ကောင်းကင်မှာ ကြယ်တွေကြည်လင်စွာတောက်ပနေတဲ့ ညလယ်အချိန် ဘေဘီလုံမှဝေးကွာတဲ့ သဲကန္တာရအလယ်မှာ ကုန်သည်တစ်စု ခရီးတစ်ထောက်နားနေသည်။ ထိုလူစုထဲတွင် အသက်အရွယ်ကြီးရင့်ပြီး ခမ်းနားသော ပိုးထည်များ ဝတ်ဆင်ထားသော ကုန်သည်ကြီးကာလဗတ်သည် သူ့တပည့်များကို "ဒီနေ့ည ငါမင်းတို့ကို ရွှေထက်မက အဖိုးတန်တဲ့ အသိပညာတစ်ခုပေးဖို့ စိတ်ကူးထားတယ်။ မင်းတို့တတွေ ငါ့အပေါ်မှာ ဒီခရီးရှည်ကြီး တစ်လျှောက်လုံး တာဝန်ထမ်းခဲ့ကြတယ်။ ဒီသဲကန္တာရရဲ့ အပူရှိန်ကို မညည်းညူဘဲ ကုလားအုတ်တွေကို ကောင်းကောင်းဂရုစိုက်ခဲ့ကြတယ်၊ ဒါကြောင့် မင်းတို့သိဖူးကြားဖူးမှာမဟုတ်တဲ့ စီးပွားရေးမှာ အောင်မြင်စေတဲ့ ဥပဒေသ ငါးခုအကြောင်း ပြောပြမယ်'"

ကြာရှည်မြဲတဲ့ စည်းစိမ်ဥစ္စာ၊ ဥစ္စာရှင်ကိုစိတ်ချမ်းသာမှု့ပေးတဲ့စည်းစိမ်ဥစ္စာမျိုးက တဖြည်းဖြည်းချင်း အချိန်ယူ စုဆောင်းပြီး ရလာတဲ့ချွေးနှဲစာလိုမျိုး။ ရည်မှန်းချက်ကြီးမားတဲ့လူ၊ ဥာဏ်အမျှော်အမြင်ကြီးမားတဲ့လူတွေဆီမှာသာ စီးပွားဥစ္စာက ကြာရှည်တည်မြဲတယ်။ ဒါကြောင့် မင်းတို့ချမ်းသာကြွယ်ဝချင်တယ်ဆိုရင် ဒီဥပဒေသ ၅ရပ်ကိုသေချာမှတ်သား လိုက်နာပါ။

ဘေဘီလုံမှအချမ်းသာဆုံးလူ- စီးပွားရေးအောင်မြင်စေတဲ့ ဥပဒေသ ၅ရပ်
ပထမဥပဒေသ

မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံကို မိသားစု အနာဂတ်အတွက် သိမ်းဆည်းထားနိုင်သူတွင် စီးပွားဥစ္စာများ တိုးပွားလာမြဲဖြစ်သည်။

လူတိုင်းလူတိုင်းဟာ ကိုယ်ရတဲ့ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကိုဖယ်ပြီး အမြဲတမ်း စုဆောင်းမယ်၊ အနည်းငယ်စုမိတဲ့အခါ ဒီငွေကိုလိမ္မာပါးနပ်စွာ ရင်းနှီးမြှပ်နှံမယ်ဆိုရင် ဘယ်သူမဆို ထိုက်သင့်တဲ့ ငွေကြေးစီးပွားအစုအဝေးကို ပိုင်ဆိုင်မိလာမယ်၊ နောက်ပိုင်းမှာ ဒီငွေကြေးအစုအဖွဲ့ကနေ သူ့အတွက် ပုံမှန်ဝင်ငွေတစ်ခုဖန်တီးပေးလိမ့်မယ်၊ အကယ်၍ မတော်တဆ သူကွယ်လွန်သွားရင်တောင် ကျန်ရစ်တဲ့မိသားစုအတွက်စီးပွားရေးအရ ကြောင့်ကြမှု့ နည်းသွားမယ်။ ဒီလိုမျိုးစုဆောင်းတတ်တဲ့လူဆီမှာပဲ ပစ္စည်းဥစ္စာတွေရောက်လာတတ်တယ်လို့ ဥပဒေသကဆိုတယ်။ "ငါ့ ကိုယ်တွေ့အမှန်ပဲ ပိုက်ဆံများများရလေ နောက်ထပ်ပိုပြီး လိုက်လာလေလေပဲ၊ ဘာဖြစ်လို့လဲဆိုတော့ မူလဝင်ငွေအပြင် စုဆောင်းထားတာတွေ ထပ်ရင်းနှီးလိုက်တော့ ဝင်ငွေပိုပြီး တိုးတိုးလာတာပေါ့ ။ အဲဒီတိုးပွားလာတဲ့ ငွေအပေါ်ထပ်ထပ်ပြီးတိုးသွားတာပဲ

