောင်းရေကြောင်းကတပ်တွေကိုဦးစီးပြီး သံတွဲကိုတိုက်ဖို့အပြင်းချီတက်လာနေပါပြီ။

 သံတွဲမှာရှိနေတဲ့ရခိုင်ဘုရင်အနေနဲ့ ခံချဖို့ပြင်ထားရာက မှူးမတ်တွေရဲ့လျှောက်တင်ချက်အရ သံတွဲမြို့စားဟာ ဒီနယ်မြေမှာ အချိန်အတော်ကြာအုပ်ချုပ်ခဲ့တဲ့အတွက် သံတွဲသားအများစုဟာ နှစ်ဘက်စစ်ဖြစ်တာနဲ့ မင်းအောင်လှဘက်ကို သစ္စာခံဖို့ရှိနေတယ်လို့ဆိုပါတယ် နောက်ပြီး သူ့အခြေစိုက်ပင်မတပ်မြို့နဲ့လည်း အလှမ်းဝေးတဲ့အတွက် အကယ်လို့စစ်ပွဲမှာအခန့်မသင့်ခဲ့ရင် သံတွံမှာတင်ပိတ်မိပြီး ရိက္ခာပြတ်သွားမှာဖြစ်တဲ့အတွက် ဟံသာဝတီတပ်တွေမရောက်လာခင် ရခိုင်ကို တပ်တွေဆုတ်စေတယ်

အခြားတစ်ဖက်မှာ သံတွဲကိုအပြင်းချီတက်လာတဲ့ဟံသာဝတီတပ်တွေ မြို့နားရောက်တဲ့အခါ မင်းအောင်လှကိုသစ္စာခံတဲ့ပြည်သူတွေ လာရောက်ခံစားအမှု့ထမ်းတဲ့အတွက် မြို့ကိုတိုက်ယူစရာမလိုဘဲ ဆုတ်ခွာသွားတဲ့ရခိုင်တပ်တွေနောက်ကိုလိုက်တိုက်ဖို့ပြင်ဆင်ပါတယ်။လိုအပ်စားနပ်ရိက္ခာဖြည့်တင်းခြင်း မြို့စားအပေါ်သစ္စာခံ့သံတွဲသားတွေနဲ့ပူးပေါင်းကာ တပ်တွေကိုပြင်ဆင်စုဖွဲ့ပြီးတဲ့နောက် သံတွဲမှာ မြို့စားမင်းအောင်လှနဲ့သံလျင်စားနန္ဒကျော်ထင်တို့ကိုမြို့စောင့်ထားကာ ဘုရင့်နောင်က ကုန်းကြောင်း တပင်ရွှေထီးကရေကြောင်းနဲ့ဆက်လက်ချီတက်ကြပါတယ်။ 

အခုလိုစစ်ချီတဲ့နေရာမှာ ကုန်းကြောင်းကချီတက်တဲ့ ဘုရင့်နောင်ရဲ့တပ်မှာ ရှေ့ပြေးတပ်ဖွဲ့တွေကိုလင်းပတော့စားကဦးစီးပြီး မြင်းတပ်မ၄ခုနဲ့ရှေ့ပြေးကင်းထောက်ချီတက်ပါတယ်။

ရှေ့ကဆုတ်နှင့်တဲ့ရခိုင်တပ်တွေက မြို့တော်နားမရောက်ခင်နှစ်စခန်းအကွာမှာ တပ်တွေကိုပြန်လည်စုစည်းပြီး နောက်ကလိုက်လာတဲ့ ဟံသာဝတီတပ်တွေကို ချုံခိုစောင့်တိုက်ဖို့ပြင်ဆင်ပါတယ်။ ရခိုင်ဘုရင်အနေနဲ့ မိမိနန်းစိုက်တဲ့မြို့တော် ကိုမရောက်ခင်  နယ်မြေအသာစီးရယူပြီး ကုန်းရေနှစ်ခုစလုံးနဲ့  တစ်ပြိုင်တည်းတိုက်ခိုက်မှာဖြစ်ပါတယ်။ အကယ်လို့ဒီအစီအမံသာအောင်မြင်မယ်ဆိုရင် နယ်မြေအစိမ်းမှာ ဟံသာဝတီသားတွေ အငိုက်မိပြီး ဦးနင်းပဲ့ထောင် ပဲနင်းဦးထောင်ဖြစ်ကာ တပင်ရွှေထီးရဲ့ကုန်းရေပူးပေါင်းတိုက်ခိုက်မှု့ဟာ အချိတ်အဆက်ပြတ်ပြီး အရေးနိမ့်သွားမှာဖြစ်ပါတယ်။

ဆိုတော့ တိုက်ပွဲဆီကိုသွားလိုက်ရအောင်ဗျာ

လင်းပတော့စားဦးစီးလာတဲ့ဟံသာဝတီရှေ့ပြေးတပ်တွေ မြို့တော်ကိုထိဖို့ နှစ်စခန်းအလိုမှာရခိုင်ကုန်းတပ်တွေနဲ့ ထိပ်တိုက်တွေ့ကြသလို ရေကြောင်းကချီတက်လာတဲ့တပင်ရွှေထီးရဲ့တပ်တွေလည်း ရခိုင်ရေတပ်နဲ့ပက်ပင်းတွေ့ကြပါတယ်။ အခုလိုနှစ်ဘက်တပ်တွေထိတွေ့ကြတဲ့အခါ ရေကြောင်းတိုက်ပွဲမှာ ဟံသာဝတီရေတပ်ကပြသနာမရှိပေမယ့် ကုန်းပေါ်ကတိုက်ပွဲမှာကတော့ အတော်ကြီးရုန်းကန်နေရပါတယ်။

 မြင်းတပ်တွေကင်းထောက်ချီတက်ရာက ဟံသာဝတီရှေ့ပြေးတပ်အငိုက်မိပြီး ခြုံခိုထားတဲ့ရခိုင်တပ်တွေနဲ့အနီးကပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပါတယ်။ ရခိုင်ဘက်က အ‌မြောက်စိန်ပြောင်း မြတပူစတဲ့အဝေးပစ်လက်နက်တွေ ကိုသေချာနေရာချပြီးပစ်ကူပေးတိုက်ခိုက်တဲ့အတွက် ဟံသာဝတီရှေ့ပြေးတပ်တွေ  အတုံးအရုံးကျဆုံးကာ နောက်ဆုံးစစ်ဦးစီးဖြစ်တဲ့လင်းပတေ့စား ကျည်သင့်ပြီး တိုက်ပွဲကျပါတယ်။

စစ်ဦးစီးကျသွားတဲ့အတွက် ဟံသာတပ်တွေဖရိုဖရဲဖြစ်ပြီး ကိုယ်လွတ်ထွက်ပြေးကြပေမယ့် အများစုဟာရခိုင်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံရပါတယ်။ ဟံသာဝတီပင်မကုန်းတပ်တွေကိုဦးစီးတဲ့ဘုရင့်နောင်အနေနဲ့ အမြောက်စိန်ပြောင်းတွေနဲ့ပစ်ခတ်သံတွေကြားကြားချင်း အပြင်းချီတက်လာခဲ့တဲ့အတွက် များမကြာသောအချိန်မှာ တိုက်ပွဲဖြစ်တဲ့နေရာကိုရောက်လာပါတယ်။

ဘုရင့်နောင်ဟာ ထွက်ပြေးလာတဲ့‌ရှေ့ပြေးတပ်တွေကိုပြန်လည်စုစည်းပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ပြင်ဆင်သလို အခြားတစ်လက်ဘက်မှာ မြင်းစီးစစ်သူရဲတွေကို တိုက်ပွဲဖြစ်တာနဲ့ရခိုင်အမြောက်တွေဆီအသေခံဝင်တိုက်ဖို့စီစ်ထားပါတယ်။ အခုလိုဘုရင့်နောင် ဟံသာဝတီတပ်တွေကိုဦးစီးပြီး သဲကြီးမဲကြီးအတင်းဝင်တိုက်တဲ့အတွက် ရခိုင်တပ်တွေအကျအဆုံးများပြီး အထိနာလာသလို မြင်းစီးစစ်သူရဲတွေရဲ့အတင်းဖောက်ဝင်တိုက်တဲ့အောက်မှာ အ‌မြောက်တပ်တွေရဲ့ပုံစံဟာ ပျက်စီးသွားပါတယ်။ ဒီလိုနဲ့နောက်ဆုံး ကုန်းတပ်ကအထိနာတဲ့အတွက် မြို့ရင်းကိုထွက်ပြေးကြသလို ရေတပ်ကလည်း  တိုက်ပွဲဖြစ်နေရာကရပ်ပြီး ချက်ချင်းတပ်ပြန်ဆုတ်ပါတယ်။ အခုလို ကုန်းတပ်ရေတပ်နှစ်ခုအပြင်းအထန်တိုက်ခိုက်ကြတဲ့ပွဲမှာ ဟံသာဝတီဘက်ကအနိုင်ရရှိပြီး ဆင်မြင်းသုံပန်းအများအပြားနဲ့ လက်နက်ခဲယမ်းတွေကိုရရှိခဲ့ပါတယ်။