ဒုတိယဥပဒေသ

စီးပွားဥစ္စာဟူသည် သူ့ကို အကျိုးရှိအောင်ခိုင်းစေတတ်သူလက်တွင်း၌သာကြိုးစားလုပ်ကိုင်ပေးပြီး အဆများစွာတိုးပွားစေသည့်သဘောရှိသည်။

ပိုက်ဆံငွေကြေးဆိုတာ အလုပ်သမားတစ်ယောက်ပဲကွ၊ ရိုးရိုးအလုပ်သမားမဟုတ်ဘူး၊တက်ကြွကြိုးစားတဲ့ အလုပ်သမား။ လူတစ်ယောက်မှာရင်းနှီးလုပ်ကိုင်ဖို့ ငွေကြေးအနည်းငယ် စုမိတာနဲ့ သူ့ကို အကျိုးရှိအောင် အသုံးချနိုင်မယ့် အခွင့်အလမ်းဟာ မကြာခင် ပေါ်ပေါက်လာစမြဲပဲ၊ လိမ္မာပါးနပ်စွာနဲ့သာ ရင်းနှီးမှု့ပြုရင် အချိန်ကာလ အတန်ကြာတဲ့အခါ ငွေရင်းဟာ အဆများစွာတိုးပွားလာလိမ့်မယ်။

ဘေဘီလုံမှအချမ်းသာဆုံးလူ- စီးပွားရေးအောင်မြင်စေတဲ့ ဥပဒေသ ၅ရပ်
တတိယဥပဒေသ

စီးပွားဥစ္စာဟူသည် ကျွမ်းကျင်သူတို့၏ အကူအညီကိုယူ၍ ၎င်းတို့၏ အကြံဉာဏ်အတိုင်း ဂရုတစိုက် ရင်းနှီးလုပ်ကိုင်သူထံတွင်မှီကပ်နေတတ်သည်။

ငွေဆိုတာ သူ့ကိုဂရုမစိုက်တဲ့ ပိုင်ရှင်ဆီမှာ မနေဘဲ သူ့ကိုတန်ဖိုးထားတဲ့သူဆီမှာသာနေတတ်တာ သဘာဝဘဲ။ရင်းနှီးမြှပ်နှံတဲ့အခါမှာလည်း နားလည်တတ်ကျွမ်းတဲ့လူတွေဆီက အကြံဉာဏ်ယူပြီးလုပ်ရင် အလဟဿ ပျက်ဆီးဆုံရှုံးတာမျိုး မဖြစ်နိုင်ဘူးပေါ့။ အဲဒီအခါ ဆုံးရှုံးနိုင်ခြေနည်းပါးပြီး အကျိုးအမြတ် တိုးပွားလာတာကိုပဲ ခံစားရလိမ့်မယ်။

စတုတ္ထဥပဒေသ

စီးပွားဥစ္စာဟူသည် ကိုယ်တိုင်လည်း မကျွမ်းကျင်၊ ကျွမ်းကျင်သူတို့ကိုလည်းအားမပေးသော သူထံတွင် လျှောကျပျောက်ကွယ် သွားမြဲဖြစ်သည်။