ဒီတိုက်ပွဲမှာအပြီးမှာ တပင်ရွှေထီး ရခိုင်မြို့ရိုးကိုတိုက်ဖို့ပြင်ဆင်ပါတယ်။ မြို့ရိုးကိုရဲမက်တွေနဲ့ဝန်းရံပြီး စားနပ်ရိက္ခာပိတ်ဆို့ပြီးတဲ့နောက် ဟံသာဝတီတပ်တွေစတိုက်ခိုက်ကြပါတယ်။ ဒီနေရာမှာ ရခိုင်ဟာ စစ်ပွဲအတွက်အချိန်အတော်ကြာပြင်ဆင်ခွင့်ရထားတဲ့အတွက် လက်နက်ခဲယမ်းအင်အား တောင့်တင်းသလို မြေအနေအထားအရလည်း သဘာဝခံတပ်မြို့ဖြစ်နေပါတယ်။ တောင်ထိပ်မှာတည်ထားတဲ့မြို့ဖြစ်တဲ့အပြင် မြို့ကိုပတ်ထားတဲ့ကျုံးမြောင်းကျယ်ပြီး မြို့ရိုးကိုအခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်

ဒါကြောင့်တပင်ရွှေထီး ဟံသာဝတီတပ်တွေကိုအင်းအားအပြည့်နဲ့ အပြင်းအထန်တိုက်ခိုက်လုပ်ကြံပေမယ့် အရာမထင်းဘဲရှိနေပါတယ်။ သို့ပေမယ့် အခေါက်ခေါက်အခါခါမြို့ရိုးကိုလုပ်ကြံတဲ့အတွက် ရခိုင်မြို့တွင်းမှာဒဏ်ရာရရဲမက်တွေများပြားလာပြီး တပ်အင်အားချိနဲ့လာသလို စားနပ်ရိက္ခာကလည်း ပြတ်တောက်ခုဆဲဆဲအခြေအနေကိုရင်ဆိုင်လာရပါပြီ။ 

စစ်ပွဲမှာ ဟံသာဝတီတပ်တွေအတွက် မြင်းစီးစစ်သူရဲတွေဟာ တိုက်ပွဲရဲ့အခြေအနေကိုပြောင်းလဲသွားအောင်တိုက်ကွက်ဖော်နိုင်စွမ်းရှိတဲ့ ဗျူဟာအခင်းအကျင်းတစ်ခုဖြစ်သလို ရန်သူမြို့ကိုဝန်းရံပိတ်ဆို့ပြီး စားနပ်ရိက္ခာပြတ်တောက်အောင်လုပ်တဲ့ တစ်ခွေခြင်းရစ်တဲ့စစ်ဗျူဟာကလည်း ကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ််ာစေတယ်ဆိုတာ ရှေ့မုတ္တမစစ်ပွဲ ပြည်စစ်ပွဲတို့က ထင်ရှားတဲ့သာဓကတွေပဲဖြစ်ပါတယ်။

တပင်ရွှေထီးအနေနဲ့ ရဲမက်အင်အားအများအပြားအသုံးပြုပြီး အကြိမ်ကြိမ်လုပ်ကြံပေမယ့် မြို့ကိုမရတဲ့အတွက် အခုသုံးနေတဲ့တိုက်စစ်အစား နောက်စစ်ဗျူဟာတစ်ခုနဲ့အစားထိုးဖို့ပြင်ဆင်ပါတယ်။ သူ့ဗျူဟာအရ တိုက်စစ်ဖွင့်ပြီး ရဲမက်အင်အားအဆုံးအရှုံးခံမယ့်အစား ရခိုင်မြို့ရိုးနဲ့မလှမ်းမကမ်းမှာသစ်လုံးခံတပ်တည်ပြီး မြို့တွင်းကို အမြောက်စိန်ပြောင်းတွေနဲ့ ဒလက်ဆက်ပစ်ခတ်မှာဖြစ်ပါတယ်။

အခြားတစ်ဘက်မှာ တပင်‌‌ရွှေထီးဟာ ထိုးစစ်မှာရှုံးနိမ့်နေပေမယ့် တပ်တွေပြန်မဆုတ်တဲ့အပြင် သစ်လုံးခံတပ်ကနေ မြို့တွင်းကိုတစ်ချိန်လုံးမြောက်နဲ့ပစ်နေတဲ့အတွက် ရခိုင်ဘုရင်အနေနဲ့ မဖြစ်အနေရွေးချယ်ရတော့မယ့်အခြေအနေကိုဆိုက်ရောက်လာပါတယ် ။ဒီစစ်ပွဲမှာ ဟံသာဝတီဟာသံတွဲမှာအခြေစိုက်ပြီး စားနပ်ရိက္ခာနဲ့လက်နက်ခဲယမ်းတွေတောက်လျောက်ရယူပြီး ရေရေည်တိုက်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ် သို့ပေမယ့်ရခိုင်ဘက်မှာက ဒီအတောအတွင်းစုဆောင်းထားတဲ့ရိက္ခာတွေကို ရှေ့စစ်ပွဲတွေမှာထုတ်သုံးလိုက်ပြီးရန်သူအသိမ်းခံရတဲ့အတွက် ငတ်မွတ်ခေါင်းပါးမယ့်အရေးကို မဖြစ်မနေခံစားရမှာဖြစ်တဲ့အပြင် နန်းတွင်းမှာရှိတဲ့မှူးမတ်တွေကလည်း သူ့ဦးရီးတော်မင်းအောင်လှအရိပ်နဲ့မကင်းတဲ့သူတွေဖြစ်တဲ့အတွက် ရခိုင်ဘုရင်ဟာဒီစစ်ပွဲကို မြွေမသေဒုတ်မကျိုးပဲအမြန်အဆုံသတ်ဖို့ပြင်ဆင်ပါတယ်။

ဒါကြောင့်အမတ်နှစ်ဦးခေါင်းဆောင်တဲ့သံအဖွဲ့ကို လက်ဆောင်ပဏ္ဏာအများအပြားစီစဥ်ကာ ချစ်ကြည်ရေးယူဖို့ ဟံသာဝတီသစ်လုံးခံတပ်ဆီစေလွှတ်ပါတယ်။ အမတ်တွေ ဘုရင့်တဲနန်းဆီရောက်ပြီး ရခိုင်ဘုရင်ရဲ့စာလွှာဆက်သတဲ့အခါ တပင်ရွှေထီးက သံတွဲစားကို ငါမပြီး ရခိုင်မှာနန်းတင်ဖို့ အမိန့်ရှိထားသည် အရေးမပြီးသေး တစ်ပြည်လုံးရမှသာ ဒီအရေးဟာပြီးစီးလိမ့်မယ်လို့မိန့်ကာ ခံတပ်အတွင်းမှာရှိတဲ့ ဟံသာဝတီတပ်တွေရဲ့စစ်ရေးပြတာကို ကြည့်ရှု့စေပြီး ပြန်လွှတ်ပါတယ်

သစ်လုံးခံတပ်ဆီစေလွှတ်လိုက်တဲ့အမတ်၂ဦး ရခိုင်မြို့တွင်းကိုပြန်ရောက်တဲ့အခါ တပင်ရွှေထီးဟာ ချစ်ကြည်ရေးကိုလက်မခံတဲ့အပြင် ဒီစစ်ပွဲမှာဆက်တိုက်ဖို့ စစ်သည်ရဲမက်အင်အား အမြောက်အများကျန်ရှိနေသေးကြောင်းလျှောက်တင်တဲ့အတွက် ရခိုင်ဘုရင် အခက်ကြုံနေပါတယ်။ သို့ပေမယ့် ချစ်ကြည်ရေးယူဖို့အသဲအသန်လိုအပ်နေတဲ့အတွက် ဒုတိယအကြိမ်သံအဖွဲ့စေလွှတ်ပါတယ်။ ဒီသံအဖွဲ့ကို ရခိုင်မှာ ထင်ရှားကျော်ကြားတဲ့ဆရားတော်လေးပါးက ဦးဆောင်ပြီး လူအယောက်၁၀၀၀ သယ်ယူရတဲ့အထိများပြားတဲ့လက်ဆောင်ပဏ္ဏာတွေပါဝင်ပါတယ်။