လူတစ်ချို့ဟာ အကြောင်းအမျိုးမျိုးနဲ့ ငွေကြေးရလာတဲ့အခါ ဒါကို သေချာစနစ်တကျ မသုံးစွဲတတ်ဘူး။ တချို့ကျတော့လည်း ဒါနဲ့ရင်းနှီးလိုက်ရင်တော့ အမြတ်များများရပြီး စီးပွားဖြစ်မှာလို့တွက်ကြတယ်။ နားလည်တဲ့လူတွေရဲ့အမြင်မှာ ဆုံးရှုံးသွားနိုင်တယ်လို့တွက်တဲ့ အလုပ်မျိုးတွေကို သူတို့က မျက်စိကျနေတတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ နားလည်းနားမလည်၊ အတွေ့အကြုံကလည်းမရှိ၊ တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့လည်းမတိုင်ပင်၊ အထင်နဲ့ရမ်းလုပ်ကြတော့ ဆုံဖြတ်ချက်မှားပြီး အရှုံးတွေနဲ့ရင်ဆိုင်ရတယ်။ ဒါကြောင့်မို့ အသိဉာဏ်ရှိတဲ့လူတွေက အမှန်တကယ် နားလည်တတ်ကျွမ်းသူတွေဆီမှာ အကြံဉာဏ်ယူ နည်းယူပြီး အလုပ်လုပ်ကြတာပေါ့

ဘေဘီလုံမှအချမ်းသာဆုံးလူ- စီးပွားရေးအောင်မြင်စေတဲ့ ဥပဒေသ ၅ရပ်
ပဥ္စမဥပဒေသ

စီးပွားဥစ္စာဟူသည် လွန်ကဲစွာ အမြတ်ရလိုသူများ၊ လူလိမ် လူညာစကားနားယောင်တတ်သူများ၊ အတွေ့အကြုံနည်းပါးစွာ မဆင်မခြင် ရင်းနှီးလုပ်ကိုင်သူတို့ထံမှ ရှောင်ခွာသွားစမြဲဖြစ်သည်။

လူတစ်ယောက်မှာငွေကြေးအထုပ်အထည်လေးများရပြီဆိုရင် လောဘတက်လောက်စရာ အကြံအစည်တွေ ရောက်ရောက်လာတယ်။ ဘယ်လုပ်ငန်းမှာထည့်လိုက်ရင် ဘယ်လောက်မြတ်မှာဆိုတဲ့ မက်လောက်စရာတွေနဲ့ပေါ့၊ တကယ်တန်းကျတော့ ဘာမှဖြစ်မလာဘူး၊ ဒါတွေမှာသွားရင်းနှီးရင် ဆုံရှုံးမှု့နဲ့ရင်ဆိုင်ရမှာပဲ ၊ ဒါကြောင့် ချက်ခြင်းလက်ငင်း ကြီးပွားနိုင်တယ်ဆိုတဲ့ လုပ်ငန်းမျိုးရဲ့ နောက်ကွယ်မှာ ပျက်ဆီးဆုံးရှုံးမှု့အန္တရယ်တွေရှိနေတတ်တယ်။

အဓိကအချက်ကတော့ ချမ်းသာကြီးပွားချင်တဲ့ ဆန္ဒရှိဖို့ပဲ ။ အင်မတန် ထက်သန်တဲ့ အလိုဆန္ဒရှိမှ မင်းတို့ကိုယ့်ဘဝကိုယ် ပြောင်းလဲပစ်နိုင်မယ်။ မင်းတို့ရဲ့ပြင်းပြတဲ့ လိုအင်ဆန္ဒနဲ့ ဒီဥပဒေသငါးရပ်ကို ပေါင်းစပ်လိုက်ရင် မင်းတို့ရည်မှန်းချက်ပြည့်ဝမှာအသေအချာပဲ။ 

 

ဆရာတင်ဝင်းလှိုင် - ဘေဘီလုံမှ အချမ်းသာဆုံးလူ


YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post