ဆရာတော်တွေရောက်လာကြတဲ့အခါ တပင်ရွှေထီက အဘယ်အရေးကြောင့် ကြွလာတော်မူကြပါသလဲဘုရားလို့ လျှောက်ပါတယ်။ ထိုအခါ ဆရာတော်၄ပါးက လာရောက်ရတဲ့အကြောင်း၅ပါးကို တပင်ရွှေထီးကို မိန့်ပါတယ်။ ဆိုတော့ ဆရာတော်တွေမိန့်တဲ့အထဲ ဘာတွေပါလဲ လေ့လာကြည့်ရအောင်ဗျာ

မြန်မာ့သမိုင်းကိုလေ့လာတဲ့နေရာမှာ ဘကြီးတော်ဘုရားလက်ထက်မှာ ရဟန်းပညာရှိလူပညာရှိတွေပြုစုခဲ့တဲ့ မဟာရာဇဝင်ကြီး တနည်းအားဖြင့် မှန်းနန်းမဟာရာဇဝင်ကြီးဟာ အဓိကကျောရိုးဖြစ်ပါတယ်။

ဒီနေရာမှာ ဆရာတော်၄ပါးမိန့်တဲ့အကြောင်း၅ပါးကို မှန်နန်းရာဇဝင်ကြီးဒုတိယတွဲ စာမျက်နှာ ၂၃၁ မှာပါတဲ့အတိုင်း ဖော်ပြမှာဖြစ်ပါတယ်။



ဆိုတော့ဒီကမ်းလှမ်းချက်လိုရင်းပြောရရင် သံတွဲမြို့စားမင်းအောင်လှကို ရခိုင်ဘုရင်ကတောင်စဥ်၇ခုခိုင်ပေးပြီး ဘုရင်ခံအဖြစ်အသိအမှတ်ပြုမှာဖြစ်သလို အပြန်အလှန်အနေနဲ့ တပင်ရွှေထီးဟာ ရခိုင်နန်းထုံးတမ်းကိုမပစ်ပယ်သောအားဖြင့် ဖခင်ရဲ့ထီးနန်းကို ရခိုင်ဘုရင်အား ဆက်လက်ပိုင်ဆိုင်ခွင့်ပေးရမှာဖြစ်ပါတယ်၊ ဒီနေရာမှာအရေးပါတဲ့အချက်က အကယ်လို့တပင်ရွှေထီးမှာ အရေးကိစ္စတစ်စုံတစ်ရာဖြစ်လာခဲ့ရင် တူဦးရီးနှစ်ယောက်လုံးက အမှု့တော်ထမ်းရွက်ပါမယ်ဆိုတာကတိကဝတ်ဖြစ်ပါတယ်။

ဆိုတော့ တပင်ရွှေထီးတို့ဘက်က ဘယ်လိုတုန့်ပြန်မှာပါလဲ

အရှင်လေးပါး အရေးငါးခု - ငါဟဲ့တပင်ရွှေထီး အပိုင်း၁၉


ဆရာတော်တွေရဲ့မိန့်ကြားချက်ပြီးတဲ့အခါ တပင်ရွှေထီးက  ဇမ္ဗူ ဒိပ်ကျွန်းတစ်ခွင်ကို တပည့်တော်ကိုယ်တိုင်ချီတက်လုပ်ကြံရင် ဘယ်မင်းမှမာန်တင်းခုခံနိုင်ကြမည်မဟုတ်ပါ ။ဆရာတော်တို့အမိန့်စကားတွင် ရခိုင်ဘုရင်နဲ့သံတွဲမြို့စားဦးရီးတော်နှစ်ယောက် အမှု့တော်ကိုထမ်းပါမယ်ဆိုသောစကားသည် တပည့်တော်အရေးယူလောက်သောစကားဖြစ်သည် သို့ရာတွင် ရုတ်တရုတ် အရေးမပေးသာသေးပါ မှူးမတ်များနဲ့တိုင်ပင် စဥ်းစားရပါဦးမယ် ဆရာတော်တို့ပြန်ကြွတော်မူပါ နောက်နှစ်ရက်သုံးရက်ရှိမှ အရေးပြီးနိုင် မပြီးနိုင်ကို သိကြရမည်လို့ဆိုကာ လှူဖွယ်ပစ္စည်းတွေဆပ်ကပ်ပြီးပြန်လွှတ်ပါတယ်။

ရခိုင်အဖွဲ့တွေပြန်သွားပြီး ဘုရင့်စံနန်းမှာ မှူးမတ်စစ်ကဲတွေစုဝေးကြတဲ့အခါ တပင်ရွှေထီးက ရှေ့ဟံသာဝတီ-ပြည်စစ်ပွဲမှာ ရခိုင်ဟာ ပြည်ဘုရင်မင်းခေါင်ဘက်ကဝင်တိုက်ခဲ့တဲ့အပြင် ဟံသာဝတီရဲ့နယ်စွန်နယ်ဖျားတွေက လူသူကျွဲနွားတွေကို ဖမ်းဆီးယူငင်တာတွေ ရေကြောင်းကုန်သွယ်ရေးတွေကိုထိပါးနှောက်ယှက်တာတွေ ပြုခဲ့တယ်၊ ငါကိုယ်တော်က သံတွဲမြို့စားကို ရခိုင်ဘုရင်အဖြစ်ထားဖို့ကပြောပြီးဖြစ်နေတယ် အခုဆ၇ာတော်တွေပြောတဲ့အတိုင်းလက်ခံပြီး အမှု့တော်ကို တူဦးရီးနှစ်ယောက်လုံးထမ်းရွက်မယ်ဆိုတဲ့အပေါ်  အရေးပေးသင့်သလားလို့ မိန့်ပါတယ်။

ထိုအခါ ဘုရင့်နောင်ရဲ့ညီနန္ဒယောဓာက ကျွန်ုပ်တို့ဟံသာဝတီတပ်တွေ ရေကြောင်းကုန်းကြောင်းနဲ့ အပြင်းချီတက်ပြီး အကြိမ်ကြိမ်လုပ်ကြံမှသာ ယခုလိုချစ်ကြည်ရေးကမ်းလှမ်းတာဖြစ်ကြောင်းပါ၊ မူရင်းသံတွဲမြို့စားနဲ့သဘောတူထားတဲ့အတိုင်း အပြတ်တိုက်ပြီးမြို့စားကိုထီးနန်းပေးသင့်ကြောင်းပါဘုရား လို့ လျှောက်တင်ပါတယ်။

ဆိုတော့ ဘုရင့်နောင်ရဲ့သဘောကရော ဘယ်လိုရှိနေပါသလဲ

ဆရာတော်တို့စကားတွင်အဘမရှိလျှင် သားကိုမင်းမြှောက်ရမြဲ ထုံးစံရှိသည်ဆိုသောစကားနှင့် တူဦးရီးနှစ်ယောက်အမှု့တော်ကို ထမ်းရွက်ပါမည်ဆိုသောစကားတို့မှာ အရေးယူသင့်သောစကားများဖြစ်ကြောင်းပါ ရခိုင်ပြည်၏ထီးရိုးနန်းစဥ်ကိုလည်း ဖျက်စီးရန်မသင့်တော်တဲ့အတွက် ဆရာတော်တို့စကားအတိုင်းအရေးပေးသင့်ကြောင်းပါ သို့ရာတွင် အမှု့တော်ကိုထမ်းမည်ဆိုသောစကားကို ထိရောက်ထင်ရှားအောင်ပြသဖို့ ရခိုင်မှာရှိတဲ့ဆင်ကောင်းမြင်းကောင်းတွေနဲ့ ဒီအတောအတွင်းဖမ်းဆီးထားတဲ့လူသူလက်နက် သုံ့ပန်းတွေကို အရင်ဆက်သစေသင့်ကြောင်းပါဘုရား 

တပင်ရွှေထီးဟာ ဘုရင့်နောင်ရဲ့လျှောက်တင်ချက်ကိုသဘောတူတဲ့အတွက် စစ်ပြေငြိမ်းဖို့လက်ခံပါတယ်

ကတိကဝတ်အတိုင်း နှစ်ရက်သုံးရက်ရှိတဲ့အခါ သံတမန်ဆရာတော်၄ပါး ကြွလာကြပြီး တပင်ရွှေထီးက တူဦးရီး၂ယောက် အမှု့တော်ကိုရိုးဖြောင့်စွာ ထမ်းရွက်ပါမည်ဆိုသောစကား မှန်ကန်ပါသလော လို့မေးပါတယ်။ ဆရာတော်တွေလည်း မှန်ပါသည် ကျွန်ုပ်တို့ရဟန်းတော်များမှာ မှန်သောသစ္စာအတိုင်းပြောဆိုဝန်ခံကြဿည် ရခိုင်ဘုရင်၏သဘောအလုံးစုံကို အကုန်သိပြီးပါလို့ မိန့်ပါတယ်

ထိုအခါ တပင်ရွှေထီးက ဆရာတော်တို့စကားအတိုင်းရှိစေတော့ သို့ရာတွင် ရခိုင်မှာရှိတဲ့ဆင်ကောင်းနှစ်စီးနဲ့ ဒီကာလအတွင်းဖမ်းဆီးထားတဲ့ သုံပန်းတွေအကုန်ဆက်သရမည် ဒါ့အပြင် သံတွဲမြို့စားပိုင်ဆိုင်တဲ့ ရွှေငွေရတနာတွေကို အကြွင်းမကျန်ပြန်ပေးပြီး သံတွဲမြို့နဲ့တောင်စဥ်ခုနှစ်ခရိုင်ကိုအပိုင်စားစေရမယ်လို့ မိန့်ပါတယ်။

ဆရာတော်တွေလည်း သဘောတူပြီး မွန်အမတ်ဗျတ္တပ သမိန်စည်သူအပါအဝင်သုံ့ပန်း၅၀၀၀ကျော် ဆင်ကောင်းနှစ်စီး ကတ္တီပါ သက္ကလပ် ပိုးထည်တွေနဲ့လက်ဆောင်ပဏ္ဏာအများအပြားတွေဆက်သတဲ့အတွက် ချစ်ကြည်‌ရေးက အထမြောက်အောင်မြင်သွားပါတယ်။

နောက်နေ့ဘုရင့်နောင်ဟာ အိမ်ရှေ့မင်းတို့ရဲ့အဝတ်တန်ဆာတွေဆင်ယင်ကာ ရခိုင်မြို့တွင့်သို့ဝင်ပြီး တပင်ရွှေထီးရဲ့အမိန့်ကိုတော်ကိုကြေငြာပါတယ် ဒီနေရာမှာ ဘုရင့်နောင်ကြေငြာတဲ့တပင်ရွှေထီးရဲ့ အမိန့်တော်ကို မှန်နန်းရာဇဝင်ကြီး ဒုတိယတွဲ စာမျက်နှာ ၂၃၆ မှာ အခုလိုဖော်ပြထားတာကိုတွေ့ရပါတယ်။

ဘုန်းတော်အလွန်ကြီးမြတ်လှသော ရေမြေသခင်ဘဝရှင်မင်းတရားကြီးဘုရား အမိန့်တော်ရှိသည်

ဒီအမိန့်နဲ့တစ်ဆက်တည်းဖော်ပြထားတဲ့အကြောင်းအရာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါကတော့ ဘုရင့်နောင်တည်ထောင်ခဲ့တဲ့ဒုတိယမြန်မာနိုင်ငံတော် တစ်နည်းအားဖြင့်တောင်ငူအင်ပါယာဟာ အင်မတန်ကျယ်ဝန်းပြီး ယနေ့ခေတ်ကာလအရ ထိုင်း လာအို ကမ္ဘောဒီးယား ဗီယက်နမ် တရုတ် အိန္ဒိယစတဲ့နိုင်ငံတွေနဲ့စစ်ဖိုးပြီး နယ်မြေတွေကို တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် တောင်ငူအင်ပါယာမှာ ရခိုင်ကမပါဝင်ခြင်းမရှိခဲ့ပါဘူး

ဆိုတော့ဘာလို့မပါခဲ့သလဲဆိုတဲ့အကြောင်းနဲ့ ဒီချစ်ကြည်ရေးအပြီးဘုရင့်နောင်လက်ထက်မှာ ဘာတွေဆက်ဖြစ်ခဲ့သလဲဆိုတာကို မှန်နန်းရာဇဝင်ကြီးမှာ အခုလိုဖော်ပြထားတာတွေ့ရပါတယ်


တပင်ရွှေထီးရဲ့အမိန့်တော်ကိုပြန်ပြီးတဲ့အခါ ရခိုင်ဘုရင်က ဘုရင့်နောင်ကို ဆင်ပေါက်နှစ်စီး မြင်းကောင်းနှစ်စီး ရွှေနှစ်ပိသာ ငွေ၂၅ပိသာ နဲ့ပိုးချည်ထည်တွေကို လက်ဆောင်ပေးပါတယ်။

အမိန့်တော်ဖတ်ကြားပြီးတဲ့နောက်တနေ့မှာရခိုင်ဦးရီးတော်နန္ဒသူရိယဦးဆောင်တဲ့မှူးမတ်တွေ တပင်ရွှေထီးဆီရောက်လာကာ လူ၁၀၀၀ကျော် သယ်ယူရတဲ့ လက်ဆောင်ပဏ္ဏာတွေနဲ့ဆင်ကောင်းမြင်းကောင်းတွေကိုဆက်သပြီး ချစ်ကြည်ရေးကိုခိုင်ခံအောင်ပြုလုပ်သလို ဒီစစ်ပွဲမှာဟံသာဝတီတော်ဝင်ရေတပ်ကသုံးတဲ့ ရွှေလှော်ကားအမျိုးအစားစစ်တိုက်လှေနှစ်စီးကိုတောင်းပါတယ်။

တပင်ရွှေထီးဟာ ဦးရီးတော်ရဲ့တောင်းဆိုချက်ကိုသဘောတူပြီးတဲ့နောက် အရေးကိစ္စအားလုံးပြီးစီသွားကာ သက္ကရာဇ် ၉၀၈ခု တပို့တွဲလဆန်း၁၂ရက်မှာ ရေတပ်ကုန်းတပ်တွေကိုနှုတ်ယူပြီး သံတွဲကိုချီပါတယ်။

တပင်ရွှေထီးသံတွဲရောက်တဲ့အခါ ဗိုလ်ပါအခန်းအနားစီရင်ကာ မင်းအောင်လှကို သံတွဲမြို့နဲ့တောင်စဥ်ခုနှစ်ခရိုင်ကို ချီးမြှင့်ပြီး ဘုရင်ခံအဖြစ်ခန့်အပ်ကာ အခုလိုမိန့်ပါတယ်။


တပင်ရွှေထီးအနေနဲ့ ရခိုင်မှာအခြေအနေအားလုံးတည်ငြိမ်အောင်စီရင်ပြီးတဲ့နောက် မင်းကျော်ထင်ဦးစီးတဲ့တပ်မတစ်ခု အဲမွန်တရာဦးစီးတဲ့တပ်မတစ်ခုတို့ကို သံတွဲမှာ ၃လချထားပြီး သက္ကရာဇ်၉၀၈ခု တန်ကူးလဆန်း၅ရက်နေ့မှာ ဟံသာဝတီမင်းနေပြည်တော်ကို ပြန်‌ပါတယ်။

ယခုအပိုင်းတွေကိုဖော်ပြတဲ့နေရာမှာ အသေးစိတ်ပါစေချင်တဲ့အတွက် တစ်ပိုင်းချင်းဆီဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီအပိုင်းတွေကိုပေါင်းကြည့်မယ်ဆိုရင် သက္ကရာဇ် ၉၀၇ခုနှစ် တပင်ရွှေထီးရခိုင်ကိုတိုက်နေချိန်မှာ စစ်ကိုင်းမှာစည်သူကျော်ထင်ဟာမိုးညှင်းစော်ဘွားအထောက်အပံနဲ့အနိုင်ရပြီးဘုရင်ဖြစ်သလို အင်းဝမှာဘုရင်ခုံမှိုင်းငယ်နတ်ရွာစံပြီး သူ့သားမိုးဗြဲနရပတိဘုရင်ဖြစ်တဲ့အချိန်နဲ့ကာလတစ်ခုတည်းကျဖြစ်ပါတယ်

တပင်ရွှေထီး ရခိုင်ကပြန်လာပြီး သက္ကရာဇ်၉၀၈ခုနစ်မှာ ဟံသာဝတီ-ယိုးဒယားစစ်ပွဲအတိအလင်းဖြစ်ပွားပါတယ်

ဒီအတောအတွင်း နယ်စပ်ခံတပ်မြို့တွေကို ယိုးဒယားတွေတိုက်ခိုက်သိမ်းယူခဲ့ပေမယ့် အကြီးအကျယ်တိုက်ပွဲဖြစ်တာက ရခိုင်ကပြန်လာပြီးမှစတဲ့အတွက် တစ်ချို့သမိုင်းသုတေသီတွေက တပင်ရွှေထီးရခိုင်အရေးကို အဆောတလျင်အဆုံးသတ်ခြင်းမှာ ယိုးဒယားတပ်တွေလာကျူးကျော်တဲ့အချက်ကို ထည့်သွင်းစဥ်ရမယ်လို့သုံးသပ်ကြတာဖြစ်ပါတယ်။

ဆို‌တော့ ဟံသာဝတီ-ယိုးဒယားစစ်ပွဲမှာပြန်တွေ့ကြပါမယ်ခင်ဗျား

ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် 

Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research..

Previous Post Next Post